အသံအိုးသည် လေပြွန်မကြီး (Trachea) ၏ အပေါ်ဖက်တွင် တည်ရှိပြီး ၎င်း၏နံရံကို ထောက်ပံ့ပေးထားသော ကြွက်သားနှင့် အခြားအစိတ်အပိုင်းများ ပျော့ခြင်းသည် မွေးရာပါရောဂါတစ်ခုဖြစ်သည်။ ထိုကလေးများသည် အသက်ရှူသွင်းချိန်တွင် အသံအိုးနံရံပျော့ပြီး လေပြွန်မကြီးကို ဖိမိခြင်းကြောင့် ဟောက်သံကဲ့သို့ အသံမြည်လာတတ်ပြီး ထိုအသံကို Stridor ဟုခေါ်သည်။ မွေးကင်းစကလေးများတွင် အဆိုပါ အသက်ရှူသွင်းသံမျိုးဖြစ်စေသည့် ရောဂါများစွာ ရှိနိုင်သော်လည်း မွေးရာပါလေပြွန်ပျော့ခြင်းသည် အတွေ့ရအများဆုံးရောဂါတစ်ခုဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အသံအိုးနံရံကို ထောက်ပံ့ပေးထားသော ကြွက်သားအားနည်းခြင်း သို့မဟုတ် အသက်ရှူသွင်းချိန်တွင် လေပြွန်၏လှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်းစသည်တို့ကြောင့် ဤအခြေအနေ ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ သို့သော် တိကျသော အကြောင်းရင်းကို မသိရှိသေးပါ။

ရောဂါလက္ခဏာများ
အဓိကလက္ခဏာမှာ အထက်ဖော်ပြပါအတိုင်း အသက်ရှူသွင်းချိန်တွင် ပေါ်လာတတ်သော ဟောက်သံကဲ့သို့ အသံမျိုးပင်ဖြစ်သည်။ မွေးရာပါအခြေအနေတစ်ခုဖြစ်သော်လည်း မွေးကင်းစကာလထက် မွေးပြီး (၁) ပတ်ခန့်တွင်မှ ပုံမမှန်အသက်ရှူသံ စကြားရတတ်ပြီး ကလေးအသက် (၂)ပတ် မှ (၄)ပတ်ခန့်တွင် ပို၍သိသာလာတတ်သည်။ အဆိုပါအသက်ရှူသံသည် အမြဲထွက်မနေတတ်ဘဲ အစာစားချိန်၊ ငိုချိန်၊ လှဲအိပ်ချိန်များတွင် ပို၍ကြားရလေ့ရှိသည်။ သို့သော် အသက်ရှူခြင်း၊ နို့စို့ခြင်းစသည်တို့ကို အနှောင့်အယှက်မပေးပါ။ ပုံမှန်အားဖြင့် ကောင်းစွာအိပ်နိုင်သည်။ မွေးပြီးလအနည်းငယ်ခန့်တွင် ပို၍ အသံကျယ်လာနိုင်သော်လည်း ကလေးအသက် (၁) နှစ်ဝန်းကျင်တွင် သက်သာပျောက်ကင်းသွားလေ့ရှိသည်။
နောက်ဆက်တွဲပြဿနာများ
မွေးရာပါလေပြွန်ပျော့ခြင်းမှန်ပါက အများစုတွင် မည်သည့်နောက်ဆက်တွဲဆိုးကျိုးမျှ မရှိပါ။ အလွန်ဆိုးဝါးသော လေပြွန်ပျော့ခြင်းမျိုးဖြစ်လာမှသာ ကလေး၏ အသက်ရှူခြင်းနှင့် ကိုယ်အလေးချိန်တို့ကို ဆိုးဆိုးရွားရွား ထိခိုက်လာတတ်သည်။ ညဖက်အိပ်နေစဉ်အသက်ရှူပုံမမှန်ခြင်းများ (Sleep disordered breathing) ပိုမိုတွေ့ရှိရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန်လိုသည်။ မွေးရာပါလေပြွန်ပျော့ခြင်းမဟုတ်ဘဲ ထိုရောဂါနှင့်မှားတတ်သော တခြားရောဂါအခြေအနေများကြောင့် ဖြစ်ပေါ်နိုင်သည်။
- အစာမျိုရခက်ခြင်း၊ အစာသီးခြင်း
- အသက်ရှူရပ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ပြာခြင်း
- အသက်ရှူလျှင် ရင်ခေါင်း၊ ရင်ဘတ်ချိုင့်ဝင်ခြင်း
- ကိုယ်အလေးချိန်မတက်ခြင်း
- နေ့စဉ်နီးပါး အစာအိမ်အက်ဆစ်ရည် ပြန်ဆန်တက်ခြင်း (Gastroesophageal reflux or Acid reflux) စသည်တို့ဖြစ်ပေါ်လာပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အထက်ဖော်ပြပါ ရောဂါလက္ခဏာများနှင့် သက်ဆိုင်သော ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ် စစ်ဆေးခြင်းတို့ဖြင့် ဤအခြေအနေကို လွယ်ကူစွာ စမ်းသပ်သိရှိနိုင်သည်။ လိုအပ်ပါက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်များနှင့်ပြသ၍ လိုအပ်သလို ထပ်မံစစ်ဆေး ကြည့်ရှူနိုင်သည်။ မွေးရာပါလေပြွန်ပျော့ခြင်းအတွက်စစ်ဆေးမှုများမလိုသော်လည်း ထိုရောဂါနှင့်မှားတတ်သော တခြားရောဂါများအတွက် ဓာတ်မှန်ရိုက်ခြင်း၊ လေပြွန်မှန်ပြောင်းကြည့်ရှုခြင်း စသည်တို့လိုအပ်နိုင်သည်။
ကုသခြင်း
ပုံမှန်အားဖြင့် ကုသမှုပေးရန်မလိုဘဲ အလိုအလျောက် ပျောက်ကင်းနိုင်သည်။ မိမိ၏မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များမှ ပုံမှန်ခေါ်ယူကြည့်ရှုပြီး အဆုတ်နှင့်အသက်ရှူလမ်းကြောင်း လက္ခဏာများ၊ ကိုယ်အလေးချိန် စသည်တို့ကို စောင့်ကြည့်စစ်ဆေးပေးလိမ့်မည်။
အစာအိမ်အက်ဆစ်ရည် ပြန်ဆန်တက်ခြင်းနှင့်အတူ စားချဉ်ပြန်ရောဂါ (Gastroesophageal Reflux Disease) အဆင့်အထိ ဖြစ်ပေါ်လာပါက ဆေးဝါးကုသမှု လိုအပ်နိုင်သည်။
အလွန်ဆိုးဝါးသော လေပြွန်ပျော့ခြင်းအခြေအနေတွင် ကလေး၏ အသက်ရှူခြင်းနှင့် ကိုယ်အလေးချိန်တို့ကို ဆိုးဆိုးရွားရွားထိခိုက်လာပါက ခွဲစိတ်ကုသမှုမျိုး လိုအပ်နိုင်သည်။ သို့သော် ခွဲစိတ်ရမည့်အခြေအနေမှာ အလွန်ရှားပြီး မွေးရာပါလေပြွန်ပျော့သောကလေးငယ်များ၏ (၂၀) ရာခိုင်နှုန်းခန့်တွင်သာတွေ့ရသည်။
ကာကွယ်ခြင်း
မွေးရာပါရောဂါ ဖြစ်သည့်အတွက် ကြိုတင်ကာကွယ်၍ မရပါ။ မွေးရာပါလေပြွန်ပျော့ရောဂါရှိနေသော ကလေးငယ်များသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများထပ်မံဝင်ရောက်ပါက လေပြွန်ပို၍ ကျဉ်းနိုင်သောကြောင့် ရောဂါပိုးများမဝင်ရောက်နိုင်ရန် ကာကွယ်ဆေးများ ထိုးနှံခြင်း၊ နှာစေးချောင်းဆိုး ဖျားနာနေသူများနှင့် အနီးကပ်နေခြင်းမှ ရှောင်ကြဉ်ခြင်းစသည်တို့လိုအပ်သည်။
References:
- Johns Hopkins Medicine. (2024). Laryngomalacia. Retrieved July 11, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/laryngomalacia
- Nemours KidsHealth. (2024). Laryngomalacia. Retrieved July 11, 2025, from https://kidshealth.org/en/parents/laryngomalacia.html
- Children’s Hospital of Philadelphia. (2024). Laryngomalacia. Retrieved July 11, 2025, from https://www.chop.edu/conditions-diseases/laryngomalacia
- Cleveland Clinic. (2024). Laryngomalacia: Symptoms, causes & treatment. Retrieved July 11, 2025, from https://my.clevelandclinic.org/health/diseases/22076-laryngomalacia
Published: 30 August 2024
Last updated: 1 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.