ခဲဓာတ်သည် သဘာဝအတိုင်း တည်ရှိနေသည့် သတ္တုတစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာပါက ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်စေနိုင်သည်။ ကလေးများ [အထူးသဖြင့် အသက် (၆) နှစ်အောက် ကလေးများ] တွင် ခဲဆိပ်သင့်ခြင်းကြောင့် ဖြစ်နိုင်သော ကျန်းမာရေး ပြဿနာများသည် ပိုမိုအန္တရာယ်များပြီး ပြင်းထန်တတ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေရုံသာမက ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်သောကြောင့် သင်ယူရခက်ခဲခြင်းနှင့် အပြုအမူဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အိမ်များတွင် ခဲဓာတ်ပါသော အိမ်သုတ်ဆေးများ သုံးစွဲခဲ့ကြသောကြောင့် ယင်းအိမ်တွင် နေထိုင်သောကလေးများသည် အက်ကွဲ၊ ကွာကျနေသော ဆေးဖတ်များမှ ခဲဓာတ်အစအနများကို မတော်တဆ ပါးစပ်ထဲထည့်မိခြင်းကြောင့် ဖြစ်စေ၊ ခဲမှုန့်များ ရှူမိခြင်းကြောင့်ဖြစ်စေ ခဲဆိပ်သင့်နိုင်သည်။
လေဆိပ်အနီးတွင် နေထိုင်သော ကလေးများတွင် အင်ဂျင်လေယာဉ်များမှ ထုတ်လွှတ်သောဓာတ်ငွေ့များ လေထဲပျံ့နှံ့ခြင်း သို့မဟုတ် မြေဆီလွှာများအတွင်း အနည်ထိုင်ခြင်းမှ ခဲဓာတ်များကို ထိတွေ့နိုင်ပြီး ခဲဆိပ်သင့်စေနိုင်သည်။
သောက်ရေသယ်ယူသော ရေပိုက်ခေါင်းအချို့တွင် ခဲပိုက်များ ဖြစ်နေခြင်း၊ ကစားစရာ အရုပ်များ၊ လက်ဝတ်ရတနာများနှင့် ရှေးဟောင်းပစ္စည်းများ ကဲ့သို့သော လူသုံးကုန်ပစ္စည်းအချို့ကို ခဲဖြင့်ပြုလုပ်ကြခြင်း၊ အချို့သောအစားအစာများ၊ အလှကုန်များနှင့် တိုင်းရင်းဆေးဝါးများတွင် ခဲဓာတ်ပါဝင်နေခြင်း၊ ဘက်ထရီလုပ်ငန်း နှင့် မှန်ဂဟေဆက်လုပ်ငန်းကဲ့သို့ ခဲအခြေခံထုတ်ကုန်စက်ရုံများအနီးတွင် နေထိုင်ခြင်း စသည်တို့သည်လည်း ခဲဆိပ်သင့်စေသော အကြောင်းရင်းများတွင် ပါဝင်သည်။
ရောဂါလက္ခဏာများ
ကာလရှည်ကြာစွာ ခဲဓာတ်ထိတွေ့မှုများသော ကလေးများ၏ သွေး၊ ကျောက်ကပ်၊ အူလမ်းကြောင်း၊ အရိုးများနှင့် ဦးနှောက်စသော အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများတွင် ခဲဓာတ်များ စုပုံလာ၍ ခဲဆိပ်သင့်သော လက္ခဏာများ တဖြည်းဖြည်း ပေါ်လာတတ်သည်။ အများအားဖြင့်_
- အန်ခြင်း
- ဗိုက်အောင့်ဗိုက်နာတတ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ပင်ပန်းနွမ်းနယ်လွယ်ခြင်း
- ဖြူဖျော့နေခြင်း
- ဝမ်းချုပ်တတ်ခြင်း
- အာဟာရ မရှိသော၊ အစားအစာ မဟုတ်သည့် ပစ္စည်းများကို စားတတ်ခြင်း (Pica)
- ကိုယ်ခန္ဓာနှင့် ဦးနှောက် ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
- သင်ယူမှု အခက်အခဲရှိခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း
- အကြားအာရုံဆုံးရှုံးခြင်း
- ကျောက်ကပ်ပျက်စီးခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်းစသည့် လက္ခဏာများစွာ ရှိတတ်သည်။
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ပင်ပန်းနွမ်းနယ်လွယ်ခြင်း
- ဖြူဖျော့နေခြင်း
- ဝမ်းချုပ်တတ်ခြင်း
- အာဟာရ မရှိသော၊ အစားအစာ မဟုတ်သည့် ပစ္စည်းများကို စားတတ်ခြင်း (Pica ဟုခေါ်သည်)
- ကိုယ်ခန္ဓာ နှင့် ဦးနှောက် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
- သင်ယူမှု အခက်အခဲ ရှိခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း
- အကြားအာရုံ ဆုံးရှုံးခြင်း
- ကျောက်ကပ် ပျက်စီးခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း စသည့် လက္ခဏာများစွာ ရှိတတ်သည်။
ကိုယ်ဝန်ဆောင်မိခင်များ ခဲဆိပ်သင့်ပါက ကိုယ်ဝန် ပျက်ကျခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်းတို့အပြင် မွေးကင်းစကလေးများတွင်_
- မွေးကင်းစ ကိုယ်အလေးချိန် နည်းခြင်း
- ကြီးထွားမှု နှေးကွေးခြင်း
- ကျောက်ကပ်နှင့် ဦးနှောက်ထိခိုက်နိုင်ခြင်း
- နောက်ပိုင်းတွင် စာသင်ကြားမှုနှင့် ဉာဏ်ရည် ထိခိုက်နိုင်ခြင်းတို့အထိ ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ခဲဓာတ်ပမာဏ နည်းပါးသည့်တိုင် ထိတွေ့မှု အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ် ထိခိုက်ပျက်စီးမှု ပိုများစေနိုင်သည်။ အထူးသဖြင့် အသက် (၆) နှစ်အောက် ကလေးများတွင် ခဲဆိပ်သင့်ခြင်းကြောင့် ဦးနှောက်နှင့် အာရုံကြော ထိခိုက်မှုများ ဖြစ်လာပါက ပြန်လည်ကောင်းမွန်နိုင်ခြေ နည်းပါးသောကြောင့် ခဲဆိပ်သင့်ခြင်း သံသယရှိလျှင် သတိထား၍ စောစီးစွာ စစ်ဆေးသင့်သည်။ ခဲဓာတ် မြင့်မားသောအဆင့်သည် ကလေးများသာမက လူကြီးများတွင်လည်း ကျောက်ကပ်နှင့် အာရုံကြောစနစ်များကို ပျက်စီးစေနိုင်သည်။ ခဲဓာတ် အလွန်မြင့်မားသောအဆင့်တွင် တက်ခြင်း၊ သတိလစ်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ လက္ခဏာများ သတိထားမိပါက (သို့မဟုတ်) ခဲဆိပ်သင့်နိုင်သည့် အခြေအနေများရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကု ဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ခဲဆိပ်သင့်သောကလေးများကို စမ်းသပ်စစ်ဆေးကြည့်လျှင် သွားဖုံးများတစ်လျှောက် Lead line ဟုခေါ်သော ခရမ်းရောင်အတန်းများကို တစ်ခါတစ်ရံ တွေ့မြင်ရတတ်သည်။
ခဲဆိပ်သင့်ခြင်း ဟုတ်မဟုတ် သွေးစစ်၍ သွေးအတွင်းမှ ခဲဓာတ်ပမာဏ (Blood lead level)ကို တိုင်းတာခြင်းဖြင့် အလွယ်တကူ သိရှိနိုင်သည်။ ခန္ဓာကိုယ်အတွက် အန္တရာယ်ကင်းသော ခဲဓာတ်ပမာဏ ဟူ၍မရှိပေ။
ခဲဓာတ်ပမာဏကို မိုက်ခရိုဂရမ်ပါဒက်စီလီတာ (mcg/dl) ယူနစ် ဖြင့် တိုင်းတာသည်။ ကလေးများ အတွက် သွေးတွင်း ခဲဓာတ် ၃.၅ မိုက်ခရိုဂရမ်/ဒီစီလီတာ (3.5 mcg/dl) ကို အန္တရာယ် စတင်ဖြစ်ပေါ်စေသောအဆင့်ဟု သတ်မှတ်ကြပြီး ယေဘုယျအားဖြင့် ၄၅ မိုက်ခရိုဂရမ်/ဒီစီလီတာ (45 mcg/dl) နှင့်အထက်ရှိလျှင် အန္တရာယ်အရှိဆုံးဟု သတ်မှတ်ပြီး အမြန်ဆုံး ဆေးဝါးကုသမှု ခံယူသင့်သည်။ ကလေးများတွင် ၃.၅ မိုက်ခရိုဂရမ်/ဒီစီလီတာ (3.5 mcg/dl) ပမာဏ စတင်တွေ့ရှိပါလျှင် ဆက်တိုက်စောင့်ကြည့်ပြီး သွေးတွင်းခဲဓာတ်ကို မှန်မှန်စစ်ဆေးသင့်သည့်အပြင် ခဲဓာတ်နှင့် ထပ်မံထိတွေ့မှု မရှိစေရန် သို့မဟုတ် လျော့နည်းစေရန် စတင်အရေးယူဆောင်ရွက်သင့်သည်။
သွေးစစ်ခြင်းအပြင် ကာလရှည်ကြာစွာ ခဲဆိပ်သင့်သော ကလေးများတွင် အရိုးဓာတ်မှန်နှင့် ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်းဖြင့်လည်း စစ်ဆေးသိရှိနိုင်သည်။
ကုသခြင်း
ခဲဆိပ်သင့်ခြင်းအတွက် အဓိကကုသမှုမှာ ခဲဓာတ်နှင့် ထပ်မံထိတွေ့မှုကို ရှောင်ရှားရန်ဖြစ်သည်။ သွေးတွင်း ခဲပမာဏ ၄၅ မိုက်ခရိုဂရမ်/ဒီစီလီတာ (45 mcg/dl) နှင့်အထက်ရှိပါက အရေးပေါ်ကုသမှုခံယူရန် လိုအပ်ပါသည်။ ကုသရာတွင် ခန္ဓာကိုယ်အတွင်းရှိ ခဲဓာတ်များကို ဖယ်ရှားပေးသည့် Chelation therapy ခေါ် ဆေးသွင်းကုထုံးကို အသုံးပြုသည်။ အသုံးများသောဆေးဝါးများမှာ Succimer (DMSA)၊ Edetate disodium calcium (CaNa2EDTA) နှင့် Dimercaprol (BAL) တို့အပြင် Penicillamine ကိုလည်း အခြားဆေးဝါးများ မရရှိနိုင်သည့်အခါ သို့မဟုတ် ဒုတိယရွေးချယ်စရာ ဆေးအဖြစ် အသုံးပြုနိုင်သည်။
ထို့ပြင် လူနာတွင်ပေါ်ပေါက်နေသော လက္ခဏာများအလိုက် ကုသပေးသည့် Symptomatic treatments များလည်း လိုအပ်နိုင်သည်။ ဥပမာအားဖြင့် ဦးနှောက်တွင်းဖိအားများခြင်း (cerebral edema) ရှိပါက စတီးရွိုက်ဆေးများ (steroids) သို့မဟုတ် mannitol ကဲ့သို့သော ဆေးဝါးများဖြင့် ကုသနိုင်သည်။ အတက်ရောဂါဖြစ်ပေါ်ပါကလည်း သက်ဆိုင်ရာ အတက်ကျဆေးများ ပေးနိုင်သည်။
ခဲဆိပ်ပြယ်စေသော ဆေးများ၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကျောက်ကပ်လုပ်ငန်းဆောင်တာများကို ထိခိုက်ခြင်းတို့ ဖြစ်နိုင်သဖြင့် ဆရာဝန်၏ ကြီးကြပ်မှုအောက်တွင်သာ ကုသမှုခံယူသင့်သည်။ Penicillamine ကိုယ်တိုင်တွင်လည်း အရေပြားနီမြန်းခြင်း၊ အရသာပျက်ယွင်းခြင်းနှင့် ပိုမိုပြင်းထန်သော သွေးအားနည်းရောဂါများ၊ ကျောက်ကပ်ထိခိုက်မှုများ စသည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်။
ကာကွယ်ခြင်း
ခဲဆိပ်သင့်ခြင်းမှ ကာကွယ်ရန် အဓိကအချက်မှာ ခဲပါဝင်နိုင်သည့် အရင်းအမြစ်များကို ရှောင်ရှားရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုရန်ဖြစ်သည်။ အသေးစိတ် လိုက်နာသင့်သည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
- သန့်ရှင်းရေးလုပ်ခြင်း
ကလေးများ၏ လက်များကို ပြင်ပမှကစားပြီးတိုင်း၊ အစာမစားမီတိုင်းနှင့် အိပ်ရာမဝင်မီတိုင်း စနစ်တကျ ဆေးကြောပေးပါ။ ကလေးများ ကစားသည့် အရုပ်များကိုလည်း သေချာဆေးကြောပါ။ ဖုန်ထူသော မျက်နှာပြင်များနှင့် ကြမ်းပြင်များကို စိုစွတ်သော အဝတ်ဖြင့် သန့်ရှင်းပေးခြင်းဖြင့် ခဲပါဝင်သည့် ဖုန်မှုန့်များကို လျှော့ချပါ။ - ရေကို သတိထားသုံးစွဲခြင်း
အကယ်၍ အိမ်တွင် ခဲပိုက်ဟောင်းများရှိပါက ရေအသုံးမပြုမီ အနည်းဆုံး တစ်မိနစ်ခန့် ရေကိုဖွင့်ချထားပြီးမှ သုံးပါ။ သို့သော် ကလေးများအတွက် နို့မှုန့်ဖျော်ရန် သို့မဟုတ် အစားအစာချက်ပြုတ်ရန်အတွက် ထိုရေမျိုးကို လုံးဝမသုံးသင့်ပါ။ - နေထိုင်ရာပတ်ဝန်းကျင် ဂရုစိုက်ခြင်း
အိမ်တွင်းသို့ ခဲပါဝင်သောမြေမှုန့်များ မဝင်စေရန် အိမ်အပြင်ဘက်တွင်သာ ဖိနပ်ချွတ်ပါ။ ခဲအခြေခံ သုတ်ဆေးဟောင်းများ ကွာကျခြင်းရှိမရှိ ပုံမှန်စစ်ဆေးပါ။ ထိုသို့တွေ့ရှိပါက ကျွမ်းကျင်သူများဖြင့် အမြန်ဆုံး ရှင်းလင်းပြုပြင်ပါ။ - အာဟာရပြည့်ဝအောင် စားသုံးခြင်း
ကလေးများ၏ ခန္ဓာကိုယ်မှ ခဲဓာတ်စုပ်ယူမှုကို လျှော့ချနိုင်ရန်အတွက် ကယ်လ်ဆီယမ်၊ ဗီတာမင်စီ နှင့် သံဓာတ် ကြွယ်ဝသည့် အစားအစာများကို လုံလောက်စွာ ကျွေးပါ။
References:
- Mayo Clinic. (2023). Lead poisoning – Symptoms and causes. Retrieved July 15, 2025, from https://www.mayoclinic.org/diseases-conditions/lead-poisoning/symptoms-causes/syc-20354717
- Cleveland Clinic. (2023). Lead poisoning: Symptoms & treatment. Retrieved July 15, 2025, from https://my.clevelandclinic.org/health/diseases/11312-lead-poisoning
- Centers for Disease Control and Prevention. (2024). Lead exposure symptoms and complications. Retrieved July 15, 2025, from https://www.cdc.gov/lead-prevention/symptoms-complications/index.html
- Centers for Disease Control and Prevention. (2024). CDC updates blood lead reference value. Retrieved July 15, 2025, from https://www.cdc.gov/lead-prevention/php/news-features/updates-blood-lead-reference-value.html
Published: 30 August 2024
Last updated: 1 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.