Congenital heart diseases (မွေးရာပါနှလုံးရောဂါများ)

Congenital heart diseases (မွေးရာပါနှလုံးရောဂါများ)

မွေးရာပါနှလုံးရောဂါဆိုသည်မှာ မွေးဖွားလာသည့်ကလေး၏ နှလုံးဖွဲ့စည်းတည်ဆောက်မှုသည် ပုံမှန်မဟုတ်ဘဲ ချို့ယွင်းချက်ပါလာခြင်းကို ဆိုလိုသည်။ တချို့သော မွေးရာပါနှလုံးရောဂါများသည် လက္ခဏာ တစ်စုံတစ်ရာမရှိဘဲ နှလုံးဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပျောက်သွားတတ်သည်။ သို့သော် တချို့မှာမမူ အသက်အန္တရာယ်ရှိတတ်ပြီး မွေးကင်းစအရွယ်မှစ၍ အကြိမ်ကြိမ်ကုသမှု ခံယူရတတ်သည်။

နှလုံး၏ဖွဲ့စည်းပုံ

နှလုံး၏ ညာဘက်ခြမ်းတွင် အပေါ်အောက် အခန်း (၂) ခန်း၊ ဘယ်ဘက်ခြမ်းတွင် အပေါ်အောက် အခန်း (၂) ခန်း၊ စုစုပေါင်းအခန်း (၄) ခန်းပါရှိသည်။ ခန္ဓာကိုယ်အနှံ့အပြားမှ သွေးညစ်များသည် နှလုံး၏ ညာဘက်အခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ ထို့နောက် သွေးညစ်များသည် အဆုတ်သွေးကြောမကြီးမှတစ်ဆင့် အဆုတ်တွင်းသို့ ရောက်ရှိသည်။ အဆုတ်တွင်း၌ အောက်ဆီဂျင်ဖြင့် ဖလှယ်ပြီးသော သွေးသန့်များသည် နှလုံး၏ ဘယ်ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ သွေးသန့်များကို သွေးလွှတ်ကြောမကြီးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန်လည်ပို့ဆောင်ပေးသည်။ မွေးရာပါနှလုံးရောဂါတွင် အထက်ပါ သွေးစီးဆင်းမှုလမ်းကြောင်းများ မှားယွင်းနေတတ်သည်။

မွေးရာပါနှလုံးရောဂါအမျိုးအစားများ

မွေးရာပါနှလုံးရောဂါ (၂) မျိုးရှိသည်။

  1. နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာတတ်သော မွေးရာပါနှလုံးရောဂါ (Cyanotic CHD)
    ဤအမျိုးအစားတွင် နှလုံးမှ ခန္ဓာကိုယ်အနှံ့သို့ ညှစ်ထုတ်သောသွေးတွင် အောက်ဆီဂျင်ပမာဏ နည်းသောကြောင့် ပြာခြင်းဖြစ်စေသည်။
    ပြာခြင်းဖြစ်စေသည့်ရောဂါများတွင်_
    • သွေးလွှတ်ကြောမကြီးများ နေရာလွှဲ၊ ပြောင်းပြန်ဖြစ်ခြင်း (Transposition of Great Arteries) နှင့်
    • ချို့ယွင်းချက်လေးမျိုး စုပေါင်းဖြစ်ပေါ်နေသော‌ မွေးရာပါနှလုံးရောဂါ (Tetralogy Of Fallot) တို့သည် အဖြစ်အများဆုံးဖြစ်သည်။
  2. နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာခြင်းမရှိသော မွေးရာပါနှလုံးရောဂါ (Acyanotic CHD)
    ဤအမျိုးအစားတွင် နှလုံးတွင်းသွေးစီးလမ်းကြောင်းများ မူမမှန်သော်လည်း သွေးတွင်းအောက်ဆီဂျင်ပမာဏ သိသိသာသာ လျော့နည်းခြင်းမရှိပေ။
    ပြာခြင်းမရှိသော ရောဂါများတွင်_
    • နှလုံးသွေးကြောအပိုပါခြင်း (Patent Ductus Arteriosus)
    • နှလုံး ဘယ်၊ ညာ အပေါ်ခန်းနံရံတွင် အပေါက်ပါခြင်း (Atrial Septal Defect)
    • နှလုံး ဘယ်၊ ညာ အောက်ခန်းနံရံတွင် အပေါက်ပါခြင်း (Ventricular Septal Defect) တို့သည် အဖြစ်အများဆုံးဖြစ်သည်။

အထက်ပါအမျိုးအစားနှစ်ခုလုံးတွင် ရှားပါးသော်လည်း ပြင်းထန်သည့် အခြားအမျိုးအစားများစွာ ရှိသေးသည်။

Congenital heart diseases image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကိုယ်ဝန် ပထမ (၆) ပတ်အတွင်း၊ ကလေးနှလုံး စတင်ဖွံ့ဖြိုးသည့်အချိန်မှစ၍ နှလုံးဖွဲ့စည်းမှု ပုံမမှန်ခြင်းအမျိုးမျိုး စတင်ဖြစ်နိုင်သည်။ မွေးရာပါ နှလုံးဖွဲ့စည်းတည်ဆောက်ပုံ ချွတ်ယွင်းရခြင်း အကြောင်းရင်းများကို သုတေသနပညာရှင်များမှ အတိအကျ ရှာဖွေ၍ မရသေးပေ။

အောက်ပါအခြေအနေများကြောင့် မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးမှုရာခိုင်နှုန်း များပြားစေနိုင်သည်။

  1. မိသားစုအတွင်း မွေးရာပါနှလုံးရောဂါ ဖြစ်သူရှိခြင်း
  2. ကလေးတွင် မျိုးဗီဇဆိုင်ရာ ပုံမမှန်သည့် ရောဂါအခြေအနေများရှိခြင်း [ဥပမာ_ဒေါင်းဆင်ဒရုန်း (Down syndrome)]
  3. ကိုယ်ဝန်ဆောင်စဉ် မိခင်၌ ဂျိုက်သိုးရောဂါ (Rubella) ဖြစ်ခဲ့ခြင်း
  4. ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါအခံရှိပြီး ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်စဉ် ကာလများအတွင်း သွေးတွင်းသကြားဓာတ် ပမာဏ ပုံမှန်ဖြစ်အောင် မထိန်းနိုင်ခြင်း
  5. သန္ဓေသားကို ထိခိုက်စေသော ဆေးဝါးများ သောက်သုံးမိခြင်း [ဥပမာ _သာလီဒိုမိုက် (Thalidomide)၊ အဆီကျဆေး (Statins)၊ ဝက်ခြံပျောက်ဆေးများနှင့် အချို့သောအတက်ကျဆေး၊ စိတ်ရောဂါကုဆေးများ]
  6. ကိုယ်ဝန်ဆောင်မိခင်သည် အရက်၊ မူးယစ်ဆေးနှင့် ဆေးလိပ်များ သောက်သုံးခြင်း
ရောဂါလက္ခဏာများ

ပြင်းထန်သည့် မွေးရာပါနှလုံးရောဂါများကို မွေးပြီးပြီးချင်း သို့မဟုတ် မွေးပြီးလအနည်းငယ်အတွင်းတွင် သတိထားမိနိုင်ပြီး

  • နှုတ်ခမ်း၊ လျှာ၊ လက်သည်းများ ပြာလာခြင်း
  • အသက်ရှူမြန်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • ခန္ဓာကိုယ်ရောင်ရမ်းခြင်း
  • နို့စို့သည့်အချိန်တွင် မောခြင်း
  • ချွေးပြန်လာခြင်း
  • ကိုယ်အလေးချိန်မတက်ခြင်း စသောလက္ခဏာများကို တွေ့မြင်ရတတ်သည်။

မပြင်းထန်သည့် မွေးရာပါနှလုံးရောဂါများမှာမူ ကလေး လမ်းလျှောက်သည့်အရွယ်ရောက်မှ သတိထားမိလာတတ်ပြီး

  • ဆော့ကစားသည့်အချိန်တွင် မောလွယ်ခြင်း
  • ပင်ပန်းလွယ်ခြင်း
  • သတိလစ်လဲကျတတ်ခြင်း
  • ခြေချင်းဝတ်နှင့် ခြေထောက်များ ရောင်လာခြင်းတို့ကို တွေ့ရှိရတတ်သည်။

ပြာတတ်သော မွေးရာပါနှလုံးရောဂါရှိသူ ကလေးများတွင် သွေးတွင်းအောက်ဆီဂျင် လျော့နည်းမှု ကြာမြင့်လာသောအခါ တင်းပုတ်လက်ချောင်း (Clubbing) ဟုခေါ်သော လက်ချောင်းထိပ်နေရာများ ဖောင်းကားနေခြင်းမျိုးကို တွေ့ရှိရသည်။

နောက်ဆက်တွဲပြဿနာများ
  • နှလုံးအမောဖောက်ခြင်း (Heart failure)
  • နှလုံးအတွင်းနံရံများနှင့် အဆို့ရှင်များ ပိုးဝင်ခြင်း (Infective endocarditis)
  • နှလုံးခုန်စည်းချက်မမှန်ခြင်း (Arrhythmias)
  • သွေးခဲများ ဖြစ်ပေါ်ပိတ်ဆို့ခြင်းကြောင့် လေဖြတ်ခြင်း (Thrombotic stroke)
  • နောက်ဆက်တွဲ ကျောက်ကပ်နှင့်အသည်း ထိခိုက်ခြင်း (Kidney and Liver involvement)
  • အခြားသောကလေးများထက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျခြင်း (Developmental delay)
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (CXR) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ ပြင်းထန်မွေးရာပါနှလုံးရောဂါ ရောဂါလက္ခဏာများ တွေ့ရှိရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

မွေးရာပါနှလုံးရောဂါရှိသည်ဟု သံသယရှိပါက အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေနိုင်သည်။

  1. သွေးတွင်းအောက်ဆီဂျင်တိုင်းစက်ဖြင့် တိုင်းတာခြင်း
  2. အီးစီဂျီ (ECG) ဆွဲခြင်း
  3. ရင်ဘတ်ဓာတ်မှန်ရိုက်၍ နှလုံးနှင့်သွေးကြောပုံရိပ်များကို ကြည့်ကာ ရောဂါခန့်မှန်းခြင်း
  4. အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စမ်းသပ်ခြင်း (Echocardiogram)
  5. နှလုံးနှင့်သွေးကြော ပိုက်သွင်းစမ်းသပ်ခြင်း (Cardiac catheterization)
  6. သံလိုက်ဓာတ်မှန်ဖြင့် နှလုံးစမ်းသပ်ခြင်း (Cardiac MRI)

မိခင်၏ဝမ်းတွင်း သန္ဓေသားလောင်းဘဝ (၁၈)ပတ် မှ (၂၂)ပတ်အတွင်း သန္ဓေသားလောင်း ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း ရှိမရှိ ရိုက်ရသော အာထရာဆောင်းဓာတ်မှန် (Fetal Anomalies Scan) ဖြင့်လည်း သန္ဓေသားလောင်း၏ နှလုံးဖွဲ့စည်းပုံ၊ သွေးလှည့်ပတ်မှုစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီးအချို့သော မွေးရာပါ နှလုံးရောဂါများကို သိရှိနိုင်သည်။

ကုသခြင်း

မွေးရာပါနှလုံးရောဂါများတွင် လုံးဝပျောက်ကင်းအောင် ခွဲစိတ်ကုသနိုင်သည့် ရောဂါများစွာပါဝင်သည်။ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံးနှင့်သွေးကြော ပိုက်သွင်းကုသခြင်းများဖြင့် ရောဂါပေါ်မူတည်၍ ကုသမှုခံယူနိုင်သည်။ ထိုသို့ကုသမှုခံယူရန် စောင့်ဆိုင်းနေချိန်နှင့် ကုသပြီးအချိန်များတွင် နှလုံးဝန်ပိခြင်း သက်သာစေရန် ဆီးဆေးများ၊ သွေးပေါင်ထိန်းညှိဆေးများ၊ နှလုံးစည်းချက် ထိန်းညှိဆေးများကို လိုအပ်နိုင်သည်။ ညွှန်ကြားသည့်ဆေးများကို ပုံမှန်သောက်၍ ရက်ချိန်းမှန်မှန်ပြပြီး ကုသမှုခံယူရန် အရေးကြီးသည်။
ဖွံ့ဖြိုးပြီးနိုင်ငံအချို့ရှိ နှလုံးရောဂါကုသရေးဌာနများတွင် သန္ဓေသားလောင်းဘဝ (၂၁)ပတ် မှ (၃၀)ပတ်အတွင်း မိခင်ဝမ်းတွင်းရှိနေစဉ် အချို့သော မွေးရာပါနှလုံးရောဂါများ (ဥပမာ _ နှလုံးအဆို့ရှင် အလွန်ကျဉ်း၍ နှလုံးသွေးလွှတ်ခန်း ဖွံ့ဖြိုးမှုမရှိခြင်း) ကို ပိုက်ငယ်များအသုံးပြုပြီး ကုသနိုင်သည်။ ထို့သို့ကုသခြင်းဖြင့် မွေးပြီးရက်ပိုင်းအတွင်း ကလေးငယ်သေဆုံးခြင်းကို လျှော့ချနိုင်ပြီး ဆက်လက်ကုသခြင်းကိုလည်း များစွာအထောက်အကူပြုသည်။

ကာကွယ်ခြင်း

မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးစေသည့် အဓိကအကြောင်းရင်းများကို သေချာစွာ မသိရှိသေးသော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။

  • ကိုယ်ဝန်ရှိသည်ဟု သိရှိရသည့်အချိန်မှစ၍ ဆရာဝန် (သို့မဟုတ်) သားဖွားဆရာမများထံ၌ ကိုယ်ဝန်အပ်နှံ၍ ပုံမှန်စစ်ဆေးမှု ခံယူခြင်း
  • သင့်တော်သော ကိုယ်ဝန်ဆောင်အားဆေးများနှင့် ဖောလစ်အက်ဆစ် နေ့စဉ်ပုံမှန်သောက်သုံးခြင်း
  • အရက်၊ မူးယစ်ဆေးများနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း (ဆေးလိပ်ရှောင်ကြဉ်ရာတွင် အိမ်ရှိ အတူနေမိသားစုဝင်များပါ ရှောင်ကြဉ်ရန် လိုအပ်သည်)
  • မိခင်လောင်းတွင် ဂျိုက်သိုးရောဂါဖြစ်ပွါးခဲ့ဖူးခြင်း သို့မဟုတ် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ဖူးခြင်းမရှိပါက ကိုယ်ဝန်မဆောင်မီ တစ်လအလို၌ ကာကွယ်ဆေးထိုးနှံခြင်း (ငယ်စဉ်မှစ၍ ကာကွယ်ဆေးများအားလုံး ထိုးနှံသင့်သည်)
  • သွေးတိုး၊ ဆီးချိုစသည့် အခံရောဂါများရှိပါက ကိုယ်ဝန်ဆောင်ကာလ မတိုင်မီကပင် သေချာစွာ ကုသမှုခံယူခြင်း
  • လုပ်ငန်းခွင် (သို့မဟုတ်) ပတ်ဝန်းကျင်မှ ကိုယ်ဝန်ကိုထိခိုက်စေသော ပစ္စည်းများ (ဓာတ်ရောင်ခြည်များ၊ အချို့ဓာတုဗေဒပစ္စည်းများ၊ အိမ်သုတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ) နှင့် ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်ခြင်း
  • ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဆေးဝါးများသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း

References:

  1. Mayo Clinic. (n.d.). Congenital heart defects in children – Symptoms and causes. Retrieved June 22, 2025, from https://www.mayoclinic.org/diseases-conditions/congenital-heart-defects-children/symptoms-causes/syc-20350074
  2. Mayo Clinic. (n.d.). Congenital heart defects in children – Diagnosis and treatment. Retrieved June 22, 2025, from https://www.mayoclinic.org/diseases-conditions/congenital-heart-defects-children/diagnosis-treatment/drc-20350080
  3. Cleveland Clinic. (n.d.). Congenital heart disease. Retrieved June 22, 2025, from https://my.clevelandclinic.org/health/diseases/21674-congenital-heart-disease
  4. National Health Service (NHS). (n.d.). Congenital heart disease. Retrieved June 22, 2025, from https://www.nhs.uk/conditions/congenital-heart-disease/

Published: 30 August 2024

Last updated: 31 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.