နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဆိုသည်မှာ အပေါ်နှုတ်ခမ်း၊ အာခေါင်အမိုးတို့တွင် မွေးရာပါကွဲကြောင်းများ၊ အပေါက်များ ပါရှိနေခြင်းဖြစ်သည်။ အဖြစ်များသော မွေးရာပါချို့ယွင်းချက်တစ်ခုဖြစ်သည်။ သန္ဓေသားဘဝ ဖွံ့ဖြိုးမှုတွင် အပေါ်နှုတ်ခမ်းနှင့် အာခေါင်ဖြစ်ပေါ်လာမည့် အသားတစ်ရှူးများ ကောင်းစွာပေါင်းစပ်မှု မရှိခြင်းကြောင့် ဖြစ်ပွါးသည်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲပါရှိသည့် ကလေးတစ်ဦးမွေးဖွားခြင်းသည် မိသားစုအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်နိုင်သည်။ သို့ရာတွင် ယေဘုယျအားဖြင့် ခွဲစိတ်ကုသမှုများ၊ လေ့ကျင့်သင်ကြားမှုများဖြင့် အကောင်းပကတိဖြစ်အောင် ကုသနိုင်သည့်အခြေအနေတစ်ခုဖြစ်သည်။
နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဖြစ်ပေါ်ပုံ
သန္ဓေသားဘဝ (၄) ပတ်နှင့် (၈) ပတ်အကြားတွင် အပေါ်နှုတ်ခမ်းဖြစ်လာမည့် တစ်ရှူးအသားများသည် ဦးခေါင်း၏ ဘေးတစ်ဖက်တစ်ချက်စီမှ တိုးဝင်ပွါးများလာပြီး နှုတ်ခမ်းအလယ်တွင် ပေါင်းစပ်ကြသည်။ ဤသို့ပေါင်းစပ်ခြင်း ကောင်းစွာမဖြစ်ပေါ်သောအခါ နှုတ်ခမ်းကွဲခြင်း ဖြစ်ပေါ်လာသည်။ သေးငယ်သော ချိုင့်ခွက်ငယ်မှသည် နှာခေါင်း၊ အာခေါင်အမိုးအထိ ထိုးဝင်သွားသော ကွဲကြောင်းအထိ အမျိုးမျိုးဖြစ်နိုင်သည်။
အာခေါင်အမိုးများသည်လည်း သန္ဓေသား (၆) ပတ်နှင့် (၉) ပတ်အကြားတွင် တစ်ရှူးများ ပေါင်းစပ်ဖြစ်ပေါ်လာသည်။ ပေါင်းစပ်ဖြစ်ပေါ်မှု ပုံမမှန်သည့်အခါ နှုတ်ခမ်းကွဲများကဲ့သို့ပင် အာခေါင်၌ အပေါက်များ၊ အကွဲများဖြစ်လာသည်။ အာခေါင်မာ၊ အာခေါင်ပျော့ (သို့မဟုတ်) နှစ်မျိုးလုံးပါဝင်နိုင်သည်။ တစ်ခါတစ်ရံ အပေါ်ယံအမြှေးပါးအုပ်ထားသည့် အလွယ်တကူမသိသာနိုင်သော အာခေါင်ကွဲခြင်းများ (Submucous cleft palate) လည်း တွေ့ရတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဤအခြေအနေကို ဖြစ်စေသော တိကျသည့်အကြောင်းရင်း မရှိပါ။ မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခြင်းရာများ ပေါင်းစု၍ ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ သုတေသနများမှ ဗီဇပြောင်းလဲမှုကြောင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများဖြစ်ပေါ်ကြောင်း ပိုမိုတွေ့ရှိလာရသည်။
အဖြစ်များနိုင်သော သို့မဟုတ် ဆက်နွယ်မှုရှိသောအခြေအနေများမှာ_
- မိသားစုအတွင်း အလားတူရာဇဝင်ရှိခြင်း
မျိုးဗီဇနှင့် ဆက်စပ်သည်ဟု ယူဆသည်။ မိဘ (သို့မဟုတ်) ရှေ့ကလေးတစ်ဦးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ဖူးလျှင် နောက်ကလေးတစ်ယောက်၌ အလားတူဖြစ်နိုင်ခြေ သာမန်ထက်ပိုများသည်။ - ကိုယ်ဝန်ဆောင်မိခင်များတွင်
- အချို့သော အတက်ကျဆေးများ၊ ဝက်ခြံပျောက်ဆေးများ၊ ကင်ဆာဆေးများ စသည့် ဆေးဝါးများ သောက်သုံးခြင်း
- ဖောလိတ်/ ဖောလစ်အက်ဆစ် (Folate/ Folic acid) ဓာတ်ချို့တဲ့ခြင်း
- ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း
- အချို့ ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်း
- အဝလွန်ခြင်း
- ဆေးလိပ်၊ အရက်သောက်ခြင်း
- ဆီးချိုရောဂါရှိခြင်း
- မူးယစ်ဆေးသုံးခြင်း စသည့်အခြေအနေများတွင်လည်း မွေးဖွားလာသည့် ကလေးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းသည် မျက်နှာတစ်ခြမ်းတည်း (သို့မဟုတ်) အလယ်ခေါင် (သို့မဟုတ်) နှစ်ဖက်လုံး တစ်ပြိုင်နက်ဖြစ်နိုင်သည်။ အမျိုးအစားများမှာ_
- နှုတ်ခမ်းကွဲသီးသန့် (ယောက်ျားလေးများတွင် ပိုအတွေ့များသည်)
- အာခေါင်ကွဲသီးသန့် (မိန်းကလေးများတွင် ပိုအတွေ့ရများသည်)
- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှစ်ခုလုံးတွဲ၍လည်း တွေ့ရနိုင်သည်။
အချို့ အာခေါင်ကွဲ သီးသန့်အခြေအနေတွင် ကွဲကြောင်းမှာ သေးငယ်၍ အပေါ်မှ အမြှေးပါး ဖုံးအုပ်ထားခြင်းကြောင့် မွေးစအချိန်တွင် ချက်ချင်းမတွေ့ရှိဘဲ ကလေး၌ နို့ကောင်းစွာ မစို့နိုင်ခြင်း၊ အသက်ရှူလျှင် အသံမြည်ခြင်း၊ မကြာခဏ သီးခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ ကိုယ်အလေးချိန်မတက်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရနိုင်သည်။
အကယ်၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းသည် မွေးရာပါရောဂါလက္ခဏာစု (Congenital syndrome) တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်နေလျှင် ထိုရောဂါစု၏လက္ခဏာများပါ တွေ့ရှိနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းတွင် မွေးစအခြေအနေမှစ၍ နောက်ဆက်တွဲပြဿနာ များပြားပြီး ပြုစုကုသမှုများစွာ လိုအပ်သည်။
- နို့စို့ခြင်းဆိုင်ရာ ပြဿနာများ
အချို့ပြင်းထန်သော နှုတ်ခမ်းကွဲများနှင့် အာခေါင်ကွဲများတွင် ကလေးငယ်သည် မိခင်နို့သီးခေါင်းကိုဖြစ်စေ၊ ပုံမှန်နို့ဘူး၏ နို့သီးခေါင်းကိုဖြစ်စေ ကောင်းစွာ ဖိကပ်စို့ယူနိုင်ခြင်း မရှိပါ - နားနှင့်အကြားအာရုံဆိုင်ရာ ပြဿနာများ
အာခေါင်ကွဲကလေးများတွင် နားတွင်းပိုးဝင်ခြင်း၊ ပြည်တည်ခြင်း၊ နားစည်ထိခိုက်ခြင်း၊ နားပြည်ယိုခြင်းများဖြစ်နိုင်သည် - သွားနှင့်သွားဖုံး ပြဿနာများ
ကွဲကြောင်းများနှင့် သွားဖုံးများ ပုံမှန်မဖွံ့ဖြိုးမှုတို့ကြောင့် သွားမပေါက်ခြင်း၊ နေရာမှန်မဟုတ်ဘဲ သွားပေါက်ခြင်း၊ သွားထပ်ခြင်း၊ သွားကျွတ်လွယ်ခြင်း၊ သွားပိုးစားလွယ်ခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်းများ တွေ့ရသည် - ဘာသာစကားနှင့် စကားပြောခြင်းဆိုင်ရာ ပြဿနာများ
စကားမပီခြင်း၊ စကားပြောလျှင် နှာခေါင်းသံပေါက်ခြင်းများကြောင့် ပြောဆိုဆက်သွယ်ရာတွင် ခက်ခဲမှုများရှိသည် - စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေး ပြဿနာများ
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကြောင့် စနောက်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းများကြောင့် စိတ်မလုံခြုံခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုအားနည်းခြင်းနှင့် အမူအကျင့်ဆိုင်ရာ ပြဿနာများ ခံစားရနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးငယ်များသည် ကြီးထွားဖွံ့ဖြိုးသည့်ကာလဖြစ်သဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ သက်သာလျော့နည်းစေရန် ဆရာဝန်နှင့် ပြသတိုင်ပင်၍ စောစီးစွာ ကုသမှုခံယူရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကို ကိုယ်ဝန်ဆောင်ကာလကတည်းကပင် အာထရာဆောင်း (USG) ရိုက်ခြင်းဖြင့် ကြိုတင်သိရှိနိုင်သည်။ ကြိုတင်သိရှိထားပါက မျိုးဗီဇဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ အခြားရောဂါလက္ခဏာစုများ တွဲ၍ပါမပါသိရှိရန် မျိုးဗီဇစစ်ဆေးခြင်းကို ပြုလုပ်နိုင်သည်။ မွေးဖွားပြီးနောက် သက်ဆိုင်ရာဆရာဝန်မှ မွေးကင်းစကလေးကို စမ်းသပ်စစ်ဆေးရာတွင်လည်း တွေ့ရှိနိုင်သည်။
ကုသခြင်း
စနစ်တကျ စောစီးစွာ ခွဲစိတ်ကုသမှု ခံယူခြင်းဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များသည် ပုံမှန်ကလေးများကဲ့သို့ နေထိုင်နိုင်သည်။
- နှုတ်ခမ်းကွဲခြင်းအတွက် အသက် (၁) နှစ်အောက်တွင် ခွဲစိတ်ကုသမှု ခံယူရမည်၊ အများအားဖြင့် အသက် (၃)လ မှ (၆)လအတွင်း ပြုလုပ်လေ့ရှိသည်
- အာခေါင်ကွဲခြင်းအတွက် အသက် (၁၈) လအောက်တွင် ခွဲစိတ်မှုခံယူသင့်သည်၊ များသောအားဖြင့် အသက် (၁) နှစ်တွင် ပြုလုပ်လေ့ရှိသည်
ခွဲစိတ်ကုသမှုမတိုင်မီ ကလေးငယ်များ နို့စို့လွယ်ကူစေရန်၊ ကွဲကြောင်းများ ပိုမိုကြီးမားမှုမှ ကာကွယ်ရန် အထူးပြုလုပ်ထားသော အံကပ် (nasal-alveolar molding) ကဲ့သို့သော ပစ္စည်းများဖြင့် ကုသမှုပေးနိုင်သည်။ ခွဲစိတ်မှုတွင် သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုများ၊ မျက်နှာနှင့်မေးရိုး ခွဲစိတ်အထူးကုများမှ လိုအပ်သလို ပူးပေါင်းခွဲစိတ်ကုသပေးကြသည်။ ကွဲကြောင်းအလွန်ကြီးသော ကလေးများတွင် အစားထိုးအရိုး (Bone graft) ထည့်၍ ကုသရသည်လည်းရှိသည်။
နို့စို့ခြင်းဆိုင်ရာ ပြဿနာများအတွက် အံကပ်သုံးခြင်း၊ မိခင်နို့ညှစ်၍ တိုက်ခြင်း၊ အထူးပြုလုပ်ထားသော နို့ဘူး၊ နို့သီးခေါင်းများဖြင့် တိုက်ခြင်းတို့ပြုလုပ်နိုင်သည်။ အာဟာရပညာရှင်နှင့် တိုင်ပင်၍ နို့တိုက်နည်း၊ ဖြည့်စွက်စာကျွေးနည်းများကို လေ့လာသင်ယူနိုင်သည်။
နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ပြဿနာများအတွက် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နှင့် ပြသ၍ အကြားအာရုံစစ်ဆေးခြင်း၊ လိုအပ်ပါက နားအတွင်း ပိုက်ထည့်ကုသခြင်း၊ နားကြားကိရိယာအသုံးပြုခြင်းများ ပြုလုပ်ပေးနိုင်သည်။
သွားပြဿနာများအတွက် သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပြသကုသခြင်း၊ ဘာသာစကားနှင့် စကားပြောစွမ်းရည် ကျွမ်းကျင်ပညာရှင်နှင့် ပြသခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာကုထုံးများ သင်ကြားပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်သည်။
အရေးကြီးသောအချက်များ
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများ မွေးဖွားမှုသည် မိဘများ၊ မိသားစုဝင်များနှင့် ကလေးငယ်များအတွက် ကြီးမားသော စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ စိတ်အား၊ လူအား များစွာစိုက်ထုတ်ကြိုးစားရသော အခြေအနေဖြစ်သည်။
- အဖြစ်များသော မွေးရာပါအခြေအနေဖြစ်ပြီး မည်သူ့ကိုမျှ အပြစ်မတင်သင့်ပါ
- ဤအခြေအနေအတွက် ခံစားရသော စိတ်ခံစားချက်များကို လက်ခံ၍ ကျော်လွှားရမည်
- အသင်းအဖွဲ့များ၊ ဘဝတူမိသားစုများ၏ မျှဝေမှု၊ ကူညီမှုကို လက်ခံပါ
- ကလေးငယ်ကို မိမိကိုယ်ကို ယုံကြည်မှုရရှိရန် ကူညီပါ
- လူအများနှင့် ပြောဆိုဆက်ဆံနိုင်ရန် လေ့ကျင့်ပေးပါ
- နောက်ပြောင်နှိမ့်ချခွဲခြား ဆက်ဆံခြင်းများမှ ကာကွယ်ပေးရမည်
ကာကွယ်ခြင်း
မွေးရာပါရောဂါဖြစ်သည့်အတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကို ကာကွယ်၍မရပါ။ ဖြစ်နိုင်ခြေများသော အခြေအနေများကို သတိပြုရှောင်ကြဉ်ခြင်းဖြင့်သာ ဖြစ်ပွါးနိုင်ခြေကို လျှော့ချရမည်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးတစ်ဦး မွေးဖွားဖူးသော မိဘများအနေဖြင့် မျိုးဗီဇဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း၊ ကိုယ်ဝန်ဆောင်ရန် စတင်စီစဥ်သည့်အချိန်မှစ၍ မိခင်လောင်းသည် ဖောလစ်အက်ဆစ်ပါဝင်သော ကိုယ်ဝန်ဆောင်အားဆေးများကို သောက်သုံးခြင်း၊ ဆေးလိပ်နှင့် အရက်များကို ကိုယ်ဝန်ဆောင်ချိန်ကာလတစ်လျှောက် လုံးဝရှောင်ကြဥ်ခြင်းဖြင့် နောက်ထပ်မွေးဖွားမည့် ကလေးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
References:
- National Health Service (NHS). (2023). Cleft lip and palate. Retrieved June 20, 2025, from https://www.nhs.uk/conditions/cleft-lip-and-palate/
- Mayo Clinic. (n.d.). Cleft lip and cleft palate – Symptoms and causes. Retrieved June 20, 2025, from https://www.mayoclinic.org/diseases-conditions/cleft-palate/symptoms-causes/syc-20370985
- Cleveland Clinic. (2025). Cleft lip/cleft palate. Retrieved June 20, 2025, from https://my.clevelandclinic.org/health/diseases/10947-cleft-lip-cleft-palate
- Cleveland Clinic. (n.d.). Submucous cleft palate. Retrieved June 20, 2025, from https://my.clevelandclinic.org/health/diseases/24042-submucous-cleft-palate
- Centers for Disease Control and Prevention. (2024). Cleft lip/cleft palate. Birth Defects. Retrieved June 20, 2025, from https://www.cdc.gov/birth-defects/about/cleft-lip-cleft-palate.html
Published: 30 August 2024
Last updated: 31 July 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.