ပါးချိတ်ရောင်ရောဂါဆိုသည်မှာ ကလေးများတွင် အဖြစ်များသော ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည့် ရောဂါလည်းဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပါးချိတ်ရောင် ဗိုင်းရပ်စ်ပိုး (Mumps virus) ကြောင့်ဖြစ်သည်။ ပါးချိတ်ရောင်ရောဂါပိုးရှိသော ကလေးငယ်များ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသည့် အမှုန်အမွှားများသည် လေထုထဲသို့ပျံ့နှံ့ပြီး အခြားသူထံသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက် ကူးစက်သောရောဂါဖြစ်သည်။ အသက် (၂)နှစ် မှ (၁၂)နှစ်ကြား ကလေးများ (အထူးသဖြင့် ကာကွယ်ဆေး မထိုးထားသော ကလေးများ) တွင် အဖြစ်များပြီး ကာကွယ်ဆေးထိုးထားသော ဆယ်ကျော်သက်များနှင့် လူကြီးများတွင်လည်း ကာကွယ်ဆေးမှရရှိသော ခုခံနိုင်စွမ်းအား လျော့နည်းလာသဖြင့် ပါးချိတ်ရောင်ရောဂါကို ရံဖန်ရံခါ တွေ့ရသည်။
ရောဂါလက္ခဏာများ
ပါးချိတ်ရောင် ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီးနောက် (၇)ရက် မှ (၂၁)ရက်အတွင်း လက္ခဏာများ ပေါ်လာတတ်သည်။ အများအားဖြင့်_
- ဖျားနာခြင်း
- ခေါင်းကိုက်ခြင်း
- ကိုယ်လက်ကိုက်ခဲခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ဗိုက်အောင့်ဗိုက်နာခြင်းတို့ကို ခံစားရသည်။
အဖျားစတင်ပြီး (၂) ရက်၊ (၃) ရက်မြောက်တွင် နားရွက်အရှေ့ဘက်နှင့် အောက်ဖက်၌ ပါးချိတ်ဂလင်းများ တစ်ဖက်တည်း (သို့မဟုတ်) နှစ်ဖက်လုံး စတင်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲလာသည်။ ပါးချိတ်ဂလင်းများ ရောင်ရမ်းခြင်းသည် (၇)ရက် မှ (၁၀)ရက်ခန့် ကြာနိုင်သည်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ကလေးများ၏ (၇၀) ရာခိုင်နှုန်းတွင် ပါးချိတ်ရောင်လက္ခဏာ တွေ့ရတတ်သည်။

နောက်ဆက်တွဲပြဿနာများ
ပါးချိတ်ရောင်ရောဂါ၏ နောက်ဆက်တွဲပြဿနာအချို့မှာ_
- အဆစ်အမြစ်များ ရောင်ရမ်းခြင်း
- အဆုတ်ရောင်ခြင်း (Pneumonia)
- ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း
- ဝှေးစေ့ ရောင်ခြင်း
- သားဥအိမ် ရောင်ခြင်း
- ပန်ကရိယ ရောင်ခြင်း
- သိုင်းရွိုက်ဂလင်း ရောင်ခြင်းများဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ပါးချိတ်ရောင်ရောဂါသေချာပြီး ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများမရှိလျှင် နေအိမ်၌ပင် ပြုစုနိုင်သည်။ သို့သော် ရောဂါလက္ခဏာ ပြင်းထန်လျှင် သို့မဟုတ် ရောဂါမသက်သာလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသကုသရန်လိုသည်။
နောက်ဆက်တွဲ ပြဿနာများ၏ လက္ခဏာများဖြစ်သော_
- အစားမ၀င်ဘဲ မှိန်းနေခြင်း
- အသက်ရှူမြန်၊ ရင်ဘတ်ချိုင့်ခြင်း
- မခံမရပ်နိုင်အောင် ခေါင်းကိုက်ခြင်း
- သတိလစ်ခြင်း၊ တက်ခြင်း၊ ကယောင်ကတမ်းပြောခြင်း
- မခံမရပ်နိုင်အောင် ဗိုက်အောင့်ဗိုက်နာခြင်းစသည့် လက္ခဏာများ ရှိလာပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ပါးချိတ်ရောင် ရောဂါရှိသူနှင့် ထိတွေ့မှုရာဇဝင်၊ ရောဂါလက္ခဏာများ စသည်တို့ကို စစ်ဆေး၍ ပါးချိတ်ရောင်ရောဂါဖြစ်ကြောင်း လွယ်ကူစွာ သိရှိနိုင်သည်။ အများအားဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ မလိုအပ်ပါ။ တိကျစွာ စစ်ဆေးသိရှိလိုပါက ဓာတ်ခွဲခန်းတွင် ပဋိပစ္စည်း (Ig M antibody) ကို သွေးစစ်ဆေးခြင်းဖြင့် ရှာဖွေနိုင်သည်။
ကုသခြင်း
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါ ဖြစ်သည့်အတွက် သီးသန့်ကုသရန် ဆေးဝါးမရှိဘဲ ဖြစ်ပေါ်လာသော လက္ခဏာများကိုကုသ၍ သက်သာလာချိန်အထိ အိမ်တွင်စောင့်ကြည့်နိုင်သည်။
- ပါရာစီတမောကဲ့သို့ အဖျားကျဆေးများ တိုက်ခြင်း
- ကလေးအား အနားယူစေခြင်း
- အရည်များများ တိုက်ခြင်း
- နူးညံ့၍ အာဟာရရှိသော အစားအစာများကျွေးခြင်း
- လည်ချောင်းနာလျှင် ဆားရည်ဖြင့် ပလုတ်ကျင်းစေခြင်း
- မျက်စိနာလျှင် အလင်းရောင် လျှော့ကြည့်စေခြင်း
- ရောင်နေသော ပါးချိတ်အား ရေခဲကပ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်
- အက်စပရင် (aspirin) ပါဝင်သော အနာသက်သာပျောက်ဆေးများ လုံးဝမတိုက်ရပါ
ကာကွယ်ခြင်း
ပါးချိတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံး ကာကွယ်နည်းဖြစ်သည်။ ၀က်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် သုံးမျိုးပေါင်း ကာကွယ်ဆေး (MMR vaccine) အနေဖြင့် ထိုးနှံနိုင်သည်။ အသက် (၁၂) လနှင့် (၁၅) လကြားတွင် တစ်ကြိမ်၊ အသက် (၄)နှစ်နှင့် (၆)နှစ်ကြားတွင် တစ်ကြိမ်၊ စုစုပေါင်း (၂) ကြိမ်ပြည့်အောင် ထိုးနှံပေးခြင်းဖြင့် ပါးချိတ်ရောင်ရောဂါကို (၈၈) ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သည့်အပြင် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ကြိုတင်ကာကွယ်ရာရောက်သည်။
ပါးချိတ်ရောင်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်သောကြောင့် ရောဂါပိုးရှိသူနှင့် နီးကပ်စွာနေခြင်းကို ရှောင်ကြဥ်သင့်သည်။ ထို့ပြင် အောက်ပါအချက်များကိုလည်း လိုက်နာဆောင်ရွက်သင့်သည်။
- ရောဂါပိုးရှိသူနှင့် ထိတွေ့ပြီးနောက် လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာ လက်ဆေးရန်
- တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ သင်ကြားပေးရန်
- ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင်ပဝါဖြင့် အုပ်ရန်၊ တံတောင်ဖြင့် ကာရန်၊ နှာခေါင်းစည်း တပ်ဆင်ရန်
- မိမိ၏ အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုရန်
- ရောဂါပိုးကပ်ငြိနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်ရှင်းရန် စသည်တို့ဖြစ်သည်။
ထို့အပြင် ပါးချိတ်ရောင်ရောဂါ ခံစားနေရသော ကလေးမှ အခြားကလေးများသို့ ကူးစက်နိုင်ခြေ မြင့်မားသောကြောင့် လက္ခဏာများ စတင်ပေါ်သည့်နေ့မှ (၅) ရက်မြောက်ခန့်အထိ ကျောင်းသို့မလွှတ်ဘဲ အိမ်တွင်သာ အနားယူရန် လိုအပ်သည်။
References:
- Mayo Clinic. (2022). Mumps – Symptoms & causes. Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/mumps/symptoms-causes/syc-20375361
- National Health Service (NHS). (2023). Mumps. Retrieved June 17, 2024, from https://www.nhs.uk/conditions/mumps/
- Cleveland Clinic. (2024). Mumps. Retrieved June 17, 2024, from https://my.clevelandclinic.org/health/diseases/15007-mumps
- Centers for Disease Control and Prevention. (2024). About mumps. Retrieved June 17, 2024, from https://www.cdc.gov/mumps/about/index.html
Published: 30 August 2024
Last updated: 1 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.