Nappy rash (ဆီးပူလောင်ခြင်း)

Nappy rash (ဆီးပူလောင်ခြင်း)

ကလေးငယ်များတွင် အဖြစ်များသော အရေပြားရောင်ရမ်းခြင်းတစ်မျိုးဖြစ်သည့် ဆီးပူလောင်ခြင်းသည် အသက်နှစ်နှစ်အောက် ကလေးငယ်များတွင် အများဆုံး တွေ့ရသည်။ သေးခံ (Diaper) အသုံးပြုသည့် ကလေးငယ်တိုင်းနီးပါးတွင် ဖြစ်ပွားနိုင်ပြီး စောစီးစွာသိရှိ၍ အချိန်မီ ပြုစုကုသနိုင်ပါက နောက်ဆက်တွဲပြဿနာများကို ထိရောက်စွာ ကာကွယ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သေးခံကြောင့် ဆီးပူလောင်ခြင်း ဖြစ်ပွါးရသည့် အဓိကအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • စိုထိုင်းမှုများခြင်း – ဆီးနှင့် ဝမ်းများကို ပုံမှန်မလဲဘဲ ကြာရှည်စွာ ထိတွေ့နေရခြင်းကြောင့် အရေပြား အစိုဓာတ်များပြီး ရောင်ရမ်းခြင်း
  • ဓာတ်မတည့်ခြင်း – သေးခံ၊ အရေပြားလိမ်းဆေး၊ ဆပ်ပြာနှင့် တစ်ရှူးစို (Wet wipes) တို့တွင် ပါဝင်သော ဓာတုပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း
  • ပွတ်တိုက်မှု – အထူးသဖြင့် ကျပ်လွန်းသော သေးခံကို ဝတ်ဆင်ထားခြင်းကြောင့် အရေပြား ပွန်းပဲ့ခြင်း
  • ပိုးဝင်ခြင်း – အစိုဓာတ်နှင့် အရေပြားပွန်းခြင်းတို့ကြောင့် ဘက်တီးရီးယား၊ မှိုနှင့် Yeast ပိုးများ ဝင်ရောက်လွယ်ခြင်း
  • ပလတ်စတစ်၊ နိုင်လွန်စသည့် ပစ္စည်းများ သုံးစွဲခြင်း – လေဝင်လေထွက်မကောင်းသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် သေးခံများကြောင့် အရေပြား ရောင်ရမ်းခြင်း

ဝမ်းလျှောဝမ်းပျက်ခြင်း၊ ပိုးသတ်ဆေးများ သောက်ရခြင်း၊ အရေပြားခြောက်ခြင်း၊ ဓာတ်မတည့်ခြင်းစသည်တို့ရှိသော ကလေးများတွင် ပိုတွေ့ရလေ့ရှိသည်။

ရောဂါလက္ခဏာများ

အရေပြားနှင့် ထိစပ်နေသောနေရာများတွင် အနီပြင်၊ အနီဖုများ ထွက်လာတတ်သည်။ အရေပြား တွန့်ခေါက်နေသောနေရာများတွင် ဖြစ်လေ့မရှိဘဲ တင်ပါး၊ လိင်အင်္ဂါတစ်ဝိုက်၊ ဆီးခုံနှင့် ပေါင်ခြံတစ်ဝိုက်တွင် အဓိကတွေ့တတ်သည်။ တစ်ခါတစ်ရံ အလွန်ပြင်းထန်လျှင် အရေပြားရောင်ခြင်း၊ အရေပြားလန်ခြင်း၊ အနာဖြစ်ခြင်းများကိုပါ တွေ့နိုင်သည်။ အရေပြားအကွက်များ ယားယံခြင်း၊ နာကျင်ခြင်းများကြောင့် ကလေးငယ်မှာ မအီမသာ ဖြစ်ခြင်း၊ ဂျီကျခြင်း၊ အထူးသဖြင့် သေးခံ (Diaper) လဲသည့်အချိန်များတွင် အလွန်ငိုခြင်းများ ရှိနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ဆီးပူလောင်ခြင်းကို စောစီးစွာ မကုသဘဲထားပါက အောက်ပါ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • မှိုပိုးဝင်ရောက်ခြင်း (Fungal Infection)
    အစိုဓာတ်ရှိသော ပတ်ဝန်းကျင်ကြောင့် အရေပြားပေါ်တွင် မှိုပိုး (Yeast) များ အလွယ်တကူ ပွားများကာ အနီရောင်ဖျော့ဖျော့မှ အနီရင့်ရောင်အထိ ရောင်ရမ်းပြီး အနားတစ်ဝိုက်တွင် အစက်အပြောက်များ ထွက်လာသည်။
  • ဘက်တီးရီးယားပိုးဝင်ရောက်ခြင်း (Bacterial Infection)
    အရေပြား ပွန်းပဲ့ခြင်း သို့မဟုတ် အက်ကွဲခြင်းများမှတစ်ဆင့် ဘက်တီးရီးယားပိုးများ ဝင်ရောက်ကာ အဖုအပိန့်များ ပြည်တည်ခြင်း၊ အရေပြားနီရဲခြင်းနှင့် အဝါရောင်အဖတ်များ ဖြစ်ပေါ်ခြင်း၊ ကိုယ်ပူခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  • ပြင်းထန်သော အရေပြားရောင်ရမ်းခြင်း (Severe Skin Inflammation)
    ကုသမှုမရှိဘဲ ရေရှည်ဖြစ်ပွားနေသော ဆီးပူလောင်ခြင်းသည် အရေပြားအနာကြီးများ (Ulcers) အဖြစ်သို့ ပြောင်းလဲနိုင်သည်။
  • နာကျင်မှုနှင့် မအီမသာဖြစ်ခြင်း (Pain and Discomfort)
    ပြင်းထန်သော ဆီးပူလောင်ခြင်းသည် ကလေးငယ်ကို နာကျင်စေပြီး အိပ်စက်ခြင်းနှင့် အစားစားခြင်းတို့ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ဤနောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ဆီးပူလောင်ခြင်း၏ လက္ခဏာများကို စတင်တွေ့ရှိသည်နှင့် ချက်ချင်း ကုသပေးရန် အရေးကြီးသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများအပြင် ကိုယ်ပူခြင်း၊ ပြည်တည်နာများဖြစ်ခြင်း၊ အနာများမှ သွေးထွက်ခြင်း၊ ဆီး၊ ဝမ်းသွားလျှင် အလွန်နာကျင်သည့်လက္ခဏာများ ရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်နှင့် စမ်းသပ်ချက်များအရ ရောဂါသတ်မှတ်နိုင်သည်။ ဓာတ်ခွဲစမ်းသပ်မှုများ မလိုအပ်ပါ။

ကုသခြင်းနှင့် ကာကွယ်ခြင်း

ထိရောက်ဆုံး ကုသမှုနည်းလမ်းမှာ ကလေးငယ်၏ အရေပြားကို သန့်ရှင်းခြောက်သွေ့အောင် ထားရှိခြင်းနှင့် စိုထိုင်းမှုကို လျှော့ချပေးခြင်းဖြစ်သည်။

  • သေးခံမှန်ကန်စွာ အသုံးပြုခြင်း
    တတ်နိုင်သမျှ သေးခံကို လုံးဝမသုံးဘဲ ထားပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့မဟုတ်ပါက မကြာခဏ လဲလှယ်ပေးရန် လိုအပ်ပြီး၊ အထူးသဖြင့် ကလေးငယ် ဆီး၊ ဝမ်းသွားပြီးတိုင်း ချက်ချင်းလဲပေးခြင်းဖြင့် အရေပြားနှင့် စိုစွတ်မှု ထိတွေ့မှုကို လျှော့ချနိုင်သည်။ စုပ်ယူမှုကောင်းပြီး၊ လေဝင်လေထွက်ကောင်းသော သေးခံများကိုသာ ရွေးချယ်သုံးစွဲပါ။
  • စမတ်သေးခံများ (Smart Diapers)
    ဤသေးခံများသည် ကလေးငယ်၏ အရေပြားအခြေအနေကို စောင့်ကြည့်နိုင်ပြီး သေးခံစိုလာပါက သို့မဟုတ် ဆီးပူလောင်ခြင်းစတင်ဖြစ်ပေါ်လာပါက မိဘများအား ဖုန်းဖြင့်သတိပေးနိုင်သည်။ ယင်းသည် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားမလာမီ အချိန်မီ ကာကွယ်ကုသနိုင်စေသည်။
  • သန့်ရှင်းရေးကို အထူးဂရုစိုက်ခြင်း
    သေးခံလဲပေးသည့်အခါတိုင်း အရက်ပြန်နှင့် ဓာတုပစ္စည်းများ မပါဝင်သော တစ်ရှူးစို သို့မဟုတ် ရေနွေးနွေးဖြင့်သာ သန့်စင်ပေးပါ။ ကလေးငယ်ကို နေ့စဉ်ရေချိုးပေးနိုင်သော်လည်း ဆပ်ပြာ၊ သနပ်ခါးနှင့် ပေါင်ဒါတို့ကို ရှောင်ကြဉ်ပါ။ ရေချိုးပြီးနောက် ပွတ်တိုက်ခြင်းမပြုဘဲ ညင်သာစွာ ဖိသုတ်ခြင်း သို့မဟုတ် လေဖြင့် အခြောက်ခံပေးခြင်းတို့ကို ပြုလုပ်သင့်သည်။ ကလေးငယ်ကို သန့်ရှင်းရေးမလုပ်ပေးမီ လူကြီးများသည် လက်ကို သေချာစွာ ဆေးကြောရန် အရေးကြီးသည်။
  • ကြားခံလိမ်းဆေးများ အသုံးပြုခြင်း
    အနာမဖြစ်သေးသော အကွက်များတွင် ဇင့်ပါဝင်သည့် လိမ်းဆေးများ ကဲ့သို့သော ကြားခံလိမ်းဆေး (Barrier Cream) များကို လိမ်းပေးခြင်းဖြင့် အရေပြားကို ဆီး၊ ဝမ်းတို့မှ ကာကွယ်ပေးနိုင်သည်။
  • ဆရာဝန်နှင့်တိုင်ပင်၍ ဆေးဝါးသုံးစွဲခြင်း
    အကယ်၍ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာပါက သက်ဆိုင်ရာ ဆရာဝန်မှ လိုအပ်သလို ပိုးသတ်လိမ်းဆေး၊ မှိုသတ်လိမ်းဆေး သို့မဟုတ် စတီးရွိုက်လိမ်းဆေး စသည့် ဆေးဝါးများကို ညွှန်ကြားမည်ဖြစ်သည်။

ဆီးပူလောင်ခြင်းသည် ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ပျောက်ကင်းရန် အချိန်ယူရမည်ဖြစ်သည်။ ကုသမှုခံယူပြီးနောက် ပျောက်ကင်းသွားသော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖြစ်ပွားနိုင်သောကြောင့် သန့်ရှင်းမှုနှင့် ကြိုတင်ကာကွယ်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်သင့်သည်။

References:

  1. Royal Children’s Hospital Melbourne. (n.d.). Clinical practice guidelines: Nappy rash. Retrieved July 21, 2025, from https://www.rch.org.au/clinicalguide/guideline_index/nappy_rash/
  2. NHS. (2023). Nappy rash. Retrieved July 21, 2025, from https://www.nhs.uk/conditions/nappy-rash/
  3. Mayo Clinic. (2023). Diaper rash – Symptoms & causes. Retrieved July 21, 2025, from https://www.mayoclinic.org/diseases-conditions/diaper-rash/symptoms-causes/syc-20371636
  4. Mayo Clinic. (2023). Diaper rash – Diagnosis & treatment. Retrieved July 21, 2025, from https://www.mayoclinic.org/diseases-conditions/diaper-rash/diagnosis-treatment/drc-20371641
  5. National Institute for Health and Care Excellence (NICE). (n.d.). NICE guidance. Retrieved July 21, 2025, from https://www.nice.org.uk/
  6. Cleveland Clinic. (2023). Diaper rash (diaper dermatitis). Retrieved July 21, 2025, from https://my.clevelandclinic.org/health/diseases/11037-diaper-rash-diaper-dermatitis

Published: 30 August 2024

Last updated: 1 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.