လူ့ခန္ဓာကိုယ်ရှိ သွေးနီဥများတွင် ပုံမှန်အားဖြင့်ပါဝင်သော ဟီမိုဂလိုဘင်ဓာတ် (Haemoglobin) သည် ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည်။ မက်ဟီမိုဂလိုဘင် (Methaemoglobin) ဆိုသည်မှာမူ ပုံမှန်မဟုတ်သည့် ဟီမိုဂလိုဘင်များဖြစ်ပြီး အောက်ဆီဂျင်ကို ကောင်းစွာသယ်ယူပို့ဆောင်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်း မက်ဟီမိုဂလိုဘင်ဓာတ် များလာပါက ပုံမှန်ဟီမိုဂလိုဘင်ဓာတ် နည်းလာပြီး ခြေ၊ လက်၊ နှုတ်ခမ်းများ ပြာခြင်း၊ မူးဝေခြင်း စသော အောက်ဆီဂျင် ပြတ်လပ်သည့် လက္ခဏာများ ဖြစ်ပေါ်စေသည်။ မက်ဟီမိုဂလိုဘင်များခြင်းသည် အဖြစ်နည်းသောရောဂါဖြစ်သော်လည်း အခြေအနေပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မက်ဟီမိုဂလိုဘင်သည် ပုံမှန်အားဖြင့် သွေးအတွင်း ပမာဏအလွန်နည်းပါးစွာ ရှိသည်။ ပုံမှန် ဟီမိုဂလိုဘင်မော်လီကျူးတွင် သံဓာတ်မော်လီကျူးများသည် Ferrous form (Fe2+) အနေဖြင့် ပါရှိပြီး Fe2+ သည် အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ ကောင်းစွာ သယ်ယူပို့ဆောင်ပေးနိုင်သည်။ မက်ဟီမိုဂလိုဘင်မော်လီကျူးတွင်မူ သံဓာတ်မော်လီကျူးများသည် Ferrous (Fe2+) မှ ဓာတ်တိုးဓာတ်ပြုမှုဖြစ်ပေါ်ပြီး Ferric form (Fe3+) အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုသို့ပြောင်းလဲသွားသော Fe3+ သည် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သွေးအတွင်း မက်ဟီမိုဂလိုဘင်ဓာတ် များလာပါက ခန္ဓာကိုယ်၌ အောက်ဆီဂျင်ပြတ်လပ်သည့်လက္ခဏာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မွေးရာပါ မျိုးဗီဇချို့ယွင်းမှုကြောင့်ဖြစ်စေ၊ ပြင်ပအကြောင်းရင်းများကြောင့်ဖြစ်စေ မက်ဟီမိုဂလိုဘင်ဓာတ် ပုံမှန်ထက်ပို၍ များပြားနိုင်သည်။ မွေးရာပါ အခြေအနေများသည် အလွန်ရှားပါးပြီး ကလေးများတွင် အမျိုးအစား (၁)၊ အမျိုးအစား (၂) နှင့် M အမျိုးအစားဟူ၍ သုံးမျိုး ထပ်မံခွဲခြားနိုင်သည်။ ၎င်းတို့အနက် အမျိုးအစား (၂) သည် အပြင်းထန်ဆုံးဖြစ်ပြီး အာရုံကြောဆိုင်ရာပြဿနာများ တွဲ၍ဖြစ်ပေါ်တတ်သောကြောင့် အသက် (၁) နှစ်ကျော်သည်အထိ အသက်ရှင်နိုင်ခြေနည်းကြောင်းတွေ့ရှိရသည်။
သွေးအတွင်း မက်ဟီမိုဂလိုဘင်ဓာတ်များခြင်းတွင် ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်ခြင်းကို အများဆုံးတွေ့ရသည်။ ဖြစ်စေသော အဓိကအကြောင်းရင်းများမှာ_
- နိုက်ထရိတ် (Nitrate) နှင့် နိုက်ထရိုက် (Nitrite) ဓာတ်များ ပါဝင်သည့် ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ စားမိခြင်း (ဥပမာ _ ယမ်းစိမ်းများပြားစွာ ပါဝင်သော ကြက်အူချောင်းစားမိခြင်း)
- သံဂဟေဆော်ခြင်း၊ သတ္တုအရည်ကြိုခြင်း စသည့်လုပ်ငန်းများတွင် နိုက်ထရပ်ဓာတ်ငွေ့များ ရှူမိခြင်း
- အလားတူဓာတ်များ ပါဝင်သော သောက်ဆေး၊ လိမ်းဆေးများ သုံးစွဲခြင်း
- နိုက်ထရိတ်ဓာတ် အခြေခံသော မူးယစ်ဆေးများ ရှူရှိုက်သုံးဆွဲခြင်း
- ပေါင်းသတ်ဆေးများ၊ အိမ်သုတ်ဆေးများနှင့် ထိတွေ့မှုရှိခြင်း
- သောက်သုံးရေတွင် နိုက်ထရိတ်ဓာတ်ပါဝင်မှု များပြားခြင်းများကြောင့်လည်း ဓာတ်တိုးဓာတ်ပြုမှုများ ဖြစ်ပေါ်ပြီး မက်ဟီမိုဂလိုဘင်များ ပိုမိုများပြားစေသည်။
ရောဂါလက္ခဏာများ
သွေးတွင်းရှိ မက်ဟီမိုဂလိုဘင်ပမာဏအပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွာခြားနိုင်သည်။ အတွေ့ရများသော လက္ခဏာများမှာ_
- ခြေ၊ လက်၊ နှုတ်ခမ်းနှင့် လျှာများပြာခြင်း (Cyanosis)
- မူးဝေခြင်း၊ အော့အန်ခြင်း
- ခေါင်းကိုက်ခြင်း
- နုံးခြင်း၊ ပျော့ခွေခြင်း
- အသားအရောင် ဖြူဖျော့သွားခြင်းတို့ဖြစ်သည်။
ကုသမှုအချိန်မီမရရှိပါက နောက်ဆက်တွဲပြဿနာများ ချက်ချင်းဖြစ်ပေါ်လာနိုင်ပြီး အသက်ဆုံးရှုံးနိုင်သည်အထိ ပြင်းထန်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ရောဂါပြင်းထန်မှုနှင့် ထိရောက်သောကုသမှု စောစီးစွာရရှိခြင်း ရှိမရှိအပေါ် မူတည်သည်။ ထိရောက်သော ကုသမှုကို အချိန်မီ ရရှိပါက နောက်ဆက်တွဲပြဿနာများ နည်းပါးသည်။
ကုသမှုအချိန်မီမရရှိလျှင် သို့မဟုတ် ရောဂါအခြေအနေ အလွန်ပြင်းထန်လျှင်_
- ဆက်တိုက်ပျို့အန်ခြင်း
- မှိန်းခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း
- စကားမပီမသဖြစ်ခြင်း
- အသက်ရှူမြန်ခြင်း၊ အသက်ရှူမူမမှန်ဖြစ်ခြင်း
- နှလုံးခုန်နှုန်း မူမမှန်ခြင်းများဖြစ်ပေါ်လာနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မက်ဟီမိုဂလိုဘင်များခြင်း လက္ခဏာများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်နှင့် စမ်းသပ်ချက်များအပေါ် မူတည်၍ ရောဂါသတ်မှတ်နိုင်သည်။ သွေး၊ ဆီးစသည်တို့ကို ဓာတ်ခွဲစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ ဤရောဂါ၏ ထင်ရှားသောအချက်မှာ လူနာ၏ သွေးသည် ပုံမှန် အနီရောင်မဟုတ်ဘဲ အညိုရောင်၊ အမည်းရောင် ပြောင်းနေတတ်ခြင်းဖြစ်သည်။ ချောကလက်အရောင် သွေးများဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ထို့ပြင် သွေးတွင်းအောက်ဆီဂျင်ဓာတ်နှင့် အခြားဓာတ်များအတွက် သွေးစစ်ခြင်း (Arterial blood gas) ပြုလုပ်၍ သွေးအတွင်းရှိ ဟီမိုဂလိုဘင်ဓာတ်နှင့် အောက်ဆီဂျင်ပမာဏနည်းနေခြင်းကို သိရှိနိုင်သကဲ့သို့ သွေးတွင်း မက်ဟီမိုဂလိုဘင်ဓာတ် မြင့်တက်နေခြင်း ရှိမရှိကို တိုင်းတာစစ်ဆေးနိုင်သည်။
မွေးရာပါ မျိုးဗီဇချို့ယွင်းမှုများကြောင့် ဖြစ်သည်ဟုသံသယရှိပါက မျိုးဗီဇစစ်ဆေးခြင်း (Genotyping) နှင့် ဟီမိုဂလိုဘင်အမျိုးအစား စစ်ဆေးခြင်း (Hb electrophoresis) တို့ကို စစ်ဆေးနိုင်သည်။
ကုသခြင်း
ကုသမှုတွင် ဖြစ်စေသောအကြောင်းရင်းမြစ်ကို အမြန်ဆုံးဖယ်ရှားခြင်းနှင့် သင့်လျော်သည့် ဖြေဆေးနှင့် ကုသခြင်းသည် အဓိကဖြစ်သည်။ အသက်ရှူ မမှန်ခြင်း၊ တက်ခြင်းစသော နောက်ဆက်တွဲပြဿနာများ ရှိနေပါက အရေးပေါ်ကုသမှုများပေးရမည့်အပြင် အကြောဆေးသွင်းကုသခြင်း (Intravenous hydration)၊ အောက်ဆီဂျင် ပမာဏများများပေးခြင်း (Hyperbaric oxygen therapy)၊ လိုအပ်ပါက အသက်ရှူစက်တင်၍ ကုသခြင်းများလည်း ပြုလုပ်ရသည်။
အမေရိကန်နှလုံးရောဂါပညာရှင်များအဖွဲ့ (Ameriacan Heart Association) မှ မက်ဟီမိုဂလိုဘင်များခြင်းတွင် Methylene blue ဆေးကို ပထမဦးစားပေး အဓိကအဆိပ်ဖြေဆေးအဖြစ် အသုံးပြုရန် အတည်ပြုထားသည်။ ထိုဆေးသည် Ferric form (Fe3+) များကို ဓာတ်လျော့စေပြီး မူလ Ferrous form (Fe2+) သို့ ပြန်လည်ကူးပြောင်းစေခြင်းဖြင့် မက်ဟီမိုဂလိုဘင်ဓာတ်များကို လျော့နည်းစေသည်။ ပုံမှန်ဟီမိုဂလိုဘင်ဓာတ်များ ပြန်လည်များပြားလာခြင်းကြောင့် သွေးတွင်းအောက်ဆီဂျင် ပို့ဆောင်မှုပြန်လည်ကောင်းမွန်လာစေသည်။ သို့သော် ဆေးဖြင့် ကုသနေစဥ်အတွင်း ဘေးထွက်ဆိုးကျိုးများအဖြစ် ဆီးအရောင်သည် အစိမ်းရောင် သို့မဟုတ် အပြာရောင် အဖြစ်သို့ ခေတ္တပြောင်းခြင်း၊ ပျို့အန်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်းစသည်တို့ကို တွေ့ရှိရနိုင်သည်။ ထို့ပြင် Methylene blue ဆေးကို G6PD ဓာတ်ချို့တဲ့သော ကလေးများတွင် အသုံးပြုခြင်းကို ရှောင်ကြဥ်သင့်သည်။
ဗီတာမင်စီ အကြောဆေး (High dose intravenous vitamin C) ဖြင့် ကုသခြင်း၊ N-acetylcystine ဆေးများဖြင့် ကုသခြင်းကို တွဲဖက်ကုထုံးအနေဖြင့် အသုံးပြုလေ့ရှိသည်။ အခြေအနေပြင်းထန်ပါက သွေးလဲကုသခြင်း (Exchange transfusion) နည်းလမ်းများကိုလည်း အသုံးပြုကြသည်။ အချိန်မီကုသမှု ရရှိပါက အများစုတွင် နာရီပိုင်းအတွင်း ရောဂါလက္ခဏာများ သက်သာသွားသည်ကို တွေ့ရသည်။
ကာကွယ်ခြင်း
မက်ဟီမိုဂလိုဘင်ဓာတ်များခြင်းကို ဖြစ်စေသောအကြောင်းရင်းများ (အစားအစာများနှင့် သောက်သုံးရေ စသည်တို့) ကို ရှောင်ကြဉ်ခြင်း၊ ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို ညွှန်ကြားချက်အတိုင်းသာ သုံးစွဲခြင်းဖြင့် ကာကွယ်နိုင်သည်။ မိသားစုမျိုးရိုးတွင် မက်ဟီမိုဂလိုဘင်ဓာတ်များခြင်း ရှိသူများ၊ မက်ဟီမိုဂလိုဘင်ဓာတ်ပမာဏ အမြဲမြင့်မားနေသူများတွင် မျိုးဗီဇစစ်ဆေးမှုများပြုလုပ်လေ့ရှိသည်။ စစ်ဆေးမှုတွင် အဖြစ်များနိုင်သည်ဟု တွေ့ရှိရသူများတွင် ဖြစ်ပွါးစေသောအကြောင်းရင်းများကို ပို၍တင်းကျပ်စွာ ရှောင်ကြဥ်ရသည်။
References:
- U.S. Centers for Disease Control and Prevention. (1993). Methemoglobinemia in an infant—Wisconsin, 1992. Morbidity and Mortality Weekly Report, 42(12), 230–232. https://www.cdc.gov/mmwr/preview/mmwrhtml/00020077.htm
- Centers for Disease Control and Prevention. (2002). MMWR. Morbidity and Mortality Weekly Report, 51(45). https://www.cdc.gov/mmwr/preview/mmwrhtml/mm5129a2.htm
- Cleveland Clinic. (n.d.). Methemoglobinemia. Retrieved June 17, 2025, from https://my.clevelandclinic.org/health/diseases/24115-methemoglobinemia
- Sangsawang, C., Chuaydamrong, N., Luankaew, T., Thepparat, T., & Leesahud, N. (2022). Investigation of a methemoglobinemia outbreak caused by eating sausages with high concentrations of nitrates and nitrites in Trang Province, Thailand, January 2022. Outbreak, Surveillance, Investigation & Response (OSIR) Journal, 15(2). https://doi.org/10.59096/osir.v15i2.262422
- Ludlow, J. T., Wilkerson, R. G., & Nappe, T. M. (2022, January). Methemoglobinemia. In StatPearls [Internet]. StatPearls Publishing. Retrieved June 17, 2025, from https://www.ncbi.nlm.nih.gov/books/NBK537317/
- Lavonas, E. J., Akpunonu, P. D., Arens, A. M., Babu, K. M., Cao, D., Hoffman, R. S., Hoyte, C. O., Mazer-Amirshahi, M. E., Stolbach, A., St-Onge, M., Thompson, T. M., Wang, G. S., Hoover, A. V., & Drennan, I. R. (2023). 2023 American Heart Association focused update on the management of patients with cardiac arrest or life-threatening toxicity due to poisoning: An update to the American Heart Association guidelines for cardiopulmonary resuscitation and emergency cardiovascular care. Circulation, 148(16). https://doi.org/10.1161/cir.0000000000001161
Published: 30 August 2024
Last updated: 15 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.