Breath holding spell (အငိုကြီး၍ တက်သလိုဖြစ်ခြင်း )

Breath holding spell (အငိုကြီး၍ တက်သလိုဖြစ်ခြင်း )

အငိုကြီး၍ တက်သလိုဖြစ်ခြင်း (Breath holding spell) သည် ကလေးအသက် (၆)လ မှ (၂)နှစ်အတွင်း အဖြစ်များပြီး အသက် (၆) နှစ်နောက်ပိုင်းတွင် ဖြစ်ပွါးမှုလျော့နည်းသွားတတ်သည်။ ကလေးတချို့တွင် ကြောက်လန့်၍ဖြစ်စေ၊ နာကျင်၍ဖြစ်စေ၊ ထိတ်လန့်စရာတစ်ခုခုနှင့် ကြုံတွေ့လျှင်ဖြစ်စေ ငိုကြွေးသောအခါ အထက်ပါအခြေအနေ ဖြစ်ပေါ်တတ်သည်။ တစ်ရက်အတွင်း အကြိမ်များစွာဖြစ်ပွါးသော ကလေးများရှိသကဲ့သို့ အချို့တွင် တစ်ခါတစ်ရံသာ ဖြစ်ပွါးတတ်သည်။ ထို့သို့ဖြစ်ခြင်းသည် မိဘများအတွက် စိုးရိမ်ကြောက်လန့်ဖွယ် ဖြစ်နိုင်သော်လည်း အမှန်တကယ်အားဖြင့် အန္တရာယ်မရှိသော အခြေအနေတစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ယေဘုယျအားဖြင့် ဖြစ်ပေါ်ရသော အကြောင်းရင်းကို အတိအကျမသိရှိပါ။ အလိုမကျမှုတစ်ခုကို ခန္ဓာကိုယ်မှ အလိုအလျောက်တုံ့ပြန်ခြင်း (Reflex) ဖြစ်ပြီးကလေးကိုယ်တိုင် ထိန်းချုပ်၍မရသည့် ဖြစ်စဉ်တစ်မျိုးဖြစ်သည်။ ကလေးနိုးနေသည့်အချိန်တွင်သာ ဖြစ်တတ်ပြီး ထိုဖြစ်စဥ်သည် ကာကွယ်၍မရနိုင်ပါ။ အငိုကြီး၊ စိတ်ကြီးလာရာမှတစ်ဆင့် ကလေး၏ နှလုံးခုန်နှုန်းနှေးခြင်း၊ အသက်ရှူပုံစံပြောင်းလဲခြင်းတို့ ဖြစ်ပေါ်လာပြီး နောက်ဆက်တွဲလက္ခဏာများ ပေါ်လာခြင်း ဖြစ်သည်။ ကလေးငယ်၏ စိတ်အခြေအနေ (ဥပမာ _ ဒေါသထွက်ခြင်း၊ စိတ်အလိုမကျခြင်း၊ ကြောက်လန့်ခြင်း၊ နာကျင်မှုခံစားရခြင်း) နှင့်လည်း သက်ဆိုင်နိုင်သည်။ အဆိုပါကလေးများ၏ မိသားစုဝင်များတွင်လည်း အလားတူဖြစ်စဉ်များ တွေ့ရှိရတတ်သည်။ တချို့ကလေးများတွင် သံဓာတ်ချို့တဲ့သည့် သွေးအားနည်းရောဂါနှင့် တွဲ၍တွေ့ရှိရတတ်သည်။ အခြားကျန်းမာရေးပြဿနာများကြောင့် ဖြစ်ပေါ်ခြင်းမဟုတ်ပါ။ စိတ်ရောဂါ၊ အတက်ရောဂါ၊ နှလုံးရောဂါများ ခံစားနေရခြင်းမဟုတ်ပါ။

ရောဂါလက္ခဏာများ

အငိုကြီး၍တက်သလိုဖြစ်သောကလေးများတွင် အောက်ပါဖြစ်စဥ်များကို အစဥ်အတိုင်းတွေ့ရနိုင်သည်။

  • ပထမဦးစွာ အကြောင်းတစ်ခုခုကြောင့် စငိုပြီး စက္ကန့်ပိုင်းခန့် အငိုရပ်ကာ အသက်ရှူ ခဏရပ်သွားမည် (ယင်းသည် အထက်တွင်ဖော်ပြခဲ့သော Reflex ဟုခေါ်သည့် အလိုအလျောက် ဖြစ်စဉ်တစ်မျိုးဖြစ်သည်)
  • ထို့နောက် ကလေးခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာပြီး ကလေး၏ နှုတ်ခမ်းများပြာလာခြင်း (သို့မဟုတ်) ဖြူဖျော့ခြင်းများ ရှိနိုင်သည်
  • အချို့ကလေးများတွင် သတိလစ်သည်အထိ ဖြစ်နိုင်သည်၊ သတိလစ်ပြီးနောက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာပြီး ခြေ၊ လက်တို့ အနည်းငယ်တုန်ကာ တက်နေသကဲ့သို့ပုံစံမျိုး တွေ့ရနိုင်သည်
  • အထက်ပါဖြစ်စဉ်များ စက္ကန့်ပိုင်းခန့် ဖြစ်ပေါ် ပြီး ကလေးသည် တစ်မိနစ်၊ နှစ်မိနစ်အတွင်း အသက်ချက်ချင်းပြန်ရှူ၍ ပုံမှန်အတိုင်း ပြန်လည်ပြုမူလှုပ်ရှားသည်၊ တစ်ခါတစ်ရံ ခဏအိပ်ပျော်သွားတတ်သည်
  • ယေဘုယျအားဖြင့် နောက်ဆက်တွဲ ပြဿနာများ မရှိတတ်ပေ
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများ သေချာလျှင် ဆေးရုံဆေးခန်းပြသရန်မလိုပါ။ သို့သော် မသေချာပါက ကလေးဖြစ်နေချိန်တွင် ဗွီဒီယိုရိုက်ထားပြီး သင်၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသနိုင်သည်။ ထို့ပြင် အောက်ပါအခြေအနေများကြုံတွေ့ပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ။

  • နေ့စဉ်နီးပါးဖြစ်လာခြင်း
  • ဖြစ်ချိန်ကြာလာခြင်း
  • ခန္ဓာကိုယ်တောင့်သည်ထက် ခြေလက်များ ပို၍တုန်နေတတ်ခြင်း
  • အချိန်ကြာမြင့်စွာ သတိလစ်ခြင်း၊ မှိန်းနေခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း
  • မိဘများအနေဖြင့် ကလေး၏ ဤဖြစ်စဉ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း
ကုသခြင်း
ရှေးဦးကုသခြင်း

ကလေးငယ်၏ အိမ်သားများကိုယ်တိုင် အိမ်တွင်ပြုစုစောင့်ရှောက်နိုင်သည်။

လိုက်နာရန်အချက်များ
  • ထိုသို့ဖြစ်ချိန်တွင် ကလေးကိုဘေးကင်းသောနေရာသို့ရွှေ့ပါ၊ ကလေး၏အနီး၌ ထိခိုက်ဒဏ်ရာရစေနိုင်သော အရာဝတ္ထုများကိုဖယ်ရှားပါ
  • ကလေး၏ ခန္ဓာကိုယ်ကို ဘေးတစောင်းအနေအထားဖြင့် ထားရှိရမည်
  • ထိုသို့ဖြစ်နေစဥ် ကလေးနှင့်အတူရှိနေပေးပါ
  • ကလေးသတိပြန်ရလာချိန်တွင် ကလေးကိုနှစ်သိမ့်ပေးပါ
ရှောင်ရန်အချက်များ
  • ထို့သို့ဖြစ်နေစဉ် ကလေး၏မျက်နှာကို ရေအေးဖြင့် ပက်ခြင်း၊ ခြေလက်ချိုးခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်သင့်ပါ
  • ကလေး၏ပါးစပ်ထဲသို့ လက်ထည့်ခြင်း၊ ပစ္စည်းများထည့်ခြင်း မပြုလုပ်ရပါ
  • အရေးပေါ်အသက်ကယ်ခြင်း၊ လေမှုတ်သွင်းခြင်းများမပြုလုပ်ရပါ
  • ကလေးသတိပြန်ရလာချိန်တွင် ကလေးကိုဆူပူအပြစ်တင်ခြင်းမလုပ်ပါနှင့်

ဤသို့ဖြစ်ခြင်းသည် ရောဂါမဟုတ်သောကြောင့် ယေဘုယျအားဖြင့် သီးသန့်ကုသမှုများပေးရန် မလိုအပ်ပါ။ သွေးစစ်၊ ဓာတ်မှန်ရိုက်ခြင်းများ မလိုအပ်ပါ။ ကလေးအသက်အရွယ် ကြီးလာပါက အလိုအလျောက် ပျောက်သွားလိမ့်မည်။

ကာကွယ်ခြင်း

ကာကွယ်ရန် နည်းလမ်း အတိအကျမရှိသော်လည်း အောက်ပါအချက်များ အကြံပြုလိုသည်။

  • ကလေး၏ စာသင်ချိန်၊ အနားယူချိန်၊ ကစားချိန်၊ အိပ်ချိန်တို့ ပုံမှန်လုံလောက်ပါစေ
  • တချို့ စိတ်အလိုမကျဖြစ်လာချိန်များတွင် ကလေးအား အာရုံလွှဲပြောင်းပေးပါ
  • ကလေး စိတ်အလိုမကျဖြစ်ချိန်၊ ဒေါသထွက်ချိန်တွင် အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူတတ်စေရန် သင်ကြားပေးပါ
  • ကလေး၏ စိတ်ခံစားမှုများကို နှုတ်ဖြင့် (သို့မဟုတ်) အမူအရာ၊ ရုပ်ပုံကားချပ်များဖြင့် ဖော်ပြတတ်စေရန် သင်ကြားပေးပါ
  • ကလေးငိုမည်စိုး၍ အရာရာ အလိုလိုက်နေခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်သည်

ဆက်လက်ဖတ်ရှုရန်

References:

  1. Royal Children’s Hospital. (n.d.). Kids health info: Breath holding. Retrieved June 18, 2025, from https://www.rch.org.au/kidsinfo/fact_sheets/Breath_holding/
  2. NHS. (2023). Breath-holding in babies and children. NHS.uk. Retrieved June 18, 2025, from https://www.nhs.uk/conditions/breath-holding-in-babies-and-children/
  3. Children’s Hospital Colorado. (n.d.). Breath-holding spells in kids. Retrieved June 18, 2025, from https://www.childrenscolorado.org/just-ask-childrens/articles/breath-holding-spells/
  4. The Sydney Children’s Hospitals Network. (n.d.). Breath-holding spells factsheet. Retrieved June 18, 2025, from https://www.schn.health.nsw.gov.au/breath-holding-spells-factsheet

Published: 30 August 2024

Last updated: 16 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.