မွေးရာပါအမှတ်ဆိုသည်မှာ မွေးကင်းစအရွယ်မှစ၍ တွေ့ရှိရသည့်၊ ပုံမှန်အရေပြားနှင့် မတူညီဘဲ ပုံသဏ္ဌာန်၊ အရောင်အသွေး ကွဲပြားနေသော အစက်၊ အကွက်များဖြစ်သည်။ ၎င်းတို့သည် အလွန်အဖြစ်များတတ်ပြီး အရွယ်အစား၊ ပုံသဏ္ဌာန်မျိုးစုံတွေ့ရသည်။ မွေးရာပါအမှတ်များသည် မွေးဖွားစဉ်ကတည်းက ပါရှိခြင်း သို့မဟုတ် မွေးဖွားပြီး အချိန်ကာလတစ်ခုရောက်မှ ပိုမိုကြီးမားထင်ရှားလာခြင်းများ ဖြစ်နိုင်သည်။ အမှတ်အများစုသည် ကလေး၏အသက်အရွယ်တစ်ခုတွင် အလိုအလျောက် ပျောက်ကွယ်သွားနိုင်သော်လည်း အချို့အမျိုးအစားများသည် တစ်သက်လုံးစွဲမြဲနေတတ်သည်။ အများအားဖြင့် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်စေခြင်းမရှိ၊ နာကျင်ခြင်းလည်း မရှိချေ။ သို့သော် အလှအပဆိုင်ရာ ပြဿနာတစ်ရပ်အနေဖြင့် ကြုံတွေ့ရနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မွေးရာပါအမှတ်များကို ဖြစ်စေသည့် တိကျသော နောက်ခံအကြောင်းရင်း မရှိပေ။ သဘာဝအတိုင်း အလိုအလျောက်ဖြစ်သော အခြေအနေတစ်ခုဖြစ်သည်။ အချို့အမှတ်အမျိုးအစားများသည် မိသားစုအလိုက် အဖြစ်များသည်။ မျိုးဗီဇနှင့် သက်ဆိုင်နိုင်သည်ဟု ယူဆကြသည်။ အချို့မှာ နောက်ခံရောဂါတစ်ခုခု၏ ကနဦးလက္ခဏာအဖြစ်တွေ့ရသည်။ သို့သော် ကိုယ်ဝန်ဆောင်မိခင်၏ စားသောက်နေထိုင်မှုများနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အထောက်အထားမရှိပါ။
- သွေးကြောများမှဖြစ်သော အမှတ်များနှင့်
- အရေပြား အရောင်ခြယ်ဓာတ် (ဆဲလ်) များမှဖြစ်သော အမှတ်များဟူ၍ ခွဲခြားနိုင်သည်။
သွေးကြောမှဖြစ်သောအမှတ်များ
စာနီအမှတ် (Salmon pink patch or Stork bite)
ဤအမှတ်များသည် အရေပြားအောက်ရှိ ဆံခြည်မျှင်သွေးကြောလေးများ ပေါင်းစုကာ ဖြစ်ပေါ်လာသည်။ ကလေးငယ်၏ ဂုတ်၊ ဦးခေါင်း၊ မျက်ခုံးတစ်ဝိုက်နှင့် မျက်လုံးနှစ်လုံးအကြားတွင် အနီရောင် (သို့မဟုတ်) ပန်းရောင်အကွက်ငယ်များအဖြစ်တွေ့ရသည်။ အရေပြားအပေါ်သို့ အဖုအပိမ့်ထွက်ခြင်းမျိုး မဟုတ်ဘဲ ပတ်ဝန်းကျင်အရေပြားနှင့် တစ်ပြေးညီတည်းရှိတတ်သည်။ အထူးသဖြင့် ကလေးငိုသောအခါတွင် အရောင်ပိုရဲကာ ထင်ရှားလာတတ်သည်။ ၎င်းတို့သည် ကလေးအသက် (၁)နှစ် မှ (၂)နှစ်အရွယ်တွင် မှေးမှိန် ပျောက်ကွယ်သွားလေ့ရှိသော်လည်း လည်ဂုတ်တွင်ရှိသောအမှတ်များမှာမူ အချိန်ကြာမြင့်စွာ တည်ရှိနေတတ်သည်။ ဤစာနီအမှတ်များသည် ကလေးကို အန္တရာယ်ဖြစ်စေနိုင်ခြင်းမရှိ၊ သီးခြားကုသမှု မလိုအပ်ပါ။
စတော်ဘယ်ရီအမှတ် (Strawberry haemangioma)
ကလေး၏ သွေးကြောငယ်များဖောင်းကြွရာမှ ဖြစ်ပေါ်လာသော စတော်ဘယ်ရီသီးပုံစံ အနီရဲရဲအဖု အလုံးငယ်များဖြစ်သည်။ မွေးကင်းစတွင်တွေ့နိုင်သော်လည်း အများအားဖြင့် မွေးပြီးအချိန်အတန်ကြာမှ ပိုမိုထင်ရှားလာတတ်သည်။ သေးငယ်သောအနီစက်မှ ကြီးမားထင်ရှားသော သွေးကြောဖုကြီးအထိ တွေ့နိုင်သည်။ တစ်ခါတစ်ရံ အရေပြားအောက်တွင် ဖြစ်ပွါးပါက ခရမ်းရောင်အကွက်၊ အဖုအဖြစ်လည်း တွေ့ရတတ်သည်။ မျက်နှာ၊ ဦးရေပြားနှင့် လည်ပင်းများတွင် အတွေ့ရများသည်။ မိန်းကလေးများ၊ လမစေ့ဘဲ စောမွေးသောကလေးများ၊ ပေါင်မပြည့်သောကလေးများနှင့် အမြွှာကလေးများတွင် အဖြစ်များသည်။
ကလေးငယ်ကြီးထွားလာသည်နှင့်အမျှ ထိုအမှတ်သည် ပို၍ဖောင်းကြွလာသည်။ အကြမ်းအားဖြင့် ကလေးအသက် (၆)လ မှ (၁)နှစ်အတွင်း အမှတ်၏အရွယ်အစား အကြီးဆုံးဖြစ်တတ်သည်။ ထို့နောက် တဖြည်းဖြည်းကျုံ့ဝင်သေးငယ်လာပြီး အမှတ်အများစုသည် ကလေးအသက် (၁၀) နှစ်ခန့်တွင် အရေးအကြောင်းသာကျန်ရှိသည်အထိ ပျောက်ကွယ်သွားတတ်သည်။
ပုံမှန်အားဖြင့် သီးခြားကုသမှု မလိုအပ်သော်လည်း ပါးစပ်၊ နှာခေါင်း၊ မျက်စိတစ်ဝိုက်တွင်ဖြစ်ပွါးလျှင် အမြင်အာရုံထိခိုက်ခြင်း၊ အသက်ရှူ၊ အစာစားရာတွင်ခက်ခဲခြင်း၊ ထိခိုက်ပေါက်ပြဲခြင်းများ ဖြစ်နိုင်သဖြင့် ဆေးကုသမှုခံယူရန် လိုအပ်သည်။ ဆရာဝန်မှ စစ်ဆေးပြီး သွေးကြောများ တဖြည်းဖြည်း ကျုံ့ဝင်သွားစေရန် သောက်ဆေးများ၊ တစ်ခါတစ်ရံ အပူဖြင့် ကုသခြင်း၊ လေဆာဖြင့်ကုသခြင်း၊ ခွဲစိတ်ခြင်းစသည့် ကုသမှုများကို ပြုလုပ်နိုင်သည်။
အရေပြားပေါ်တွင် သွေးကြောဖုလုံးများ အလွန်များနေပါက ခန္ဓာကိုယ်တွင်းရှိ အခြားအစိတ်အပိုင်းများတွင်လည်း သွေးကြောများဖောင်းနေနိုင်သဖြင့် အာထရာဆောင်းဖြင့် ရှာဖွေစမ်းသပ်မှုများ ပြုလုပ်ရနိုင်သည်။
ဝိုင်နီအမှတ် (Port wine stain)
ဤအမှတ်များသည် အရေပြားအလွှာကြားရှိ သွေးကြောငယ်အစုအဝေးများ ဖောင်းပွလာခြင်းဖြစ်ပြီး နီညိုရောင်၊ ခရမ်းရောင်အကွက်များအဖြစ်တွေ့ရသည်။ အဖုအပိမ့်ထွက်ခြင်းမျိုးမဟုတ်ဘဲ အမှတ်၏အနီးတစ်ဝိုက်ရှိ ပတ်ဝန်းကျင်အရေပြားနှင့် တစ်ပြေးညီတည်ရှိတတ်သည်။ ကလေး၏ကိုယ်ခန္ဓာအနှံ့ ဖြစ်ပွါးနိုင်ပြီး မျက်နှာ၊ လည်ပင်းများတွင် အများဆုံးတွေ့ရသည်။ အများအားဖြင့် ခန္ဓာကိုယ်တစ်ဖက်တည်းတွင်သာ ဖြစ်လေ့ရှိသည်။ ကလေးကြီးထွားသည်နှင့်အမျှ အမှတ်များ ပိုမိုကြီးမားထူထဲလာတတ်ပြီး အရောင်ပိုရင့်လာတတ်သည်။ စာနီအမှတ်၊ စတော်ဘယ်ရီအမှတ်များကဲ့သို့ အရောင်ဖျော့သွားခြင်း၊ ပျောက်သွားခြင်းမျိုး မရှိပါ။ ထို့ကြောင့် လေဆာကုထုံးဖြင့်ကုသခြင်းကို ငယ်စဉ်ကပင်ပြုလုပ်ကြသည်။
ဤအမှတ်အမျိုးအစားသည် အချို့သောရောဂါစုများ (ဥပမာ – Sturge Weber syndrome) ၏ ဝိသေသလက္ခဏာတစ်ခု ဖြစ်နိုင်ခြေရှိပြီး တက်ခြင်း၊ လေဖြတ်ခြင်းနှင့် မျက်စိရေတိမ် စသည့် လက္ခဏာများ တွေ့ရတတ်သည်။ လိုအပ်ပါက ထိုရောဂါစုအတွက် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရနိုင်သည်။
အရေပြားရောင်ခြယ်ပစ္စည်းမှဖြစ်သောအမှတ်များ
ကော်ဖီရောင်အမှတ် (Café-au-lait spots)
ဤအမှတ်များသည် ကလေး၏ခန္ဓာကိုယ် မည်သည့်နေရာတွင်မဆို တွေ့နိုင်သည့် ကော်ဖီရောင် (သို့မဟုတ်) အညိုရင့်ရောင်ရှိသော အကွက်များဖြစ်သည်။ အလွန်အဖြစ်များသော မွေးရာပါအမှတ်အမျိုးအစားဖြစ်ပြီး ကလေးအများစုတွင် ဤအမှတ်များ တစ်ခု (သို့မဟုတ်) နှစ်ခုရှိနေတတ်သည်။ ပုံသဏ္ဌာန်၊ အရွယ်အစား အမျိုးမျိုးဖြစ်နိုင်ပြီး အရေပြားတွင် တစ်သက်လုံး စွဲမြဲနေတတ်သည်။ သီးခြားကုသမှု မလိုအပ်ပါ။ သို့သော် ယေဘုယျအားဖြင့် အပျိုဖော်မဝင်ခင်ကလေးများအတွက် အနည်းဆုံး (၅) မီလီမီတာ အချင်းနှင့် အပျိုဖော်ဝင်ပြီးသူများအတွက် အနည်းဆုံး (၁၅) မီလီမီတာ အချင်းရှိသည့် အဆိုပါ အမှတ်အမျိုးအစား (၆) ခုနှင့်အထက်ရှိပါက Neurofibromatosis ဟုခေါ်သော ဦးနှောက်အာရုံကြောရောဂါစု၏ လက္ခဏာဖြစ်နိုင်သဖြင့် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရတတ်သည်။
အပြာရောင်အကွက်များ (Mongolian spots or congenital dermal melanocytosis)
ဤအမှတ်များကို မွေးကင်းစကလေးတွင် သွေးခြည်ဥနေသကဲ့သို့ စိမ်းပြာရောင်အကွက်အဖြစ် တွေ့ရသည်။ အရေပြားရှိ ရောင်ခြယ်ပစ္စည်းများ ပုံမမှန်စုဝေးနေမှုကြောင့် ဖြစ်ပေါ်လာသည်။ စိမ်းပြာရောင်မှ အညိုရင့်ရောင်ထိ အရောင်အသွေးအမျိုးမျိုး တွေ့ရှိတတ်သည်။ ၎င်းတို့သည် ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်ပေါ်တတ်ပြီး ပတ်ဝန်းကျင် အရေပြားနှင့် မျက်နှာပြင်တစ်ညီတည်း ဖြစ်နေလေ့ရှိသည်။
အဓိကအားဖြင့် ကလေး၏ နောက်ကျောဘက်နှင့် တင်ပါးနေရာများတွင် အတွေ့ရများသည်။ အသားရောင်ရင့်သောသူများတွင် ပိုတွေ့ရသည်။ ကလေးကို အန္တရာယ်ဖြစ်နိုင်စေခြင်းမရှိ၊ အခြားရောဂါတစ်ခုခုနှင့် ဆက်စပ်ခြင်းလည်းမရှိပေ။ သီးခြားကုသမှုမလိုအပ်ဘဲ အကြမ်းအားဖြင့် ကလေးအသက် (၄) နှစ်ကျော်လျှင် ပျောက်ကွယ်သွားလေ့ရှိသည်။
မွေးရာပါ အမည်းအမှတ်များ (Congenital melanocytic nevus)
ဤအမှတ်များကို ကလေး၏ခန္ဓာကိုယ်တွင် အညိုရောင် (သို့မဟုတ်) အမည်းရောင် အစက်၊ အကွက်များအဖြစ် တွေ့ရသည်။ ၎င်းတို့သည် အရေပြားအရောင်ခြယ်ဆဲလ်များ စုစည်းနေခြင်းဖြစ်ပြီး အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်သည်။ တချို့ကလေးများတွင် တစ်ကိုယ်လုံးနီးပါး ဖုံးအုပ်ထားသော အမည်းအမှတ်ကြီးများကို တွေ့ရသည်။ ကလေး၏ ဦးရေပြားနှင့် ကိုယ်ထည်ပိုင်းတွင် အတွေ့ရများပြီး နာကျင်စေခြင်းမရှိပေ။ လူပျိုဖော် အပျိုဖော်ဝင်စအချိန်တွင် အရွယ်ကြီးမားခြင်း၊ အရောင်ရင့်လာခြင်း၊ အမွေးအမှင်များပေါက်ခြင်းများ ဖြစ်လာတတ်သည်။
ရုတ်တရက် အရွယ်အစား အလွန်ကြီးမားလာခြင်း၊ မျက်နှာပြင် မညီမညာ ဖြစ်လာခြင်း၊ အနာပုံစံ ဖြစ်လာခြင်း စသည်တို့သည် ကင်ဆာလက္ခဏာများဖြစ်သဖြင့် အမြန်ပြသကုသရန် လိုအပ်သည်။ တစ်ကိုယ်လုံး နီးပါးဖုံးအုပ်ထားသော အမည်းအမှတ်ကြီးများသည် တစ်ခါတစ်ရံ ဦးနှောက်တွင်းအကျိတ်တချို့နှင့် တွဲတတ်သည်။
နောက်ဆက်တွဲပြဿနာများ
မွေးရာပါအမှတ်များသည် အများအားဖြင့် နောက်ဆက်တွဲပြဿနာများ မရှိတတ်သော်လည်း အမျိုးအစားအပေါ်လိုက်၍_
- ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်နှင့် အလှအပကို ထိခိုက်ခြင်း
- ထိခိုက်ဒဏ်ရာရခြင်းကြောင့် သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ နာကျင်ခြင်း၊ အနာဖြစ်ခြင်း
- အချို့အမှတ်များတွင် ကင်ဆာသို့ အသွင်ပြောင်းနိုင်ခြေရှိခြင်း
- နောက်ခံရောဂါစု တစ်ခုခုရှိနေနိုင်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
သင့်ကလေး၏ မွေးရာပါအမှတ်များနှင့် ပတ်သက်၍ အောက်ပါအခြေအနေများရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များ (ဥပမာ_ကလေးဆရာဝန်၊ အရေပြားဆရာဝန်)နှင့်တိုင်ပင်ကုသခြင်း၊ လွှဲပြောင်း ကုသခြင်းများ ပြုလုပ်ပေးနိုင်သည်။
- သင့်ကလေး၏ မွေးရာပါအမှတ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာသံသယရှိခြင်း
- မျက်စိ၊ နှာခေါင်း၊ ပါးစပ်တစ်ဝိုက်တွင် ဖြစ်ပေါ်ခြင်း
- အရေအတွက်အလွန်များခြင်း
- အချိန်တိုအတွင်း အရွယ်အစား၊ ပုံသဏ္ဌာန် များစွာပြောင်းလဲခြင်း
- သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ အနာဖြစ်ခြင်း
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်၊ အထွေထွေစမ်းသပ်ချက်နှင့် မွေးရာပါအမှတ်များကို အသေးစိပ်စစ်ဆေးခြင်းဖြင့် ရောဂါသတ်မှတ်သည်။ ဓာတ်ပုံရိုက် မှတ်တမ်းယူခြင်းများ ပြုလုပ်နိုင်သည်။ လိုအပ်ပါက အာထရာဆောင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ အရေပြားအသားစစစ်ဆေးခြင်း စသည်တို့ကို မွေးရာပါအမှတ်များနှင့် ဆက်နွယ်နေသောရောဂါစုများ ရှာဖွေရန်အတွက် ပြုလုပ်နိုင်သည်။
ကုသခြင်း
မွေးရာပါအမှတ်အများစုသည် ကလေးအသက်ကြီးလာလျှင် ပျောက်ကွယ်သွားလေ့ရှိသဖြင့် သီးခြားကုသမှု မလိုအပ်ပေ။ မွေးရာပါအမှတ်များ ပျောက်ကွယ်ရန် ကုသခြင်းများကို မိမိသဘောဖြင့် မပြုလုပ်သင့်ပါ။ သက်ဆိုင်ရာဆရာဝန်နှင့် ပြသ၍ လိုအပ်ပါက_
- ဆေးသောက်ခြင်း (e.g. propranolol)
- အမှတ်အတွင်းသို့ ထိုးဆေးထိုးခြင်း (injection of steroids)
- အအေးဓာတ်ဖြင့်ခြောက်ကပ်စေခြင်း (cryotherapy)
- အပူဖြင့်ရှို့၍ ကုသခြင်း (diathermy)
- လေဆာကုထုံးဖြင့် ကုသခြင်း (laser removal)
- ခွဲစိတ်ဖယ်ရှားခြင်း (surgical removal) များ ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
မွေးရာပါအမှတ်များမဖြစ်အောင် ကြိုတင်ကာကွယ်၍မရပါ။
References:
- NHS. (2023). Birthmarks. NHS.uk. Retrieved June 17, 2025, from https://www.nhs.uk/conditions/birthmarks/
- Cleveland Clinic. (2025). Birthmarks. Cleveland Clinic. Retrieved June 17, 2025, from https://my.clevelandclinic.org/health/diseases/12159-birthmarks
- Cleveland Clinic. (2025). Café-au-lait spots. Cleveland Clinic. Retrieved June 17, 2025, from https://my.clevelandclinic.org/health/diseases/22627-cafe-au-lait-spots
- WebMD. (2023). Skin conditions: Pigmented birthmarks. Retrieved June 17, 2025, from https://www.webmd.com/skin-problems-and-treatments/birthmarks
- Mayo Clinic. (n.d.). Birthmarks. Retrieved June 17, 2025, from https://www.mayoclinic.org/diseases-conditions/hemangioma/in-depth/birthmarks/art-20546823
Published: 30 August 2024
Last updated: 16 July 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.