ကြက်ညှာချောင်းဆိုးရောဂါ ဆိုသည်မှာ ကလေးများတွင် အဖြစ်များသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သောရောဂါများ အုပ်စုတွင် ပါ၀င်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကြက်ညှာချောင်းဆိုးရောဂါသည် ဘက်တီးရီးယားပိုး (Bordetella pertussis) ကြောင့် ဖြစ်ပွါးသည်။ ကြက်ညှာချောင်းဆိုးရောဂါပိုး ရှိသူကလေးများ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားလေးများမှ တစ်ဆင့် လေထုထဲသို့ ပျံ့နှံ့ပြီး အခြားသူထံသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက်တစ်နှစ်အောက် ကလေးများတွင် အဖြစ်များပြီး အသက်ခြောက်လအောက် ကလေးငယ်များတွင် ပိုမိုပြင်းထန်တတ်သည်။
ရောဂါလက္ခဏာများ
ကြက်ညှာချောင်းဆိုးရောဂါပိုး ကူးစက်ခံရပြီးနောက် (၅)ရက် မှ (၁၀)ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်လာတတ်သည်။ တစ်ခါတစ်ရံ လက္ခဏာပေါ်ရန် (၃) ပတ်ခန့်အထိ ကြာတတ်သည်။
လက္ခဏာအဆင့် (၃) ဆင့်ရှိသည်။
ကနဦးအဆင့်
(၁)ပတ် မှ (၂)ပတ်ခန့်အထိ ကြာတတ်သည်။ အဖျားငွေ့ငွေ့ ရှိခြင်း၊ နှာချေခြင်း၊ နှာရည်ကျခြင်း၊ ချောင်းအနည်းငယ်ဆိုးခြင်းများ ဖြစ်တတ်သည်။ အသက်ငယ်လွန်းသော ကလေးများတွင် ရုတ်တရက် အသက်ရှူရပ်တတ်သည်။
ချောင်းဆိုးအဆင့်
ကနဦး အဆင့်ပြီးနောက် (၃) ပတ်မြောက်တွင် ချောင်းဆိုးခြင်းသည် ပို၍ပြင်းထန်လာတတ်သည်။ ချောင်းတစ်ကြိမ်ဆိုးလျှင် အဆက်မပြတ် ဆက်တိုက်ဆိုးတတ်ပြီး မျက်နှာတပြင်လုံး နီရဲရာမှ ပြာနှမ်းလာသည်အထိ ဖြစ်တတ်သည်။ ချောင်းဆက်တိုက်ဆိုးပြီးတိုင်း အရှိန်ပြင်းပြင်းနှင့် အသံထွက်အောင် အသက်ရှူသွင်းတတ်သည်။ ချောင်းဆက်တိုက်ဆိုးခြင်းကြောင့် အန်ခြင်း၊ မောခြင်း၊ အသက်ရှူခက်ခဲခြင်း၊ နို့ကောင်းကောင်း မစို့နိုင်ခြင်း၊ တစ်ခါတစ်ရံ ကလေးငယ်များ၏ မျက်သားအဖြူတွင် သွေးထွက်ခြင်းစသော လက္ခဏာများလည်း တွေ့ရတတ်သည်။ ဤကာလသည် (၁)ပတ် မှ (၆)ပတ်ခန့်၊ တစ်ခါတစ်ရံ (၁၀) ပတ်အထိ ကြာတတ်ပြီး ဤအဆင့်တွင် အခြားသူထံသို့ ရောဂါကူးစက်နိုင်ခြေလည်း မြင့်မားသည်။


နာလန်ထအဆင့်
ဤအဆင့်တွင် အထက်ပါချောင်းဆိုးလက္ခဏာများ တဖြည်းဖြည်းသက်သာလာပြီး ပုံမှန်အားဖြင့် (၂)ပတ် မှ (၄)ပတ်ထိ ကြာမြင့်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
လသားအရွယ် ကလေးများတွင် ပိုမိုဖြစ်တတ်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာအချို့မှာ_
- အဆုတ်ရောင်ရောဂါ (Pneumonia) ဖြစ်ခြင်း
- အသက်ရှူရပ်ခြင်း
- ရေဓာတ် ဆုံးရှုံးခြင်း
- အာဟာရချို့တဲ့လာခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း
- ဦးနှောက်ရောင်ခြင်း (Encephalitis) တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
အများအားဖြင့် ကြက်ညှာချောင်းဆိုး ရောဂါဖြစ်သူနှင့် ထိတွေ့မှုရာဇဝင်၊ ရောဂါလက္ခဏာအဆင့်များပေါ် မူတည်၍ ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်ကြောင်း သိရှိနိုင်သည်။ အသေးစိတ် တိတိကျကျ စစ်ဆေး သိရှိလိုပါက ကြက်ညှာချောင်းဆိုးရောဂါ သံသယရှိသူ ကလေး၏ သွေးနှင့် အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးနိုင်သည်။ PCR စစ်ဆေးမှုကဲ့သို့သော လျင်မြန်သည့် ရောဂါရှာဖွေစစ်ဆေးခြင်း နည်းလမ်းများ ဖြင့် ကြက်ညှာချောင်းဆိုးရောဂါကို နာရီအနည်းငယ်အတွင်း တိကျစွာ သိရှိနိုင်သည်။
ကုသခြင်း
ကြက်ညှာချောင်းဆိုးရောဂါသည် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သည့်အတွက် ပဋိဇီဝပိုးသတ်ဆေးများဖြစ်သည့် Azithromycin၊ Erythromycin သို့မဟုတ် Clarithromycin စသည်တို့ဖြင့် စောစီးစွာ ကုသမှုခံယူခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ကနဦးအဆင့်တွင် ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသမှုရရှိပါက နောက်ဆက်တွဲ ပြဿနာများကို လျော့နည်းစေနိုင်သည့်အပြင် ရောဂါကူးစက်နိုင်ခြေကိုလည်း ကျဆင်းစေသည်။ ပဋိဇီဝဆေးများကို (၁၀) ရက်မှ (၁၄) ရက်အထိ ရက်ပြည့်အောင် သောက်သုံးသင့်သည်။ ပါရာစီတမောကဲ့သို့သော အဖျားကျဆေးများ တိုက်ခြင်း၊ အရည်များများတိုက်ခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာများကို ပမာဏနည်းနည်းဖြင့် မကြာခဏ ကျွေးပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
ကာကွယ်ခြင်း
ကြက်ညှာချောင်းဆိုးရောဂါကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။
- ကလေးငယ်တိုင်းအား ကြက်ညှာချောင်းဆိုး ရောဂါပိုးအပါအဝင် ပိုးငါးမျိုးကာကွယ်ပေးသော ငါးမျိုးစပ်ကာကွယ်ဆေးကို အသက် (၂) လ၊ (၄) လ၊ (၆) လတွင် တစ်ကြိမ်စီ၊ ထို့နောက် အသက် (၁) နှစ်ခွဲနှင့် (၄)နှစ် မှ (၆) နှစ်ကြားတွင် တစ်ကြိမ်စီ ထိုးနှံသင့်သည်၊ ဤငါးကြိမ်ထိုးခြင်းဖြင့် (၉၈) ရာခိုင်နှုန်းအထိ ထိရောက်သော ကာကွယ်မှုကို ရရှိနိုင်သည်
- ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန် (၂၇) ပတ်နှင့် (၃၆) ပတ်ကြားတွင် တစ်ကြိမ် ထိုးနှံသင့်သည်
- ကြက်ညှာချောင်းဆိုးရောဂါရှိသူ ကလေးငယ်များသည် ရောဂါပိုးကူးစက်မှု မြင့်မားသောကြောင့် ချောင်းစတင်ဆိုးသည့်နေ့မှ (၃) ပတ်ခန့်အထိ မူကြို သို့မဟုတ် ကျောင်းမသွားဘဲ သီးသန့်ခွဲနေရန် လိုအပ်သည်
Reference:
- Centers for Disease Control and Prevention. (n.d.). Pertussis (whooping cough). Retrieved July 26, 2025, from https://www.cdc.gov/pertussis/index.html
- Cleveland Clinic. (2024). Whooping cough (pertussis). Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/15661-whooping-cough-pertussis
- Mayo Clinic. (2022). Whooping cough: Diagnosis & treatment. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/whooping-cough/diagnosis-treatment/drc-20378978
- Mayo Clinic. (2022). Whooping cough: Symptoms & causes. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/whooping-cough/symptoms-causes/syc-20378973
- NHS. (2024). Whooping cough. NHS. Retrieved July 26, 2025, from https://www.nhs.uk/conditions/whooping-cough/
Published: 30 August 2024
Last updated: 1 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.