နမိုးနီးယား (သို့မဟုတ်) အဆုတ်ရောင်ရောဂါဆိုသည်မှာ အဆုတ်အတွင်းသို့ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် မှိုပိုးအစရှိသော ရောဂါပိုးများ ဝင်ရောက်သောကြောင့် အဆုတ်လေအိတ်ငယ်များ (Alveoli) နှင့် လေပြွန်ငယ်များ (Bronchioles) ရောင်ရမ်းခြင်းဖြစ်သည်။ ထိုသို့ရောင်ရမ်းခြင်းကြောင့် လေအိတ်ငယ်များတွင် အရည်စုခြင်း၊ ပြည်များစုလာခြင်းဖြစ်ပြီး ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ အဖျားကြီးခြင်း၊ အသက်ရှူမဝခြင်း တို့ဖြစ်နိုင်သည်။ အဆုတ်ရောင်ရောဂါသည် မပြင်းထန်သော သာမန်အဆင့်မှ အလွန်ပြင်းထန်သောအဆင့်အထိ ဖြစ်နိုင်သည်။ များသောအားဖြင့် ဘက်တီးရီးယားပိုးများကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါသည် အခြားသောပိုးများထက် ပိုမိုပြင်းထန်လေ့ရှိသည်။ အဆုတ်၏ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) တစ်ခုလုံး(သို့မဟုတ်) အဆုတ်နှစ်ခုလုံးတွင် အဆုတ်ရောင်ခြင်း တစ်ပြိုင်တည်းဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆုတ်ရောင်ရောဂါကို ဖြစ်စေသော ပိုးမွှားများစွာရှိသော်လည်း ၎င်းတို့ထဲတွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်ပိုးများကြောင့် အဆုတ်ရောင်ရောဂါ အများဆုံးဖြစ်ပွါးသည်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်သည် အဆုတ်ထဲသို့ ပိုးဝင်ခြင်းအန္တရာယ်မှ ကာကွယ်ပေးသည်။ သို့သော် ကိုယ်ခံအားစနစ်သည် ထိုရောဂါပိုးကို ကောင်းစွာတိုက်ထုတ်ခြင်း မပြုနိုင်သောအခါ အဆုတ်ရောင်ခြင်းကို ဖြစ်ပေါ်စေသည်။ အဆုတ်ရောင်ခြင်းကို ဖြစ်စေသော ပိုးမွှားများနှင့် ရောဂါပိုးကူးစက်ခံရသော နေရာအပေါ် မူတည်၍ အောက်ပါအတိုင်း အမျိုးအစားများ ခွဲခြားထားသည်။
- လူထုအတွင်း ကူးစက်သော အဆုတ်ရောင်ရောဂါ (Community Acquired Pneumonia – CAP) _ အဖြစ်အများဆုံးသော အဆုတ်ရောင်အမျိုးအစားဖြစ်သည်၊ ဖြစ်စေသော အကြောင်းရင်းများမှာ_
- ဘက်တီးရီးယားပိုးများ (ဥပမာ – Streptococcus pneumoniae၊ Legionella pneumonia၊ Mycoplasma pneumoniae)
- ဗိုင်းရပ်ပိုးများ _ ကိုဗစ် ၁၉ (COVID-19) အပါအ၀င် အအေးမိခြင်းနှင့် တုပ်ကွေးရောဂါကို ဖြစ်စေသောဗိုင်းရပ်ပိုးများ (Influenza viruses, Cold viruses, RSV)
- မှိုပိုးများ စသည်တို့ဖြစ်သည်
- တီဘီ အဆုတ်ရောင်ရောဂါ (Tuberculous pneumonia) _ တီဘီရောဂါ ကူးစက်မှုများသော ဒေသများတွင် အတွေ့များသည်
- ဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ကူးစက်သော အဆုတ်ရောင်ရောဂါ (Hospital-acquired pneumonia) _ အခြားရောဂါတစ်ခုခုကြောင့် ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူနေစဥ် ထိုနေရာများမှ အဆုတ်ရောင်ပိုး ကူးစက်ခံရခြင်းဖြစ်သည်
- အသက်ရှူစက်မှ ကူးစက်သော အဆုတ်ရောင်ရောဂါ (Ventilator-associated pneumonia) _ အထူးကြပ်မတ်ကုသဆောင်တွင် အချိန်ကြာမြင့်စွာ အသက်ရှူစက်တပ်ထားရသော လူနာများတွင် ပို၍ အဖြစ်များသည်
- ရေရှည်စောင့်ရှောက်မှုပေးသော နေရာများတွင် ကူးစက်သော အဆုတ်ရောင်ရောဂါ [Healthcare-associated pneumonia (HCAP)] _ ရေရှည်စောင့်ရှောက်မှုပေးသည့်နေရာ (ဥပမာ _ ဘိုးဘွားရိပ်သာများ) ကဲ့သို့ ကာလကြာရှည်စွာနေထိုင်ရသည့် နေရာများတွင် ကူးစက်သော အဆုတ်ရောင်ရောဂါဖြစ်သည်
- အစာသီးခြင်းကြောင့် ဖြစ်သော အဆုတ်ရောင်ရောဂါ (Aspiration pneumonia) _ အစားအစာ၊ အရည်၊ အန်ဖတ်စသည်တို့ သီးပြီး အသက်ရှူလမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်းကြောင့် အဆုတ်ရောင်ခြင်းဖြစ်သည်။ အများအားဖြင့် ဦးနှောက်ထိခိုက်ထားသော လူနာများ အစာမျိုချရခက်ခဲသော ရောဂါရှိသူများ၊ အရက်အလွန်အကျွံသောက်သုံးသူများ၊ နှာခေါင်းပိုက်မှအစာထည့်ရသူများတွင် တွေ့ရသည်
အဆုတ်ရောင်ရောဂါ အဖြစ်များသူများ
- အသက် (၅) နှစ်အောက် ကလေးများ
- အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ
- ဆေးရုံတက်နေသူများ (အထူးသဖြင့် အသက်ရှူစက်တပ်ထားသူများ)
- နာတာရှည် အဆုတ်ရောဂါအခံရှိသူများ [ဥပမာ _ ပန်းနာရင်ကျပ်ရောဂါ (Asthma)၊ နာတာရှည်လေပြွန်ကျဉ်းအဆုတ်ပွရောဂါ (COPD)]
- နှလုံးရောဂါ ရှိသူများ
- ဆေးရုံ၊ ဆေးခန်းဝန်ထမ်းများ
- ဆေးလိပ်သောက်သူများ
- အစာမျိုရခက်ခဲသောရောဂါရှိသူများ
- ဖုန်မှုန့်များ၊ မီးခိုးငွေ့များနှင့် ဓာတုဗေဒအငွေ့များစသည့် မသန့်ရှင်းသောလေထုကို ရှူရှိုက်နေရသူများ
- ကိုယ်ခံအားနည်းသူများ
ဥပမာ_- အိတ်ချ်အိုင်ဗွီ (HIV) ရောဂါရှိသူများ
- ဆီးချိုရောဂါရှိသူများ
- ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူများ
- ကင်ဆာဆေးသွင်းကုသမှု ခံယူနေသူများ
- ကျောက်ကပ်အားနည်းသူများ
- စတီးရွိုက်ဆေးကို ကြာရှည်စွာ အသုံးပြုသူများ)
ရောဂါလက္ခဏာများ
အဆုတ်ရောင်ရောဂါကို ဖြစ်ပေါ်စေသော ရောဂါပိုးမွှားများနှင့် ကိုယ်ခံစွမ်းအားပေါ်မူတည်၍ ရောဂါလက္ခဏာများသည် သာမန်အဆင့်မှ ပြင်းထန်သော ရောဂါလက္ခဏာအဆင့်ထိ ဖြစ်ပေါ်စေနိုင်သည်။ ဘက်တီးရီးယားကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါတွင် လက္ခဏာများ ပို၍ပြင်းထန်တတ်သည်။ အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများတွင် အဆုတ်ရောင်လက္ခဏာ သိသိသာသာ မပြဘဲ အစားအသောက်နည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ ဂယောင်ဂတမ်းဖြစ်ခြင်း စသည့် လက္ခဏာများလည်း တွေ့ရတတ်သည်။ အဆုတ်ရောင်ရောဂါတွင် အဖြစ်များသော ရောဂါလက္ခဏာများမှာ_
- အဖျားကြီးခြင်း
- ချောင်းဆိုးလျှင် အဝါရောင် (သို့မဟုတ်) အစိမ်းရောင်သလိပ်ပါခြင်း (သို့မဟုတ်) သွေးပါခြင်း
- ချောင်းဆိုးလျှင် သို့မဟုတ် အသက်ပြင်းပြင်းရှူလျှင် ရင်ဘတ်အောင့်ခြင်း
- အသက်ရှူမြန်ခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ဖြစ်ကြသည်။
ထို့အပြင် အားအင်ကုန်ခန်းခြင်း ၊နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း ၊ အစာစားချင်စိတ်မရှိခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်း စသည်တို့လည်း ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
တချို့သောလူနာများ (အထူးသဖြင့် ကိုယ်ခံအားနည်းသော လူနာများ) တွင် အဆုတ်ရောင်ရောဂါ၏ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာတတ်သည်။
- သွေးထဲသို့ ဘက်တီးရီးယားပိုးများရောက်ရှိခြင်း (ပိုးဆိပ်ပျံ့ခြင်း) (Bacteriaemia and sepsis)
- အဆုတ်လုပ်ငန်းဆောင်ရွက်ချက်များ ပျက်စီးခြင်း (Respiratory failure)
- အဆုတ်အမြှေးပါးအတွင်း ရေ၀င်ခြင်း (Pleural effusion)
- အဆုတ်နှင့် အဆုတ်အမြှေးပါးအတွင်း ပြည်တည်ခြင်း (Lung abscess and empyema)
- အဆုတ်တွင်းလေအိတ်နံရံများ ပျက်စီးခြင်း(Acute respiratory distress syndrome- ARDS)
- နဂိုရှိရင်းစွဲရောဂါအခံများ ပိုဆိုးလာခြင်း (ဥပမာ _ နှလုံးရောဂါ ရှိသူများတွင် ရုတ်တရက် နှလုံးအမောဖောက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်)
- ကျောက်ကပ်လုပ်ငန်းများ ပျက်စီးခြင်း (Kidney failure) တို့ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့်တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
လူကြီးများတွင် အဆုတ်ရောင်ရောဂါ ဖြစ်ပါက အသက် (၆၅) နှစ်နှင့် အထက်ရှိခြင်း၊ ကျောက်ကပ်လုပ်ငန်း ထိခိုက်ပျက်စီးခြင်း၊ အသက်ရှူနှုန်းမှာ တစ်မိနစ်တွင် အကြိမ် (၃၀) ထက်မြန်ခြင်း၊ သွေးပေါင်ချိန် (၉၀/၆၀) အောက်ကျခြင်းစသည့် လက္ခဏာများသည် အဆုတ်ရောင်ရောဂါ၏ ပြင်းထန် လက္ခဏာများဖြစ်ပြီး ထိုလက္ခဏာများရှိပါက အရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ ရောဂါအခံ ရှိမရှိ၊ ဆေးလိပ် သောက်သုံးခြင်း ရှိမရှိ၊ တီဘီရောဂါရှိသူနှင့် အနီးကပ်ထိတွေ့ခြင်း၊ လူဦးရေ ထူထပ်သောနေရာတွင် နေထိုင်ခြင်း ရှိ မရှိ၊ အလုပ်အကိုင်နှင့် တခြားလိုအပ်သည်များကို မေးမြန်းခြင်း နှင့် လူနာကိုစမ်းသပ်ခြင်းတို့ကို ဦးစွာပြုလုပ်ပေးလိမ့်မည်။ ထို့နောက်_
- သွေးစစ်ခြင်း
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (CXR)
- သွေးလွှတ်ကြောအတွင်းရှိ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဓာတ်များစစ်ဆေးခြင်း (Arterial blood gas – ABG)၊
- သလိပ်ကို တီဘီပိုးစစ်ခြင်း (Sputum AFB)
- သလိပ်ပိုးမွေးခြင်းနှင့် လိုအပ်ပါက
- အဆုတ်ကို ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းနှင့်
- အဆုတ်တွင် ရေ၀င်ပါက ထိုအရည်ကို အပ်ဖြင့်စုပ်ယူပြီး စစ်ဆေးခြင်း၊ ပိုးမွေးခြင်း စသည်တို့ကို ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
ရောဂါ၏ပြင်းထန်မှုပေါ် မူတည်၍ ကုသမှုများ ကွဲပြားနိုင်သည်။
အဆုတ်ရောင်ရောဂါကို ကုသရာတွင်_
- ပဋိဇီ၀ပိုးသတ်ဆေးများပေးခြင်း
ရောဂါဖြစ်စေသော ပိုးမွှားများပေါ်မူတည်၍ သက်ဆိုင်ရာ ပဋိဇီ၀ပိုးသတ်ဆေးပေးပြီး ကုသရသည်။ အဆိုပါဆေးများ (ဘက်တီးရီးယားပိုးသတ်ဆေး၊ မှိုပိုးသတ်ဆေး၊ ဗိုင်းရပ်ပိုးသတ်ဆေး) ကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ရက်ပြည့်အောင် စနစ်တကျသောက်ရန် အရေးကြီးသည်။ - လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်း
- ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်ရန် ရေဓာတ်ဖြည့်တင်းပေးခြင်း
- အဆုတ်အတွင်း ရေ (သို့မဟုတ်) ပြည် ဝင်ပါက ဖောက်ထုတ်ခြင်းများ ပြုလုပ်ရမည်။
ရောဂါလက္ခဏာများသက်သာစေရန်_
- ချောင်းဆိုးသက်သာဆေးများ ပေးခြင်း
- အဖျားကျဆေးနှင့် အကိုက်အခဲပျောက်ဆေးများ (Paracetamol၊ Ibuprofen) ပေးခြင်း
- အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း
- ရေနွေးငွေ့ ရှူရှိုက်ခြင်း စသည်တို့ဖြင့် ကုသနိုင်သည်။
ကာကွယ်ခြင်း
အောက်ဖော်ပြပါ နည်းလမ်းများ လုပ်ဆောင်ခြင်းဖြင့် အဆုတ်ရောင်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
- အဆုတ်ရောင်ရောဂါကိုကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း ဖြစ်သည်။ အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေများသူများကို ကြိုတင်ကာကွယ်ဆေးထိုးနှံပါ (ဥပမာ _ ရာသီတုပ်ကွေး ၊ ကိုဗစ်ကာကွယ်ဆေး COVID-19 နှင့် Pneumococcal ဘက်တီးရီးယားပိုး ကာကွယ်ဆေးများ)
- လက်ကို ဆပ်ပြာနှင့် အနည်းဆုံး (၂၀) စက္ကန့်ကြာအောင် စနစ်တကျ မကြာခဏ ဆေးပါ
- ကိုင်တွယ်ရသည့် ပစ္စည်းများကို ပိုးသတ်ဆေးရည်နှင့် မကြာခဏ သန့်ရှင်းရေးလုပ်ပါ
- ချောင်းဆိုးလျှင် တစ်ရှူး (သို့မဟုတ်) လက်ကိုင်ပဝါ တစ်ခုခုနှင့် အုပ်ပြီးမှ ချောင်းဆိုးပါ၊ မိသားစုအတွင်း အဆုတ်ရောင်ရောဂါရှိပါက လူနာအပါအ၀င် မိသားစု၀င်များ နှာခေါင်းစည်းတပ်ဆင်ပါ
- တစ်ကိုယ်ရေသုံး ပစ္စည်းများကို တခြားသူများနှင့် မျှဝေမသုံးစွဲရ
- ဆေးလိပ်ဖြတ်ပါ
- ကိုယ်ခံအားကောင်းမွန်အောင် အိပ်ရေးဝဝအိပ်ပါ၊ လေ့ကျင့်ခန်းများ ပြုလုပ်ပါ
ဆက်လက်ဖတ်ရှုရန်
References:
- Cleveland Clinic. (2023). Pneumonia: Causes, symptoms, diagnosis & treatment. Cleveland Clinic. Retrieved June 12, 2025, from https://my.clevelandclinic.org/health/diseases/4471-pneumonia
- Mayo Clinic. (n.d.). Pneumonia – Symptoms & causes. Mayo Clinic. Retrieved June 12, 2025, from https://www.mayoclinic.org/diseases-conditions/pneumonia/symptoms-causes/syc-20354204
- Wedro, B. (2023). Understanding pneumonia – Basics. WebMD. Retrieved June 12, 2025, from https://www.webmd.com/lung/understanding-pneumonia-basics
- Wei, M., Zhao, Y., Qian, Z., Yang, B., Xi, J., Wei, J., & Tang, B. (2020). Pneumonia caused by Mycobacterium tuberculosis. Microbes and Infection, 22(6–7), 278–284. https://doi.org/10.1016/j.micinf.2020.05.020
Published: 30 August 2024
Last updated: 21 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.