Poliomyelitis (ပိုလီယိုအကြောသေပျော့‌ခွေရောဂါ)

Poliomyelitis (ပိုလီယိုအကြောသေပျော့‌ခွေရောဂါ)

ပိုလီယိုအကြောသေပျော့‌ခွေရောဂါသည် ကူးစက်မြန်သော ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွါးသည်။ အသက် (၅) နှစ်အောက် ကလေးများတွင် ပို၍အဖြစ်များပြီး ကာကွယ်ဆေးမရရှိထားပါက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ထိုဗိုင်းရပ်စ်သည် အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေပြီး ခြေ၊ လက်များ ပျော့ခွေကာ အကြောသေနိုင်သည့်အပြင် ကုသ၍မရဘဲ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းဖြင့် ပိုလီယိုရောဂါကို အကောင်းဆုံးကာကွယ်နိုင်သည်။

(၁၉၈၈) ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံမှ ချမှတ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုတိုက်ဖျက်ရေးစီမံချက် (GPEI) ကြောင့် ပိုလီယိုကာကွယ်ဆေးထိုးနှံမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ရောဂါဖြစ်ပွားမှုနှုန်းသည် (၉၉%) ကျော်အထိ လျော့ကျသွားခဲ့သည်။ (၁၉၈၈) ခုနှစ်တွင် ပိုလီယိုရောဂါ အဖြစ်များသော နိုင်ငံပေါင်း (၁၂၅) နိုင်ငံတွင် ခန့်မှန်းဖြစ်ပွားသူ (၃၅၀,၀၀၀) ဦးမှ (၂၀၂၁) ခုနှစ်တွင် ရောဂါကူးစက်ခံရသူ (၆) ဦးသာ ကျန်ရှိတော့သည်။

ပိုလီယိုဗိုင်းရပ်စ် အမျိုးအစား သုံးမျိုးအနက်မှ အမျိုးအစား (၂) သည် (၂၀၁၅) ခုနှစ်တွင် ကမ္ဘာမှ ကင်းစင်ကြောင်း ကြေညာနိုင်ခဲ့ပြီး၊ အမျိုးအစား (၃) ကိုမူ (၂၀၁၉) ခုနှစ်တွင် ကင်းစင်ကြောင်း ကြေညာနိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်မူ ပိုလီယိုဗိုင်းရပ်စ် အမျိုးအစား (၁) သည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နှစ်နိုင်ငံတွင်သာ ကျန်ရှိနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်မူ (၂၀၀၇) ခုနှစ် နောက်ဆုံးတွေ့ရှိခဲ့သည့် Wild poliovirus ကို ကင်းစင်ကြောင်း (၂၀၁၄) ခုနှစ်တွင် ဒေသဆိုင်ရာ အသိအမှတ်ပြုကော်မရှင်မှ အတည်ပြုကြေညာခဲ့သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

ပိုလီယိုရောဂါသည် ပိုလီယိုဗိုင်းရပ်စ်ပိုး (Poliovirus) ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်သည်။ ဗိုင်းရပ်စ်အမျိုးအစား သုံးမျိုးရှိပြီး ရောဂါပိုးရှိသူ၏ နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ ထွက်လာသော အရည်အမှုန်အမွှားများ၊ ရောဂါရှိသူ၏ ဝမ်း၊ မသန့်ရှင်းသော ရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်နိုင်သည်။

ထိုဗိုင်းရပ်စ်သည် ခန္ဓာကိုယ်အတွင်းသို့ ပါးစပ်မှတစ်ဆင့် ဝင်ရောက်ပြီး လည်ချောင်းနှင့် အူလမ်းကြောင်းတွင် စတင်ပွားများသည်။ ထို့နောက် သွေးကြောထဲသို့ ဝင်ရောက်ကာ တစ်ခါတစ်ရံတွင် ဦးနှောက်နှင့် အာရုံကြောစနစ် အတွင်းသို့ ရောက်ရှိသွားသည်။ ထိုအခါ ဗိုင်းရပ်စ်သည် ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ပေးသော အာရုံကြောဆဲလ်များကို ဖျက်ဆီးလိုက်သောကြောင့် အကြောသေပျော့ခွေခြင်း ဖြစ်ပေါ်ကာ ကိုယ်လက်အင်္ဂါများကို မလှုပ်ရှားနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိစေသည်။

ဖြစ်နိုင်ခြေများသူများ
  • ကာကွယ်ဆေးမရရှိထားသူများ
  • ပိုလီယိုရောဂါ မကင်းစင်သေးသောဒေသများတွင် နေထိုင်သူများ၊ ခရီးသွားသူများ
  • သန့်ရှင်းမှုနည်းသော ဒေသများတွင် နေထိုင်သူများ၊ ခရီးသွားသူများ
  • အသက် (၅) နှစ်အောက်ကလေးငယ်များ
  • ကိုယ်ဝန်ဆောင်မိခင်များ စသည်တို့သည် ပို၍အဖြစ်များသည်။
ရောဂါလက္ခဏာများ

ပိုလီယိုဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အများစုသည် ရောဂါလက္ခဏာ လုံးဝမပြတတ်သော်လည်း အချို့တွင်မူ သာမန်ရာသီတုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများမှစ၍ အာရုံကြောစနစ်ကို ထိခိုက်ကာ ခြေလက်များ အကြောသေပျော့ခွေသည်အထိ ဖြစ်ပွားနိုင်သည်။ တစ်ခါတစ်ရံတွင် ဦးနှောက်ရောင်ရမ်းသည်အထိ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။

သာမန်လက္ခဏာများ
သာမန်ရာသီတုပ်ကွေးနှင့် အူလမ်းကြောင်းလက္ခဏာများမှာ အဖျားဝင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခြင်း၊ လည်ပင်းနာခြင်း၊ အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ဖြစ်သည်။ ဤလက္ခဏာများသည် အများအားဖြင့် ရက်အနည်းငယ်အကြာတွင် သက်သာပျောက်ကင်းသည်။ သို့သော် ပိုလီယိုရောဂါဖြစ်ပါက သက်သာမှုမရှိဘဲ ဦးနှောက်အာရုံကြောဆိုင်ရာ လက္ခဏာများ ဆက်လက်ပေါ်လာနိုင်သည်။

အကြောသေပျော့ခွေခြင်း လက္ခဏာများ
ပိုလီယိုဗိုင်းရပ်စ်သည် အာရုံကြောစနစ်သို့ ရောက်ရှိသွားသောအခါ အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

  • အလွန်အမင်း ခေါင်းကိုက်ခြင်း
  • လည်ပင်းကြွက်သား တောင့်တင်းခြင်း
  • လက်မောင်းနှင့် ခြေသလုံးရှိ ကြွက်သားများ နာကျင်ခြင်း၊ အကြောဆွဲခြင်း
  • အထိအတွေ့နှင့် အလင်းရောင်ကို မခံနိုင်ခြင်း

ထို့အပြင် နောက်ဆုံးတွင် ခြေလက်များကို လုံးဝမလှုပ်ရှားနိုင်တော့ခြင်း၊ စကားပြောရန်နှင့် အစာမျိုချရန် ခက်ခဲလာခြင်း၊ အသက်ရှူရန် ခက်ခဲလာခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။

ဦးနှောက်ရောင်ခြင်း လက္ခဏာများ
ပိုလီယိုပိုးကြောင့် ဦးနှောက်ရောင်ရမ်းပါက အောက်ပါလက္ခဏာများ ပေါ်လာတတ်သည်။

  • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
  • အာရုံစူးစိုက်မှု မရခြင်း
  • ပုံမမှန်သော အပြုအမူများ ပြုမူခြင်း
  • သတိလစ်ခြင်း
  • တက်ခြင်း
နောက်ဆက်တွဲပြဿနာများ

ပိုလီယိုကြောင့် အကြောသေပျော့ခွေခြင်း လက္ခဏာများ ဖြစ်ပေါ်လာပါက တစ်သက်တာလုံး ခြေ၊ လက်လှုပ်ရှားမှုများ အားနည်းသွားတတ်သည်။ အချို့လူနာများတွင် အစာမျိုချရန်နှင့် အသက်ရှူရန် ခက်ခဲခြင်းတို့ကြောင့် အသက်ရှူစက်၏ အကူအညီ လိုအပ်သည်အထိ ဆိုးရွားနိုင်ပြီး အသက်အန္တရာယ်ပင် ရှိနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ပိုလီယိုရောဂါဟု သံသယရှိပါက ဆရာဝန်များသည် ရောဂါဖြစ်ပွားမှု ရာဇဝင်၊ ကာကွယ်ဆေးထိုးထားမှုနှင့် ခရီးသွားရာဇဝင်များကို အသေးစိတ်မေးမြန်းစစ်ဆေးပြီး ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်သည်။ ထိုသို့ စမ်းသပ်စစ်ဆေးပြီးနောက် ရောဂါကို တိကျစွာ အတည်ပြုရန်အတွက် အောက်ပါတို့ကို ဆက်လက်စစ်ဆေးနိုင်သည်။

အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Nerve Conduction Study, EMG) ကိုလိုအပ်လျှင်ပြုလုပ်နိုင်သည်။ 

  • ဓာတ်ခွဲစမ်းသပ်မှုများ
    ပိုလီယိုဗိုင်းရပ်စ်ပိုး ရှိမရှိကို အဓိကအားဖြင့် ဝမ်းနမူနာမှတစ်ဆင့် စစ်ဆေးသည်။ ထို့အပြင် တံတွေး၊ သွေးနှင့် ခါးဆစ်ရိုးကြားမှ အရည် (Cerebrospinal Fluid) ကဲ့သို့သော ခန္ဓာကိုယ်မှ ထွက်သော အခြားအရည်များကိုပါ စစ်ဆေးနိုင်သည်။
  • ပုံရိပ်ဖော် စစ်ဆေးမှုများ
    အာရုံကြောစနစ်ကို ထိခိုက်မှု ရှိမရှိ သိရှိနိုင်ရန် လိုအပ်ပါက ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI) စသည့် စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
  • အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Nerve Conduction Study, EMG) ကိုလိုအပ်လျှင်ပြုလုပ်နိုင်သည်။
ကုသခြင်း

ပိုလီယိုသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောကြောင့် သီးခြားကုသနိုင်သည့် ဆေးမရှိဘဲ ရောဂါလက္ခဏာများကိုသာ သက်သာစေရန် ကုသပေးနိုင်သည်။ ထိုကုသမှုများတွင် ကောင်းစွာအနားယူခြင်း၊ အကိုက်အခဲပျောက်ဆေးများ (ဥပမာ-ပါရာစီတမော) သောက်ခြင်း၊ ကြွက်သားများ နာကျင်ပါက ရေနွေးအိတ်ကပ်ခြင်းနှင့် ကြွက်သားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။ အသက်ရှူရခက်ခဲသည့် လက္ခဏာများ ရှိပါက အသက်ရှူစက်၏ အကူအညီဖြင့် အသက်ရှူစေရန် လိုအပ်နိုင်သည်။ ရောဂါကြောင့် ကျန်ရှိနေသော လှုပ်ရှားမှုဆိုင်ရာ ပြဿနာများနှင့် ခြေလက်များ၏ ပုံမှန်အနေအထား မရှိခြင်းတို့ကိုမူ ဆက်လက်၍ လေ့ကျင့်ခန်းများဖြင့် ပြုပြင်နိုင်သည်။

အကြောသေပျော့ခွေရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်သောကြောင့် ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြားရန် အရေးကြီးသည်။

ကာကွယ်ခြင်း

ပိုလီယိုရောဂါအတွက် အထိရောက်ဆုံးနှင့် အရေးကြီးဆုံး ကာကွယ်မှုမှာ ပိုလီယိုကာကွယ်ဆေး ထိုးနှံခြင်း သို့မဟုတ် တိုက်ကျွေးခြင်းပင်ဖြစ်သည်။ ပိုလီယိုကာကွယ်ဆေး အမျိုးအစား နှစ်မျိုးရှိသည်။

  • ပိုလီယို အစက်ချကာကွယ်ဆေး (Oral Polio Vaccine)
  • ပိုလီယိုကာကွယ်ဆေး ထိုးဆေး (Inactivated Polio Vaccine)

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပိုလီယိုကာကွယ်ဆေး ထိုးဆေးကို အသက် (၂) လ၊ (၄) လ၊ (၆) လနှင့် (၁၈) လကြားတွင် တစ်ကြိမ်စီ၊ ထို့နောက် အသက် (၄) နှစ်နှင့် (၆) နှစ်ကြားတွင် တစ်ကြိမ် စုစုပေါင်း (၄) ကြိမ် ထိုးနှံသည်။ မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးအစီအစဉ်အရမူ ကလေးအသက် (၂) လ၊ (၄) လ၊ (၆) လတွင် ပိုလီယို အစက်ချကာကွယ်ဆေး ကို သုံးကြိမ် တိုက်ကျွေးပြီး ပိုလီယိုကာကွယ်ဆေး ထိုးဆေးကို အသက် (၄) လတွင် တစ်ကြိမ် ထိုးနှံပေးသည်။

References:

  1. World Health Organization. (n.d.). Poliomyelitis (polio). WHO. Retrieved July 26, 2025, from https://www.who.int/news-room/fact-sheets/detail/poliomyelitis#:~:text=Polio%20(poliomyelitis)%20mainly%20affects%20children,their%20breathing%20muscles%20become%20immobilized
  2. Cleveland Clinic. (n.d.). Polio (poliomyelitis). Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/15655-polio
  3. Mayo Clinic. (n.d.). Polio (poliomyelitis): Symptoms & causes. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/polio/symptoms-causes/syc-20376512

Published: 30 August 2024

Last updated: 2 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.