Rickets in children [ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပွါးသော အရိုးပျော့ရောဂါ (ကလေး)]

Rickets in children [ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပွါးသော အရိုးပျော့ရောဂါ (ကလေး)]

ဗီတာမင် ဒီ သည် ခန္ဓာကိုယ်ရှိအရိုးများ ပုံမှန်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် အာဟာရဓာတ် တစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်၏ ဦးနှောက်အာရုံကြောစနစ်၊ အရိုးကြွက်သားစနစ်နှင့် ကိုယ်ခံအားစနစ် တို့တွင်လည်း အရေးကြီးသော အခန်းမှပါဝင်သည်။ ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့်ဖြစ်သော အရိုးပျော့ရောဂါသည် ကြီးထွားဆဲဖြစ်သော အရိုးများတွင်သာ ဖြစ်သောကြောင့် ကလေးငယ်များတွင် အများဆုံးတွေ့ရတတ်ပြီး တစ်ခါတစ်ရံ ဆယ်ကျော်သက်များတွင်လည်း တွေ့ရှိရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခန္ဓာကိုယ်အရေပြားနှင့် နေရောင်ခြည်တို့ထိတွေ့ရာမှ Cholecalciferolဟုခေါ်သော ဗီတာမင် ဒီ-၃ (Vitamin D3) တစ်မျိုးစတင်ဖြစ်ပေါ်လာပြီး၊ ၎င်းဗီတာမင်သည် အသည်းနှင့်ကျောက်ကပ်တို့တွင် ခန္ဓာကိုယ်အတွက် အရေးကြီးသော ဗီတာမင် ဒီ (အလုပ်လုပ်ဆောင်နိုင်သည့်ပုံစံ) ကိုပြောင်းလဲဖြစ်ပေါ်စေသည်။ အစားအသောက်နှင့် အသီးအနှံများမှလည်း ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ်ဓာတ်ကို ရရှိသည်။

ထို့ကြောင့် နေရောင်ခြည်လုံလောက်စွာ မရရှိခြင်း၊ အသည်းနှင့်ကျောက်ကပ်ရောဂါများ၊ အစားအစာ ထဲတွင် ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ် လုံလောက်စွာမပါဝင်ခြင်း (ဥပမာ _ အသီးအရွက်သာ အဓိက စားသူများ)၊ အူလမ်းကြောင်းမှ ဗီတာမင် ဒီ စုပ်ယူခြင်းကို လျော့နည်းစေသော ရောဂါအခြေအနေများ စသည်တို့တွင် ဗီတာမင် ဒီ ချို့တဲ့နိုင်သည်။ ရှားပါးမျိုးဗီဇရောဂါများကြောင့်လည်း ခန္ဓာကိုယ်မှ ဗီတာမင် ဒီ စုပ်ယူခြင်းကို လျော့နည်းစေသည်။

အောက်ပါအခြေအနေများတွင် ဗီတာမင် ဒီ ချို့တဲ့နိုင်ခြေ ပိုများသည်။

  • အသားအရောင်ညိုသူများ
  • နေရောင်ရရှိမှုနည်းသော ကမ္ဘာ့နေရာအချို့တွင် နေထိုင်သူများ
  • ဗီတာမင် ဒီ ဓာတ်ချို့တဲ့သော ကိုယ်ဝန်ဆောင်မိခင်မှ မွေးသောကလေးများ
  • လမစေ့ဘဲမွေးသော ကလေးများ
  • အတက်ရောဂါဆေးများနှင့် HIV ဆေးများကို သောက်သုံးနေရသူများ

ဗီတာမင် ဒီ သည် အစားအစာမှရသော ကယ်လ်ဆီယမ်ဓာတ်နှင့် ဖော့စဖောရပ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူရာတွင် ကူညီပေးသည်။ ကယ်လ်ဆီယမ်နှင့် ဖော့စဖောရပ်တို့သည် အရိုးများကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် ဗီတာမင် ဒီ လုံလောက်စွာမရရှိပါက အရိုးပျော့ခြင်းနှင့် အရိုးပုံစံမမှန်ခြင်းများ ဖြစ်ပေါ်လာသည်။

‌ရောဂါလက္ခဏာများ

ထိုရောဂါသည် အရိုးထိပ် နှစ်ဖက်ရှိ တစ်ရှူးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ခြင်းကြောင့် အောက်ပါ အရိုးများ၏ ပုံမမှန်ခြင်းများကို တွေ့ရသည်။

  • ခြေထောက် ခွင်လာခြင်း (Bow legs)
  • လက်ကောက်ဝတ်၊ ခြေချင်းဝတ် နေရာများ ဖောင်းလာခြင်း
  • ရင်ဘတ်နံရိုးများပေါ်တွင် စိပ်ပုတီးအလုံးကဲ့သို့ အဖုအထစ်များ ပေါ်လာခြင်း (Rachitic rosary)
  • ရင်ညွန့်ရိုး ရှေ့သို့ငေါထွက်လာခြင်း (Pigeon chest)
  • နဖူးမောက်လာခြင်း (Frontal bossing)
  • ဦးခေါင်းခွံပုံမမှန်ခြင်း (Caput quadratum) အစရှိသည့် လက္ခဏာများကို တွေ့နိုင်သည်။

မွေးကင်းစကလေးငယ်များတွင် မအီမသာဖြစ်ခြင်း၊ ဦးခေါင်းခွံရိုးများ ပုံမှန်ထက် ပျော့နေခြင်း၊ ငယ်ထိပ်ပိတ်နောက်ကျခြင်း၊ ဦးခေါင်းအရွယ်အစားကြီးလာခြင်းများ တွေ့ရတတ်သည်။

Ric img1
နောက်ဆက်တွဲပြဿနာများ

အရိုးဖွံ့ဖြိုးမှုထိခိုက်ခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ တွေ့ရတတ်သည်။

  • အရိုးများပျော့နေသောကြောင့် ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကိုယ်လက်လှုပ်ရှားနိုင်မှုများ နှောင့်နှေးခြင်း
  • လမ်းလျှောက်ရန်၊ ပြေးရန်ခက်ခဲခြင်း
  • ခြေထောက်၊ ကျောရိုး နှင့် တင်ပါးဆုံနေရာများတွင် အလွန်အမင်း နာကျင်ခြင်း
  • ကျောရိုး ပုံမမှန်ဖြစ်ခြင်း
  • သွားများမညီမညာဖြစ်ခြင်း
  • ကြွက်သားများအားနည်းခြင်း
  • ကယ်လ်ဆီယမ်ဓာတ် နည်းခြင်းကြောင့် တက်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဗီတာမင် ဒီ ချိုတဲ့ခြင်းကြောင့်ဖြစ်သော အရိုးပျော့ရောဂါဟု သတ်မှတ်ရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်း၊ ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ်ဓာတ် ပမာဏအတွက် သွေးစစ်ဆေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်နိုင်သည်။

ကုသခြင်း

ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ် ပါသောအားဆေးများ၊ ဖြည့်စွက်စာများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း မှန်ကန်သော ပမာဏကို သောက်သုံးခြင်းဖြင့် ကုသနိုင်သည်။ ကျောရိုးပုံပျက်ခြင်းများ၊ ခြေထောက်ပုံပျက်ခြင်းများအတွက် အထောက်အကူပြုပစ္စည်းများသုံး၍ ကလေး၏ ကျောရိုး၊ ခြေထောက်အနေအထားကို ပြုပြင်ရန် လိုအပ်နိုင်သည်။ တစ်ခါတစ်ရံတွင် ခွဲစိတ်ရန် လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သော အရိုးပျော့ရောဂါသည် ကာကွယ်၍ရသော်လည်း မျိုးဗီဇကြောင့် ဖြစ်သော အရိုးပျော့ရောဂါများကိုမူ ကာကွယ်၍ မရနိုင်ပါ။ ကိုယ်ဝန်ဆောင်မိခင်များတွင် ဆရာဝန်၏လမ်းညွှန် ချက်အတိုင်း ဗီတာမင် ဒီ ဖြည့်စွက်အားဆေးများကို သောက်သုံးသင့်သည်။ မိခင်နို့တွင်ပါဝင်သော ဗီတာမင် ဒီ ပမာဏသည် နည်းပါးသောကြောင့် မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသော ကလေးငယ်များကို ဗီတာမင် ဒီ အားဆေး ဖြည့်စွက်၍ ပေးသင့်သည်။ ကလေးကြီးများတွင် နေရောင်ခြည်နှင့် ထိတွေ့ပေးခြင်း၊ ဗီတာမင် ဒီ ကြွယ်ဝသော အစားအစာများ (ဥပမာ _ ငါးအမျိုးမျိုး၊ နွားနို့) စားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။

အရိုးပျော့ရောဂါ (Rickets) နှင့်ပတ်သက်သော ပြောင်းလဲတိုးတက်မှုများ

အရိုးပျော့ရောဂါသည် အာဟာရချို့တဲ့မှုကြောင့် အများဆုံးဖြစ်ပွားသော်လည်း မကြာသေးမီက ဆေးပညာတိုးတက်မှုများသည် ရှားပါးသော မျိုးရိုးလိုက် အရိုးပျော့ရောဂါများအား ရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသခြင်းတို့အပေါ် အာရုံစိုက်လာသည်။

  • မျိုးရိုးလိုက် အရိုးပျော့ရောဂါများအတွက် ဆေးအသစ်များ
    မျိုးဗီဇပြဿနာကြောင့် အရိုးပျော့ရောဂါဖြစ်ပွါးသူများကို ယခင်က ဗီတာမင် ဒီ အများအပြားပေး၍ ကုသခဲ့သော်လည်း ရလဒ်မကောင်းခဲ့ပေ။ ယခုအခါ X-linked hypophosphatemia (XLH) ကဲ့သို့သော မျိုးရိုးလိုက် အရိုးပျော့ရောဂါများအတွက် ရောဂါကို ဖြစ်စေသော အရင်းခံပြဿနာကို တိကျစွာ ပစ်မှတ်ထားကုသပေးနိုင်သည့် monoclonal antibody အမျိုးအစား ဆေးဝါးများကို တီထွင်အသုံးပြုလာနိုင်ပြီဖြစ်သည်။
  • ရောဂါကာကွယ်ရေး နည်းဗျူဟာများ ပိုမိုကောင်းမွန်လာခြင်း
    ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးအဖွဲ့အစည်းများသည် အစားအစာအားဖြည့်ခြင်း (ဥပမာ _ နို့၊ ကွေကာအုတ်တို့တွင် ဗီတာမင် ဒီ ထည့်သွင်းခြင်း) အစီအစဉ်များကို ပိုမိုထိရောက်အောင် ပြုလုပ်လာကြသည်။ ထို့ပြင် နေရောင်ခြည်နည်းပါးသော ဒေသများတွင်နေထိုင်သူများ (သို့မဟုတ်) ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးငယ်များကဲ့သို့သော အန္တရာယ်များသည့် အုပ်စုများအတွက် ဗီတာမင် ဒီ ဖြည့်စွက်ဆေးများ ပုံမှန်တိုက်ကျွေးရန် လိုအပ်ကြောင်းကို ပိုမိုအလေးပေး လမ်းညွှန်လာကြသည်။

References:

  1. Cleveland Clinic. (n.d.). Rickets. Retrieved August 1, 2025, from https://my.clevelandclinic.org/health/diseases/22459-rickets
  2. Mayo Clinic. (n.d.). Rickets: Symptoms and causes. Retrieved August 1, 2025, from https://www.mayoclinic.org/diseases-conditions/rickets/symptoms-causes/syc-20351943
  3. NHS. (n.d.). Rickets and osteomalacia: Symptoms. Retrieved August 1, 2025, from https://www.nhs.uk/conditions/rickets-and-osteomalacia/symptoms/
  4. Royal Children’s Hospital Melbourne. (n.d.). Rickets. Retrieved August 1, 2025, from https://www.rch.org.au/kidsinfo/fact_sheets/rickets/
  5. WebMD. (n.d.). What to know: Rickets. Retrieved August 1, 2025, from https://www.webmd.com/children/what-to-know-rickets
  6. Carpenter, T. O., Whyte, M. P., Imel, E. A., Boot, A. M., Högler, W., Linglart, A., Padidela, R., Van’t Hoff, W., Mao, M., Chen, C. Y., Skrinar, A., San Martin, J., & Portale, A. A. (2020). Treatment of X-linked hypophosphatemia with burosumab: A randomized, double-blind, placebo-controlled, phase 3 trial. New England Journal of Medicine, 383(2), 128–135. https://doi.org/10.1056/NEJMoa1916433
  7. Haffner, D., Johannes, P., Linglart, A., Belachew, A., Makitie, O., Nishimura, G., Jandhyala, R., & Bacchetta, J. (2021). Burosumab in children with X-linked hypophosphatemia. New England Journal of Medicine, 384(21), 2013–2023. https://doi.org/10.1056/NEJMoa2021712
  8. Lerch, C., Meissner, T., & Hochberg, Z. (2024). Vitamin D supplementation for children: New recommendations and evidence. Pediatrics, 153(2), e2023064718. https://doi.org/10.1542/peds.2023-064718
  9. Munns, C. F., Shaw, N., Kiely, M., Specker, B. L., Thacher, T. D., Ozono, K., Michigami, T., Tiosano, D., Mughal, M. Z., Mäkitie, O., & Ward, L. M. (2023). Global consensus recommendations on prevention and management of nutritional rickets. Journal of Clinical Endocrinology & Metabolism, 108(4), 817–838. https://doi.org/10.1210/clinem/dgad058
  10. Thacher, T. D., Fischer, P. R., Pettifor, J. M., Lawson, J. O., Isichei, C. O., & Chan, G. M. (2022). Rickets in children. The Lancet, 400(10360), 1379–1390. https://doi.org/10.1016/S0140-6736(22)01234-5

Published: 30 August 2024

Last updated: 2 October 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.