Rubella (ဂျိုက်သိုးရောဂါ)

Rubella (ဂျိုက်သိုးရောဂါ)

ဂျိုက်သိုးရောဂါဆိုသည်မှာ ကလေးများတွင် အဖြစ်များသော အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါ တစ်မျိုးဖြစ်သည်။ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါမျိုးလည်းဖြစ်သည်။ ဂျာမန်၀က်သက်ဟုလည်း ခေါ်ဆိုကြပြီး အသက် (၅) နှစ်အောက် ကလေးများတွင် အဖြစ်များသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဂျိုက်သိုးရောဂါသည် ဂျိုက်သိုးဗိုင်းရပ်စ်ပိုး (Rubella virus) ကြောင့် ဖြစ်ပွါးသည်။ ဂျိုက်သိုးရောဂါပိုး ရှိသောသူ၏တံတွေးနှင့် နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားလေးများမှတစ်ဆင့် ကူးစက်သည်။ ရောဂါပိုးကပ်ငြိနေနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်သည်။ ထို့ပြင် ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားထံသို့လည်း ကူးစက်နိုင်သည်။

ရောဂါလက္ခဏာများ

ဂျိုက်သိုးရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် (၂)ပတ် မှ (၃)ပတ်အတွင်း ရောဂါလက္ခဏာများ ပေါ်လာတတ်သည်။ အဖျားစတင်သည့်ရက်တွင်ပင် အင်ပျဉ်ကဲ့သို့ အနီစက်၊ အနီပြင်များ တစ်ပြိုင်နက် ပေါ်လာသည်။ အများအားဖြင့် မျက်နှာမှစတင်ကာ တစ်ကိုယ်လုံးသို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ လက္ခဏာများမှာ ၀က်သက်ရောဂါနှင့် ဆင်တူသော်လည်း ၀က်သက်ကဲ့သို့ မပြင်းထန်ပါ။

အဖျားနှင့် အနီစက်များအပြင်

  • ခေါင်းကိုက်ခြင်း
  • ကိုယ်လက်ကိုက်ခဲခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဗိုက်အောင့်ဗိုက်နာခြင်း
  • မျက်စိနာခြင်း
  • နားအနောက်ဘက်နှင့် နောက်စေ့၀န်းကျင်ရှိ အကျိတ်များ နာကျင်‌ရောင်ရမ်းခြင်းတို့ ခံစားရတတ်သည်။
Rubella img1
နောက်ဆက်တွဲပြဿနာများ

ခြေလက်အဆစ်များ ရောင်ခြင်း၊ နာခြင်း နှင့် သွေးဥမွှား (Platelets) ပမာဏ အနည်းငယ်ကျဆင်းခြင်းများ ဖြစ်တတ်သော်လည်း မပြင်းထန်ပါ။ သို့သော် ကိုယ်၀န်ဆောင်မိခင်တွင် ဂျိုက်သိုးရောဂါ ကူးစက်ခံရပါက အထူးသဖြင့် ကိုယ်၀န်ပထမ (၃) လအတွင်းဖြစ်လျှင် မွေးဖွားလာမည့် ကလေးငယ်တွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်တတ်သည်။

ဂျိုက်သိုးရောဂါကူးစက်ခံရသော မိခင်သည် ကိုယ်၀န်ပျက်ခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်းအပြင် မွေးဖွားလာသော ကလေးတွင်

  • နားမကြားခြင်း၊ ရေတိမ်၊ အတွင်းတိမ်များ ရှိခြင်း
  • နှလုံး‌ရောဂါ ဖြစ်ခြင်း
  • ဦးခေါင်းသေးခြင်း၊ ဥာဏ်ရည်ဖွံ့ဖြိုးမှု နိမ့်ကျခြင်း
  • အသည်းနှင့် ဘေလုံးကြီးခြင်း
  • ကိုယ်တွင် သွေးခြည်ဥကဲ့သို့ အနီစက်များ ထွက်ခြင်းစသည့် ပြင်းထန်သော ရောဂါလက္ခဏာများ တွေ့ရှိရတတ်ပြီး ၎င်းကိုမွေးရာပါဂျိုက်သိုးရောဂါလက္ခဏာစု (Congenital rubella syndrome) ဟုခေါ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ဂျိုက်သိုးရောဂါဟု သေချာပြီး ရောဂါပြင်းထန်မှု နှင့် နောက်ဆက်တွဲပြဿနာများမရှိလျှင် နေအိမ်၌ပင် ပြုစုနိုင်သည်။ သို့သော် ရောဂါလက္ခဏာ ပြင်းထန်လျှင် သို့မဟုတ် မသက်သာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

ဂျိုက်သိုးရောဂါဖြစ်သူနှင့် ထိတွေ့မှုရာဇဝင်၊ အရေပြားလက္ခဏာများအရ ဂျိုက်သိုးရောဂါ ဖြစ်ကြောင်း သိရှိနိုင်သည်။ အများအားဖြင့် ဓာတ်ခွဲစမ်းသပ်မှုများမလိုအပ်ပါ။ အသေးစိတ် တိတိကျကျ စစ်ဆေးသိရှိလိုပါက ဓာတ်ခွဲခန်းတွင် ပဋိပစ္စည်း (Ig M antibody) ကို သွေးစစ်ဆေးခြင်းဖြင့် ရှာဖွေနိုင်သည်။

ကုသခြင်း

ဗိုင်းရပ်စ်ပိုး‌ကြောင့် ဖြစ်သောကူးစက်ရောဂါ ဖြစ်သည့်အတွက် သီးခြားကုသဆေးမရှိဘဲ ဖြစ်ပေါ်လာသော လက္ခဏာများကို ကုသရင်း သက်သာလာချိန်အထိ အိမ်တွင် စောင့်ကြည့်နိုင်သည်။

  • ပါရာစီတမောကဲ့သို့ အဖျားကျဆေးများ ပေးခြင်း
  • ကလေးအား နားနားနေနေ နေစေခြင်း
  • အရည်များများ တိုက်ခြင်း
  • အာဟာရရှိသော အစားအစာများ ကျွေး​ပေးခြင်း
  • လည်ချောင်းနာလျှင် ဆားရည်ဖြင့် ပလုတ်ကျင်းစေခြင်း
  • မျက်စိနာလျှင် အလင်းရောင် လျှော့ကြည့်စေခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
ကာကွယ်ခြင်း

ဂျိုက်သိုးရောဂါအတွက် အထိရောက်ဆုံးမှာ ကာကွယ်ဆေး ထိုးခြင်းဖြစ်သည်။ ၀က်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် သုံးမျိုးပေါင်း ကာကွယ်ဆေးနှင့် ၀က်သက်၊ ဂျိုက်သိုး နှစ်မျိုးပေါင်း ကာကွယ်ဆေးများရှိသည်။ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးစီမံချက်အရ ကလေးငယ်တိုင်း အသက်ကိုးလတွင် တစ်ကြိမ်၊ တစ်နှစ်ခွဲတွင် တစ်ကြိမ် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးပေးသည့်အစီအစဉ်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ဂျိုက်သိုးရောဂါကို (၉၇) ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သောကြောင့် မပျက်မကွက် ထိုးပေးသင့်သည်။

ဂျိုက်သိုးရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်သောကြောင့် ရောဂါပိုးရှိသူနှင့် နီးကပ်စွာနေခြင်းကို ရှောင်ကြဥ်သင့်သည်။ ထို့ပြင် အောက်ပါအချက်များကိုလည်း လိုက်နာဆောင်ရွက်သင့်သည်။

  • ရောဂါပိုးနှင့် ထိ‌တွေ့နိုင်ခြေရှိပြီးလျှင် လက်ကို ဆပ်ပြာ (သို့မဟုတ်) လက်ဆေးရည်ဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာ လက်ဆေးရန်
  • တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းများ သင်ကြားပေးရန်
  • ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင်ပဝါဖြင့် အုပ်ရန်၊ တံတောင်ဖြင့်ကာရန်
  • အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုရန်
  • ရောဂါပိုးကပ်ငြိနေနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်ရှင်းရန် စသည်တို့ဖြစ်သည်။

ထို့အပြင် ဂျိုက်သိုးရောဂါ ခံစားနေရသော ကလေးမှ အခြား ကလေးများသို့ ကူးစက်နိုင်ခြေ မြင့်မားသောကြောင့် ဖျားသည့်ရက် သို့မဟုတ် အနီစက်များ စတင်ထွက်ပေါ်သည့်နေ့မှစ၍ (၇) ရက် မြောက်ခန့်အထိ မူကြို (သို့မဟုတ်) ကျောင်းသွားခြင်း မပြုဘဲ အိမ်တွင်သာ အနားယူရန် လိုအပ်သည်။

References:

  1. Centers for Disease Control and Prevention. (2024). Rubella (German measles, three-day measles). Retrieved August 1, 2025, from https://www.cdc.gov/rubella/about/?CDC_AAref_Val=https://www.cdc.gov/rubella/about/transmission.html
  2. Cleveland Clinic. (2025). Rubella (German measles). Retrieved August 1, 2025, from https://my.clevelandclinic.org/health/diseases/17798-rubella
  3. Mayo Clinic. (2025). Rubella: Diagnosis & treatment. Retrieved August 1, 2025, from https://www.mayoclinic.org/diseases-conditions/rubella/diagnosis-treatment/drc-20377315
  4. Mayo Clinic. (2025). Rubella: Symptoms & causes. Retrieved August 1, 2025, from https://www.mayoclinic.org/diseases-conditions/rubella/symptoms-causes/syc-20377310
  5. NHS. (2025). Rubella (German measles). Retrieved August 1, 2025, from https://www.nhs.uk/conditions/rubella/
  6. World Health Organization. (2024). Rubella. Retrieved August 1, 2025, from https://www.who.int/news-room/fact-sheets/detail/rubella

Published: 30 August 2024

Last updated: 2 October 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.