Syphilis (ကာလသားရောဂါ)

Syphilis (ကာလသားရောဂါ)

ကာလသားရောဂါသည် ကာလသားရောဂါပိုး (Treponema pallidum) ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်သော လိင်မှတစ်ဆင့် ကူးစက်သည့်ရောဂါဖြစ်သည်။ ကာလသားရောဂါဖြစ်လျှင် နာကျင်မှုမရှိသည့်အနာ (ရှန်ကာ “Chancre”) များသည် လိင်အင်္ဂါ၊ စအို (သို့မဟုတ်) ပါးစပ် အနီးတစ်ဝိုက်တွင် စတင်ပေါ်လာလေ့ရှိသည်။ ထိုအနာများနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ ကာလသားရောဂါ ကူးစက်ခံရပြီးနောက်တွင် ဘက်တီးရီးယားပိုးသည် ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်နေနိုင်သည်။ ကာလသားရောဂါသည် ပင်နီဆီလင် ပိုးသတ်ဆေးဖြင့် လွယ်ကူစွာ ကုသပျောက်ကင်းနိုင်သော်လည်း မကုသဘဲထားပါက ကာလသားရောဂါပိုးသည် မျက်လုံး၊ အရေပြား၊ ဦးနှောက်၊ နှလုံးနှင့် အခြားကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ပြင်းထန်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကာလသားရောဂါသည် ကာလသားရောဂါပိုး Treponema pallidum ဘက်တီရီးယားကြောင့်ဖြစ်သည်။ ကာလသားရောဂါသည် ပုံမှန်လိင်ဆက်ဆံခြင်း၊ စအိုလမ်းကြောင်းမှ လိင်ဆက်ဆံခြင်းနှင့် ပါးစပ်အသုံးပြု၍ လိင်ဆက်ဆံခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ လိင်ဆက်ဆံစဥ် ရောဂါပိုးရှိသူ၏အနာနှင့် ထိတွေ့မိခြင်းကြောင့် အများဆုံးကူးစက်ခြင်းဖြစ်သည်။

ကာလသားရောဂါတွင် ရောဂါဖြစ်စဉ် အဆင့်(၄)ဆင့်ရှိသည်။

  • ပထမအဆင့် (Primary Syphilis)
  • ဒုတိယအဆင့် (Secondary Syphilis)
  • ရောဂါအောင်းနေသည့် အဆင့် (Latent Syphilis) နှင့်
  • တတိယအဆင့် (Tertiary Syphilis) ဟူ၍ အဆင့်ဆင့်ရှိသည်။

ကာလသားရောဂါသည် ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် ရောဂါကူးစက်နိုင်ခြေ အများဆုံးဖြစ်သည်။ ကာလသားရောဂါပိုးသည် ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေး‌ဖွားချိန်နှင့် ကလေးနို့တိုက်ချိန်တို့တွင် မိခင်မှ ကလေးသို့ ကူးစက်နိုင်သည်။ ကလေးကို နို့တိုက်ခြင်းမှလည်း တစ်ခါတစ်ရံ ကူးစက်နိုင်သည်။ ကာလသားရောဂါပိုးသည် အနာဖြစ်နေသော နှုတ်ခမ်း၊ ပါးစပ်၊ လျှာ၊ ရင်သားနှင့် လိင်အင်္ဂါတို့ကို ထိတွေ့မိခြင်း သို့မဟုတ် နမ်းရှုံ့ခြင်းမှတစ်ဆင့်လည်း တစ်ခါတစ်ရံ ကူးစက်နိုင်သည်။ ကာလသားရောဂါသည် အိမ်သာ၊ တံခါးလက်ကိုင်၊ ရေကူးကန်၊ ရေချိုးကန်၊ အဝတ်အစား (သို့မဟုတ်) ထမင်းစားသည့်ပန်းကန်များ စသည်တို့အတူတူ အသုံးပြုခြင်းမှ မကူးစက်နိုင်ပါ။

ကာလသားရောဂါပိုး ကူးစက်နိုင်ခြေများသော အ‌ခြေအနေများမှာ_

  • အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • လိင်ဆက်ဆံဖော်များခြင်း
  • လိင်တူဆက်ဆံခြင်း
  • အိတ်ချ်အိုင်ဗွီရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါရှိခြင်း
  • အခြားသော လိင်မှတစ်ဆင့် ကူးစက်သောရောဂါရှိခြင်း (ဥပမာ _ ဆီးပူညောင်းကျရောဂါ၊ ရေယုန်ရောဂါ) တို့ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

ကာလသားရောဂါ လက္ခဏာများသည် ရောဂါအဆင့်ပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ရောဂါ လက္ခဏာများသည် တစ်ဆင့်ပြီးမှတစ်ဆင့် အစဉ်လိုက် အမြဲဖြစ်ပေါ်ခြင်းမဟုတ်ပါ။ တချို့လူနာများတွင် ရောဂါကူးစက်ခံရပြီး နှစ်ပေါင်းများစွာကြာအောင် ရောဂါလက္ခဏာမပြတတ်ပါ။

ကာလသားရောဂါအဆင့်ပေါ် မူတည်၍ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ –

ပထမအဆင့် (Primary Syphilis)

ကာလသားရောဂါ ကူးစက်ခံရပြီးနောက် ပထမဆုံးဖြစ်‌ပေါ်နိုင်သည့် ရောဂါလက္ခဏာမှာ သေးငယ်သောအနာ (ရှန်ကာ “Chancre”) ဖြစ်ပေါ် ခြင်းဖြစ်သည်။ လူအများစုတွင် အနာတစ်ခုတည်း ဖြစ်ပေါ်လေ့ရှိသော်လည်း အချို့တွင် တစ်ခုထက်ပိုသောအနာများ ဖြစ်နိုင်သည်။ ထိုအနာသည် ရောဂါကူးစက်ခံရပြီး (၃) ပတ်အကြာတွင် ဖြစ်ပေါ်လေ့ရှိသည်။ အနာသည် နာကျင်မှုမရှိသောကြောင့် လူအများစုသည် ထိုအနာကို သတိမထားမိကြပါ။ ထိုအနာ သည် (၃)ပတ် မှ (၆)ပတ်အတွင်း အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားလေ့ရှိသည်။ syphilisp img1

ဒုတိယအဆင့် (Secondary Syphilis)

အနာပျောက်ကင်းချိန် (သို့မဟုတ်) အနာပျောက်ကင်းပြီး (၁-၂)ပတ်အကြာတွင် အရေပြားပေါ်တွင် အကွက်များ ဖြစ်ပေါ်လေ့ရှိသည်။ ထိုအကွက်များသည် ပုံမှန်အားဖြင့် ယားယံမှုမရှိသော၊ ကြမ်းတမ်းသောအနီ (သို့မဟုတ်) နီညိုရောင် အရေပြားအကွက်များဖြစ်သည်။ အနီကွက်များသည် ခန္ဓာကိုယ်အပေါ်ပိုင်းဖြစ်သည့် ရင်ဘတ်နှင့် ဝမ်းဗိုက်၊ ထိုမှတစ်ဆင့် ကျောဘက်၊ တင်ပါးဆုံအထိ ဖြစ်ပေါ်လေ့ရှိသည်။ ခြေဖဝါး၊ လက်ဖဝါးများနှင့် ခြေ၊ လက်များတွင်လည်း ဖြစ်ပေါ်နိုင်သည်။

ထိုအနီကွက်များနှင့်အတူ အောက်ဖော်ပြပါ အခြားရောဂါလက္ခဏာများလည်း ဖြစ်ပေါ်နိုင်သည်။

  • ကြွက်နို့ကဲ့သို့အနာများသည် ပါးစပ် (သို့မဟုတ်) လိင်အင်္ဂါအနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • ဖျားနာခြင်း
  • လည်ချောင်းနာခြင်း
  • အားအင်ကုန်ခန်းခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ခန္ဓာကိုယ်တွင် အကျိတ်များပေါ်လာခြင်းတို့ဖြစ်သည်။

ဒုတိယအဆင့် ကာလသားရောဂါသည်လည်း အလိုလျောက် ပျောက်ကင်းနိုင်သည်။ သို့သော် ကုသမှုမခံယူလျှင် ထိုရောဂါလက္ခဏာများသည် ဖြစ်လိုက်ပျောက်လိုက်နှင့် လပေါင်းများစွာ (သို့မဟုတ်) နှစ်ပေါင်းများစွာ ခံစားရနိုင်သည်။
Syphilis IMG2

ရောဂါအောင်းနေသည့်အဆင့် (Latent Syphilis)

ကာလသားရောဂါကို မကုသဘဲထားပါက ဒုတိယအဆင့်မှ ရောဂါအောင်းနေသည့်အဆင့်သို့ ကူးပြောင်းနိုင်သည်။ ထိုအဆင့်သည် ရောဂါလက္ခဏာမပြသောကြောင့် ရောဂါအောင်းနေသည့်အဆင့်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ သို့သော် ကုသမှုမခံယူပါက ရေရှည်တွင် ကာလသားရောဂါ၏ နောက်ဆက်တွဲပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်သည်။

တတိယအဆင့် (Tertiary Syphilis)

ရောဂါအောင်းနေသည့်အဆင့် ဖြစ်ပေါ်ပြီးနောက် ကုသမှုမခံယူထားသည့် လူနာ၏ (၃၀% – ၄၀%) ခန့်သည် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်သော တတိယအဆင့်သို့ ကူးပြောင်းနိုင်သည်။ ထိုတတိယအဆင့်တွင် ဦးနှောက်၊ အာရုံကြော၊ မျက်လုံး၊ နှလုံး၊ သွေးကြော၊ အသည်း၊ အရိုးနှင့် အဆစ်အမြစ်များကို ထိခိုက်ပျက်စီးစေနိုင်သည်။ ထိုနောက်ဆက်တွဲပြဿနာများသည် ရောဂါစတင်ဝင်ရောက်ပြီးနောက် နှစ်ပေါင်းများစွာကြာသောအခါမှ ဖြစ်ပေါ်လာနိုင်သည်။

ကာလသားရောဂါသည် မကုသဘဲထားပါက မည်သည့်အဆင့်တွင်မဆို ဦးနှောက်၊ အာရုံကြောမကြီး၊ မျက်လုံးနှင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ကာလသားရောဂါကို သေချာစွာ ကုသမှုမခံယူပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ (တတိယအဆင့်၏ လက္ခဏာများ) ခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပေါ်စေနိုင်သည်။

  1. အရေပြား၊ အရိုး (သို့မဟုတ်) ကိုယ်တွင်းအင်္ဂါများတွင် Gumma ဟုခေါ်သော အဖုအကျိတ်များ ပေါ်လာခြင်း
  2. ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ
    • ခေါင်းကိုက်ခြင်း
    • လေဖြတ်ခြင်း
    • ဦးနှောက်အမြှေးရောင်ခြင်း
    • စိတ်ရှုပ်ထွေးခြင်း၊ စိတ်အနေအထားပြောင်းလဲခြင်း သို့မဟုတ် အာရုံစူးစိုက်ရန် ခက်ခဲခြင်း
    • မှတ်ဉာဏ်စွမ်းအားလျော့နည်းခြင်း၊ သတိမေ့ခြင်း၊ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်း
    • ခန္ဓာကိုယ်အစိတ်အပိုင်းများ မလှုပ်ရှားနိုင်ခြင်း
    • ပန်းသေပန်းညှိုးဖြစ်ခြင်း
    • ဆီးအိမ်ရောဂါဖြစ်ခြင်း
  3. မျက်လုံး ပြဿနာများ
    • မျက်လုံးနာကျင်ခြင်း (သို့မဟုတ်) မျက်လုံးနီရဲခြင်း
    • အမြင်အာရုံ ထိခိုက်ခြင်း
    • အမြင်ကွယ်ခြင်း
  4. နား ပြဿနာများ
    • နားမကြားခြင်း
    • နားအူခြင်း
    • ချာချာလည်အောင် မူးဝေခြင်း
  5. နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများ
    • နှလုံးသွေးကြောမကြီးနှင့် တခြားသွေးကြောများ ရောင်ရမ်းခြင်း
    • နှလုံးအဆို့ရှင်များ ထိခိုက်ပျက်စီးခြင်း
  6. အိတ်ချ်အိုင်ဗွီ (HIV) ရောဂါကူးစက်ခြင်း
    • လိင်အင်္ဂါအနီးတစ်ဝိုက်ရှိ ကာလသားရောဂါအနာများသည် ထိခိုက်ပွန်းပဲ့ပြီး အလွယ်တကူသွေးထွက်နိုင်သောကြောင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် အိတ်ချ်အိုင်ဗွီ (HIV) ရောဂါကူးစက်နိုင်ခြေများနိုင်သည်
  7. ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးချိန်တွင် ဆိုးကျိုးများဖြစ်ခြင်း
    • ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားလောင်းကို ကူးစက်ပြီး မွေးရာပါ ကာလသား‌ရောဂါကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေများခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ မွေးဖွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ကလေးသေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်သည်
မွေးရာပါ ကာလသားရောဂါ (Congenital syphilis)

ကာလသားရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ကလေးထံသို့ ရောဂါပိုးကူးစက်နိုင်သည်။ က‌လေးမမွေးခင် သန္ဓေသားလောင်းအဆင့်တွင် မိခင်မှသန္ဓေသားသို့ အာဟာရနှင့် အောက်ဆီဂျင် ပေးပို့သည့် အချင်းအင်္ဂါမှတစ်ဆင့် သန္ဓေသားထံသို့ ရောဂါပိုး ဝင်‌ရောက်ခြင်းဖြစ်သည်။ ကလေးမွေးဖွားသည့် အချိန်တွင်လည်း ရောဂါပိုးကူးစက်နိုင်သည်။ မွေးရာပါ ကာလသားရောဂါရှိသည့် ကလေးများသည် လက္ခဏာပြလေ့မရှိသော်လည်း ဆေးကုသမှု ချက်ချင်းမခံယူပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်‌ပေါ်လာနိုင်သည်။

  • အရေပြားပေါ်တွင် အနာများနှင့် အကွက်များ ဖြစ်ပေါ်ခြင်း
  • ဖျားခြင်း
  • အရေပြားနှင့်မျက်လုံး ဝါခြင်း
  • သွေးအားနည်းခြင်း
  • အသည်းနှင့် ဘေလုံးကြီးခြင်း
  • နှာစေးခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ကျခြင်း
  • အရိုးအမြှေးပါးနှင့် အရိုးအစိတ်အပိုင်းအချို့ရောင်ရမ်းတွင် ‌ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။

နောက်ပိုင်းတွင် နားမကြားခြင်း၊ သွားနှင့်ဆိုင်သော ပြဿနာများ၊ နှာခေါင်းပုံသဏ္ဌာန် ပျက်ခြင်း (မြင်းကုန်းနှီးသဏ္ဌာန်ရှိသော နှာခေါင်း) တို့ ဖြစ်ပေါ်လာနိုင်သည်။ ကာလသား‌ရောဂါပိုး ကူးစက်ခံရသော ကလေးသည် လမစေ့ဘဲ မွေးဖွားလာနိုင်သကဲ့သို့ မမွေးဖွားခင် မိခင်ဝမ်းဗိုက်အတွင်း သေဆုံးခြင်း သို့မဟုတ် မွေးဖွားပြီးနောက် သေဆုံးခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။ ဖွံ့ဖြိုးမှုနောက်ကျနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ပဋိဇီဝပိုးသတ်ဆေးပေးခြင်းတို့ဖြင့် ကုသနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ကာလသားရောဂါကို စောစောစီးစီး ကုသမှုခံယူပါက ကုသရလွယ်ကူသကဲ့သို့ နောက်ဆက်တွဲပြဿနာများလည်း မဖြစ်ပေါ်နိုင်ပါ။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် လူနာ၏ရောဂါရာဇဝင်ကိုမေးမြန်းခြင်း (အထူးသဖြင့် လိင်ဆက်ဆံခြင်းဆိုင်ရာ အကြောင်း မေးမြန်းခြင်း၊ နောက်ဆက်တွဲပြဿနာများအကြောင်း မေးမြန်းခြင်း) ၊ လူနာကိုစမ်းသပ်ခြင်းတို့ ဦးစွာပြုလုပ်ပေးလိမ့်မည်။ ထိုနောက် သွေးထဲတွင် ပဋိပစ္စည်း (Ab) စစ်ဆေးခြင်း ၊ အနာမှ အရည်များကို ဓာတ်ခွဲစစ်ဆေးခြင်း၊ လိုအပ်ပါက ဦးနှောက်နှင့် အာရုံကြောမကြီးအတွင်းရှိ အရည်ကြည်ကိုယူ၍ ရောဂါပိုးရှာဖွေခြင်း စသည်တို့ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။ မိမိတွင် ကာလသားရောဂါပိုး ရှိပါက လတ်တလောတွင် မိမိနှင့် လိင်ဆက်ဆံသူများကိုလည်း ကာလသားရောဂါပိုးစစ်ဆေးရှာဖွေ၍ ကုသမှုခံယူရန်လိုအပ်သည်။

ကုသခြင်း

ကာလသားရောဂါသည် အစောပိုင်းအဆင့်များတွင် ရှာဖွေတွေ့ရှိပြီး ကုသမှုခံယူပါက အလွယ်တကူ သက်သာပျောက်ကင်းနိုင်သည်။ ကုသမှုခံယူခြင်း နောက်ကျသွားပါက နှလုံးနှင့် ဦးနှောက်ထိခိုက်ပျက်စီးခြင်းတို့ကို မကာကွယ်နိုင်တော့ပါ။ ကာလသားရောဂါ၏ အဆင့်တိုင်းကို ကာလသားရောဂါပိုးကို သေစေနိုင်သည့် ပင်နီဆလင် (Penicillin) ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသခြင်းသည် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ ပထမအဆင့်၊ ဒုတိယအဆင့်နှင့် အစောပိုင်း ရောဂါအောင်းနေသည့် အဆင့်များတွင် ပင်နီဆီလင် ပိုးသတ်ဆေးထိုးဆေးကို တစ်ကြိမ်ထိုးရုံဖြင့် လွယ်ကူစွာ ကုသ၍ရသည်။ သို့သော် ကာလသားရောဂါကို နှစ်ရှည်လများ ခံစားနေရပါက ပင်နီဆီလင်ကို ထပ်မံထိုးနှံရန် လိုအပ်နိုင်သည်။ ပင်နီဆီလင်နှင့် ဓာတ်မတည့်ပါက အခြားပိုးသတ်ဆေး တစ်မျိုးဖြင့် အစားထိုးကုသနိုင်ပြီး ပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရက်ပြည့်အောင်သောက်သုံးရန် အရေးကြီးသည်။
ကိုယ်ဝန်ဆောင်မိခင်တွင် ကာလသားရောဂါကို ကုသပါက တစ်ခုတည်းသော ကုသမှုမှာ ပင်နီဆလင် (penicillin) ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်စဥ်တွင် မိခင်ဖြစ်သူသည် ကာလသားရောဂါကို ကုသမှုခံယူထားသည့်တိုင်အောင် မွေးဖွားလာသည့် ကလေးငယ်တွင် မွေးရာပါ ကာလသားရောဂါပိုးကို စစ်ဆေးသင့်သည်။ ကလေးငယ်တွင် ကာလသားရောဂါပိုးတွေ့ရှိပါက ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသရန် လိုအပ်သည်။
ပင်နဆီလင်ပိုးသတ်ဆေးနှင့် ကုသမှုခံယူပြီး ပထမရက်အတွင်း တုံ့ပြန်မှုများ (Jarisch-Herxheimer reaction) ဖြစ်ပေါ်၍ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်း၊ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သော်လည်း အများစုတွင် ထိုတုံ့ပြန်မှုများသည် တစ်ရက်ထက်ပို၍ ဖြစ်ပေါ်ခြင်း မရှိပါ။
ကာလသားရောဂါ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်၍ အနာများသက်သာသွားသည့်တိုင်အောင် လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ရန် လိုအပ်သည်။ ကာလသားရောဂါပျောက်ကင်းကြောင်းကို သွေးပြန်စစ်၍ သိရှိနိုင်သည်။ မိမိနှင့် လိင်ဆက်ဆံသည့်အဖော် [လွန်ခဲ့သော (၂) နှစ်အတွင်း လိင်ဆက်ဆံခဲ့သည့် အဖော်] ကိုလည်း ကာလသားရောဂါ ရှိမရှိ စစ်ဆေးပြီး ကုသမှုခံယူရန် လိုအပ်သည်။

ကာကွယ်ခြင်း

ကာလသားရောဂါကို ကာကွယ်ရန် အရေးကြီးသောနည်းလမ်းမှာ ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံခြင်းကို ကျင့်သုံးရန်ဖြစ်သည်။ ကာလသားရောဂါအတွက် ရောဂါကာကွယ်ဆေး (vaccine) မရှိသော်လည်း အောက်ဖော်ပြပါ အချက်များကို လိုက်နာခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်သည်။

  • လိင်ဆက်ဆံချိန်တွင် ကွန်ဒုံးကို သေချာစွာအသုံးပြုခြင်း
  • စအို (သို့မဟုတ်) ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း
  • လိင်အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဥ်ခြင်း
  • လိင်အာသာဖြေ ပစ္စည်းကိရိယာများ (sex toys) ကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဥ်ခြင်း
  • အတူမနေခင် နှစ်ဦးစလုံးရောဂါပိုး စစ်ဆေးပြီး နှစ်ဦးစလုံးတွင် ရောဂါပိုးကင်းစင်မှ အတူနေခြင်း
  • ရောဂါဖြစ်နေသည်ဟု သံသယရှိသူနှင့် လိင်ဆက်ဆံခြင်းမှရှောင်ကြဉ်ခြင်း စသည်တို့ လုပ်ဆောင်ခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

ကာလသားရောဂါသည် သေချာစွာကုသမှုခံယူလျှင် ၁၀၀% ပျောက်ကင်းနိုင်သည်။ ထို့ကြောင့် မိမိတွင် ကာလသားရောဂါ လက္ခဏာများ ခံစားရပါက ဆေးရုံ၊ ဆေးခန်းပြသရန် မရှက်ကြောက်သင့်ပါ။ ရောဂါဖြစ်လျှင် စောစောစီးစီး ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာများဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ ကာလသားရောဂါသည် တစ်ကြိမ်ဖြစ်ပြီးလျှင်လည်း နောက်တစ်ကြိမ် ထပ်မံ ကူးစက်နိုင်သည်။ ထို့ကြောင့် လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးကို သေချာစွာ အသုံးပြုပြီး ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံခြင်း နည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

References:

  1. Cleveland Clinic. (2024). Syphilis. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/4622-syphilis
  2. Mayo Clinic. (n.d.). Syphilis – Symptoms and causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/syphilis/symptoms-causes/syc-20351756
  3. Mayo Clinic. (n.d.). Syphilis – Diagnosis and treatment. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/syphilis/diagnosis-treatment/drc-20351762
  4. Schwartz, A. A. (2024). Syphilis. WebMD. Retrieved June 26, 2025, from https://www.webmd.com/sexual-conditions/syphilis

Published: 30 August 2024

Last updated: 2 August 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.