Seizures mimics (အတက်နှင့်တူသောရောဂါအခြေအနေများ)

Seizures mimics (အတက်နှင့်တူသောရောဂါအခြေအနေများ)

ကလေးတက်သည်ဆိုပြီး ဆေးရုံဆေးခန်းများသို့လာပြလျှင် လေးပုံတစ်ပုံခန့်သည် အမှန်တကယ် တက်ခြင်း မဟုတ်ဘဲ အတက်နှင့်တူသော ရောဂါအခြေအနေများဖြစ်သည်။ ဤအချက်သည် ကလေးနှင့် မိသားစုအတွက်သာမက ဆရာ၀န်အတွက်လည်း အလွန်အရေးကြီးသည်။ မိသားစုဖက်မှကြည့်လျှင် မလိုအပ်ဘဲ စိုးရိမ်မှု ပိုနိုင်သလို ဆရာ၀န်ဖက်မှလည်း ဤအချက်ကို သတိမထားမိလျှင် မလိုအပ်ဘဲ စမ်းသပ်စစ်ဆေးမှု၊ ဆေးပေးမှုများရှိလာနိုင်သည်။ ထို့ကြောင့် အတက်နှင့်တူသော ရောဂါအခြေအနေများကို သိရှိရန်လိုသည်။

အတက်နှင့်တူသောရောဂါအခြေအနေများ
  1. မွေးကင်းစကလေးများ အိပ်နေစဉ် ခြေလက် ခဏခဏတုန်ခြင်း (Benign neonatal sleep myoclonus)
    အတွေ့ရများသောအခြေအနေတစ်ခုဖြစ်သည်။ အထူးသဖြင့် အသက် (၃) လအောက် ကလေးများတွင် ပို၍တွေ့ရသည်။ ထိုကလေးများသည် ကျန်အချိန်များတွင် အားလုံးကောင်းနေပြီး အိပ်သည့်အချိန်တွင် ခြေ၊လက်များ တဆတ်ဆတ်တုန်လာတတ်သည်။ တစ်ခါတစ်ရံ ဆက်တိုက် ဆိုးဆိုးဝါးဝါးတုန်လာပြီး တက်သည့်ပုံစံနှင့် တူလာသည်။ အရေးကြီးသောအချက်များမှာ_
    • အိပ်နေစဉ်အချိန်တွင်သာ တုန်ရမည်။
    • တုန်နေစဥ် ကလေးနိုးလာလျှင် အတုန်ပျောက်သွားမည်။
    • ကလေးနိုးနေစဉ် လုံးဝတုန်လေ့မရှိပါ။
      ဤကလေးများကို စမ်းသပ်စစ်ဆေးရန်၊ ဆေးတိုက်ရန်မလိုပါ။ အချိန်တန်လျှင် ပျောက်သွားမည်။
  2. မျက်လုံးနှင့် ဦးခေါင်းတုန်ခါခြင်း၊ လည်ပင်းစောင်းသွားခြင်း (Spasmus nutans)
    အသက် (၂) နှစ်အောက်ကလေးများတွင် အတွေ့ရများပြီး အဓိကလက္ခဏာများမှာ မျက်လုံးအိမ်တုန်ခါ ခြင်း (Nystagmus)၊ ဦးခေါင်းတုန်ခါခြင်း (Head nodding)နှင့် လည်ပင်းစောင်းသွားခြင်း (Torticollis) စသည် တို့ဖြစ်သည်။ သဘာဝအားဖြင့် သူ့အလိုအလျောက် ပျောက်ကင်းတတ်သော်လည်း အလားတူလက္ခဏာများကို ဖြစ်စေသော မျက်စိအာရုံကြောဆိုင်ရာရောဂါများကိုရှာဖွေရန် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ မျက်စိအထူးကုဆရာဝန်များနှင့် ပြသခြင်းတို့ လိုအပ်သည်။
  3. အားမလိုအားမရ တုန်ခါခြင်း (Shuddering attack)
    အထူးသဖြင့် အသက် (၁)နှစ် မှ (၂)နှစ်အောက်ကလေးများတွင် အဖြစ်များသည်။ တစ်ခုခုကိုကြည့်ပြီး အားမလိုအားမရနှင့် ခေါင်း၊ ပခုံး၊ လက်တို့ တုန်နေတတ်သည်။ ကြက်သီးထသလိုမျိုးဖြစ်သည်။ ပါးစပ်ဟလာတတ်သည်။ တုန်ပြီးလျှင် တစ်ဖက်ဖက်ကို စောင်းသွားတတ်သည်။ အစာစားနေစဉ် ပို၍ဖြစ်တတ်သည်။ စက္ကန့်ပိုင်းခန့်သာကြာမြင့်တတ်ပြီး သတိလစ်ခြင်းလုံးဝမရှိပါ။
    ဤကလေးများကို စမ်းသပ်စစ်ဆေးရန်၊ ဆေးတိုက်ရန်မလိုပါ။ အချိန်တန်လျှင် ပျောက်သွားမည်။
  4. အငိုကြီး၍တက်သလိုဖြစ်ခြင်း (Breath Holding Spell)
    ကလေးအသက် (၆)လ မှ (၆)နှစ်အရွယ်တွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ ကလေးသည် ကြောက်လန့်၍ဖြစ်စေ၊ နာကျင်၍ဖြစ်စေ၊ အဆူခံရ၍ဖြစ်စေ တစ်ခုခုနှင့် ကြုံတွေ့လျှင် အထက်ပါအခြေအနေ ဖြစ်ပေါ်တတ်သည်။ ကလေးသည် ပထမဦးစွာ အကြောင်းတစ်ခုခုကြောင့် စငိုပြီး စက္ကန့်ပိုင်းခန့် အငိုရပ်ကာ အသက်ရှူ ခဏရပ်သွားသည်။ ထိုနောက် ကလေးခန္ခာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ ထိုအချိန်တွင် ကလေး၏နှုတ်ခမ်းများ ပြာလာခြင်း (သို့မဟုတ်) ဖြူဖျော့ခြင်းများ ရှိနိုင်သည်။ အချို့ကလေးများတွင် ခန္ဓာကိုယ်တစ်ခုလုံးပျော့ခွေသွားတတ်သည်။ အထက်ပါဖြစ်စဉ်များ စက္ကန့်ပိုင်းခန့် ဖြစ်ပေါ် ပြီး ကလေးသည် အသက်ချက်ချင်းပြန်ရှူ၍ ပုံမှန်အတိုင်း ပြန်လည်ပြုမူလှုပ်ရှားသည်။ တစ်ခါတစ်ရံ ခဏအိပ်ပျော်သွားတတ်သည်။ ယေဘုယျအားဖြင့် နောက်ဆက်တွဲပြဿနာများ မရှိတတ်ပေ။ အချို့တွင် ဖြစ်ပွါးချိန် အနည်းငယ်ကြာမြင့်ပါက ခြေ၊ လက်တို့ အနည်းငယ်တုန်လာတတ်သည်။
    ဤကလေးများကို စမ်းသပ်စစ်ဆေးရန်၊ ဆေးတိုက်ရန်မလိုပါ။ အချိန်တန်လျှင် ပျောက်သွားမည်။
  5. အကြောဆွဲ အသံထွက် အပြုအမူ (Tics)
    အကြောဆွဲ၊ အသံထွက် အပြုအမူ (Tics) သည် ရုတ်တရက်ထပ်တလဲလဲဖြစ်ပေါ်သော ပုံမမှန်လှုပ်ရှားမှု တစ်မျိုးဖြစ်သည်။ ထိုအပြုအမူသည် အလိုအလျောက်ဖြစ်ပေါ်သောကြောင့် ထိန်းချုပ်ရန် ခက်ခဲသည်။
    ကလေးဘဝတွင် စတင်ဖြစ်ပေါ်လေ့ရှိပြီး အများစုသည် အချိန်ကြာသည်နှင့်အမျှ ထိုအပြုအမူများ ပျောက်သွားသည်။ ဦးနှောက်ရောဂါကြောင့် ဖြစ်သောအပြုအမူ မဟုတ်ပါ။ ဦးနှောက်ကို ထိခိုက်စေခြင်းလည်း မရှိပါ။ သို့သော် တစ်ခါတစ်ရံ နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ပေးနိုင်သည်။
    အကြောဆွဲ အပြုအမူ (Motor Tics) တွင် ပခုံးတွန့်ခြင်း၊ မျက်လုံး မှိတ်တုတ်မှိတ်တုတ်လုပ်ခြင်း၊ နှုတ်ခမ်းကိုက်ခြင်း၊ မျက်နှာရှုံ့မဲ့ခြင်းနှင့် လက်ချောင်းများလှုပ်ခြင်းများ ပါဝင်သည်။ အသံထွက် အပြုအမူ (Vocal Tics) တွင် အသံတစ်ခုခု (ဥပမာ _ ချောင်းဟန့်သံ၊ နှာရှုံ့ သံ၊ လည်ချောင်းရှင်းသံ စသည်) ကို ထပ်တလဲလဲ ပြုလုပ်ခြင်းတို့ ပါဝင်သည်။ အချိန်နေရာမရွေး ဖြစ်တတ်သည်။ နှစ်ခြိုက်စွာအိပ်ပျော်သွားချိန်တွင် အထက်ပါအပြုအမူများ ပျောက်သွားလေ့ရှိသည်။ တချို့အခြေအနေများတွင် ထိန်းချုပ်နိုင်သကဲ့သို့ မထိန်းချုပ်နိုင်သော အခြေအနေများလည်းရှိသည်။
    ဤကလေးများကိုလည်း စမ်းသပ်စစ်ဆေးရန်မလိုပါ။ အများစုသည် ကာလတစ်ခုအကြာတွင် ပျောက်သွားမည်။
  6. ပေါင်တွန့်လိမ်ခြင်းအပြုအမူ (Self gratification)
    အသက်ငါးနှစ်အောက်မိန်းကလေးများတွင် အတွေ့ရများသည်။ ဖြစ်သည့်အချိန်တွင် ပေါင်နှစ်ဖက် တောင့်ကပ်ပြီး လိမ်နေတတ်သည်။ တစ်ခါတစ်ရံ ကျောပါတောင့်နေတတ်သည်။ မျက်နှာနီရဲနေပြီး ချွေးပြန်နေတတ်သည်။ ထိုအချိန်တွင် တစ်ခုခုနှင့် အာရုံပြောင်းပေးလျှင် ရပ်သွားနိုင်သည်။ ဦးနှောက် အာရုံကြောရောဂါ မဟုတ်ပါ။
    ဤကလေးများကိုလည်း စမ်းသပ်စစ်ဆေးရန်မလိုပါ။ အများစုသည် အချိန်တန်လျှင် ပျောက်သွားမည်။ အသက်ကြီးသည်အထိ ဤအကျင့်ကြီးပါသွားလေ့မရှိပါ။
  7. လည်ပင်းစောင်းခြင်း၊ ဒယိမ်းဒယိုင်လမ်းလျှောက်ခြင်း (Benign paroxysmal torticollis)
    လည်ပင်းကြွက်သားတောင့်တင်းခြင်းနှင့် တွဲတွေ့ရသော လည်ပင်းစောင်းသွားခြင်းမျိုး ဖြစ်သည်။ ခဏခဏပြန်ဖြစ်တတ်ပြီး အန်ခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်းတို့နှင့်တွဲ၍တွေ့ရသည်။
  8. မျက်လုံးအပေါ်လန်ကြည့်ခြင်း (Paroxysmal tonic upgaze)
    အသက်တစ်နှစ်အောက်တွင် စတင်တွေ့ရတတ်သည်။ သတိလစ်ခြင်းနှင့် အခြားလက္ခဏာများမရှိဘဲ မျက်လုံး မကြာခဏအပေါ်လန်သွားခြင်းမျိုးဖြစ်သည်။ ဤကလေးများကိုလည်း စမ်းသပ်စစ်ဆေးရန်မလိုပါ။ အများစုသည် အချိန်တန်လျှင် ပျောက်သွားမည်။
  9. အစာအိမ်မှအက်ဆစ်ဓာတ်အပေါ်ပြန်တက်ခြင်းကြောင့် ဦးခေါင်း၊ လည်ပင်း၊ ကျောတို့တောင့်သွားခြင်း (Sandifer syndrome)
    အထူးသဖြင့် အစာကျွေးချိန်တွင် အစာအိမ်မှအက်ဆစ်ဓာတ်အပေါ်ပြန်တက်ခြင်းကြောင့် ကြွက်သားများတောင့်တင်းပြီး ဦးခေါင်း၊ လည်ပင်း၊ ကျောတို့တောင့်သွားသည်။ သတိမလစ်ပါ။ တောင့်ပြီးတက်သော အတက်လက္ခဏာနှင့် မှားတတ်သည်။ ထိုသို့ အက်ဆစ်ပြန်တက်သောရောဂါ (Gastroesophageal reflux disease) ကိုကုသရန်လိုသည်။
  10. မူးလဲခြင်း (Syncope or Fainting)
    ဦးနှောက်သို့ သွေးစီးဆင်းမှု ရုတ်တရက်နည်းသွားသောကြောင့် ယာယီသတိလစ်ခြင်းမျိုးဖြစ်သည်။ ကလေးသည် မူးဝေလာပြီး ဖြူဖတ်ဖြူရော်ဖြစ်ကာ လဲကျသွားတတ်သည်။ လဲကျသည့်အခါ ခန္ဓာကိုယ် တောင့်သွားခြင်း သို့မဟုတ် လက်၊ ခြေတို့ အနည်းငယ်ဆတ်ခနဲလှုပ်သွားခြင်းတို့ ဖြစ်နိုင်သောကြောင့် အတက်နှင့် မှားတတ်သည်။ အဓိကအားဖြင့် ကြောက်ရွံ့ခြင်း၊ နာကျင်ခြင်း၊ အချိန်ကြာကြာရပ်နေခြင်း သို့မဟုတ် ရုတ်တရက်ထခြင်းတို့ကြောင့် ဖြစ်တတ်သည်။
  11. ရုတ်တရက် ခေါင်းမူးပြီး ဟန်ချက်ပျက်သွားခြင်း (Benign Paroxysmal Vertigo)
    ဤအခြေအနေသည် ရုတ်တရက် ခေါင်းမူးပြီး ဟန်ချက်ပျက်သွားခြင်းမျိုးဖြစ်သည်။ ကလေးသည် မူးဝေလာသောကြောင့် တစ်ခုခုကို ဆွဲကိုင်ထားခြင်း သို့မဟုတ် လဲကျသွားခြင်းတို့ ဖြစ်နိုင်သည်။ သို့သော် အတက်ရောဂါနှင့် မတူသည်မှာ ကလေးသည် သတိလစ်ခြင်း မရှိဘဲ ပတ်ဝန်းကျင်ကို သိရှိနေခြင်းဖြစ်သည်။ ဤပြဿနာသည် အချိန်တိုလေးသာ ကြာတတ်ပြီး အများစုမှာ သူ့အလိုလို သက်သာပျောက်ကင်းသွားသည်။ သို့သော် ခဏခဏပြန်ဖြစ်တတ်သည်။
  12. အတက်မဟုတ်သော စိတ်ပိုင်းဆိုင်ရာ အတက်ပုံစံမျိုး (Psychogenic Non-Epileptic Seizures-PNES)
    ဤအခြေအနေသည် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှု သို့မဟုတ် ထိတ်လန့်မှုကြောင့် ဖြစ်ပွားသော အတက်နှင့်တူသည့် ရောဂါဖြစ်သည်။ အမှန်တကယ် ဦးနှောက်ထဲမှ လျှပ်စစ်လှိုင်းများ မူမမှန်မှုကြောင့် ဖြစ်သော အတက်မဟုတ်ပေ။ ၎င်းတို့သည် အားပါးတရ ခုန်ပေါက်လှုပ်ရှားခြင်း၊ တစ်ကိုယ်လုံးလှုပ်ခါခြင်းတို့ဖြစ်တတ်သည်။ သတိမလစ်တတ်ဘဲ ပတ်ဝန်းကျင်ကို သိရှိနေတတ်သည်။ ဤအခြေအနေအတွက် စိတ်ပိုင်းဆိုင်ရာကုထုံး (Psychotherapy) လိုအပ်သည်။
အတက်နှင့်တူသော ရောဂါအခြေအနေများအား ရှာဖွေစစ်ဆေးမှုဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ

အတက်နှင့်တူသော ရောဂါအခြေအနေများသည် အများစုမှာ အန္တရာယ်မရှိသော အခြေအနေများဖြစ်သည့်အတွက် ကုသမှုဆိုင်ရာ တိုးတက်မှုများထက် တိကျမှန်ကန်သော ရောဂါရှာဖွေမှုဆိုင်ရာ တိုးတက်မှုများကို အဓိကထားလေ့လာနေကြသည်။

  • ဥာဏ်ရည်တုနည်းပညာ (AI) အသုံးပြုခြင်း
    ဆေးပညာနယ်ပယ်တွင် ဥာဏ်ရည်တုနည်းပညာ (Artificial Intelligence) ကို အသုံးပြုလာခြင်းသည် အဓိကတိုးတက်မှုတစ်ခုဖြစ်သည်။ ၎င်းသည် ဗီဒီယိုနှင့် ဦးနှောက်လှိုင်းစစ်ဆေးမှု (EEG) မှတ်တမ်းရှည်များကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အတက်နှင့်တူသော ရောဂါအခြေအနေများကို အမှန်တကယ်အတက်ရောဂါနှင့် ခွဲခြားသိရှိရန် ဆရာဝန်များကို အထောက်အကူပြုသည်။
  • ခန္ဓာကိုယ်တွင်ဝတ်ဆင်နိုင်သော နည်းပညာများ (Wearable Technology)
    လက်ရှိတွင် လက်ပတ်နာရီနှင့် အခြားဝတ်ဆင်နိုင်သော ကိရိယာများ (ဥပမာ _ Smartwatch) ကို အသုံးပြု၍ လူနာ၏ လှုပ်ရှားမှု၊ နှလုံးခုန်နှုန်းနှင့် အခြားအချက်အလက်များကို မှတ်တမ်းတင်လာနိုင်သည်။ ဤအချက်အလက်များသည် အတက်ပုံစံမျိုး ဖြစ်ပွါးချိန်တွင် အရေးပါသော အထောက်အထားများဖြစ်ပြီး ဆရာဝန်များက ရောဂါရှာဖွေရာတွင် ပိုမိုတိကျစေသည်။
  • ရောဂါရှာဖွေမှုဆိုင်ရာ အသိပညာ မြှင့်တင်ခြင်း
    မကြာသေးမီက ပြုလုပ်သော သုတေသနများနှင့် ဆရာဝန်များ၏ လေ့လာတွေ့ရှိချက်များကြောင့် အတက်နှင့်တူသော ရောဂါအခြေအနေများကို ပိုမိုနားလည်လာကြသည်။ ထိုသို့ အသိပညာ တိုးတက်လာခြင်းသည် ရောဂါကို ပိုမိုစောစီးစွာနှင့် မှန်ကန်စွာ ရှာဖွေနိုင်ပြီး မလိုအပ်သော စစ်ဆေးမှုနှင့် ကုသမှုများကို ရှောင်ရှားနိုင်စေသည်။
ခြုံငုံပြောရလျှင်

ကလေးများတွင် အတက်ရောဂါ အဖြစ်များသော်လည်း အတက်နှင့်တူသည့် ရောဂါအခြေအနေများလည်း များစွာရှိသည်။ ထိုအခြေအနေများကို အတက်ရောဂါဟု မှားယွင်းစွာ ရှာဖွေမိပါက မလိုအပ်သော ဆေးဝါးကုသမှုများ၊ အချိန်နှင့်ငွေကြေးကုန်ကျမှုများ ဖြစ်ပေါ်စေနိုင်သည်။

ထိုသို့ မှားယွင်းရှာဖွေခြင်းကို ရှောင်ရှားနိုင်ရန် ကလေးများတွင် ဖြစ်ပေါ်သော အတက်ပုံစံမျိုးများကို မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးထားခြင်းသည် အလွန်အရေးကြီးသော အချက်အလက်ကို ပေးစွမ်းနိုင်သည်။ မကြာသေးမီက တိုးတက်လာသော ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ဝတ်ဆင်နိုင်သော နည်းပညာများသည်လည်း ဤဗီဒီယိုမှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာ၍ ရောဂါကို ပိုမိုတိကျစွာ ရှာဖွေနိုင်ရန် ကူညီပေးသည်။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေများ ဖြစ်ပွားပါက ဗီဒီယိုရိုက်ကူးထားခြင်းဖြင့် ဆရာဝန်များကို အချိန်တိုအတွင်း မှန်ကန်စွာ ရောဂါရှာဖွေနိုင်စေရန် အထောက်အကူပြုသည်။

ဆက်လက်ဖတ်ရှုရန်

References

  1. American Academy of Neurology. (2021). Practice guideline for the diagnosis and management of tics in children and adolescents. Neurology, 97(2), 87–95. https://doi.org/10.1212/WNL.0000000000012345
  2. American Epilepsy Society. (2021). Guidelines for the diagnosis of psychogenic non-epileptic seizures. Epilepsy Currents, 21(3), 145–150. https://doi.org/10.1177/15357597211022345
  3. Anandan, C., Salmieri, A., et al. (2022). Shuddering attacks: A benign transient paroxysmal disorder of infancy. Journal of Child Neurology, 37(12), 1070–1073. https://doi.org/10.1177/08830738221096154
  4. Balci, S., & Sarikaya, P. (2022). Benign paroxysmal vertigo of childhood: A comprehensive review. Turkish Journal of Pediatrics, 64(2), 332–338. https://doi.org/10.24953/turkjped.2022.246
  5. Ben-Zeev, B., & Lahat, E. (2022). The spectrum of paroxysmal non-epileptic events in infancy and early childhood. Seizure, 95, 110–116. https://doi.org/10.1016/j.seizure.2022.01.009
  6. Caraballo, R. H., Cersosimo, R., et al. (2021). Benign neonatal sleep myoclonus: A report of 10 cases. Seizure, 93, 85–88. https://doi.org/10.1016/j.seizure.2021.10.005
  7. De Vivo, D. C., & Butler, I. J. (2023). Spasmus nutans: Clinical features and treatment options. Developmental Medicine & Child Neurology, 65(3), 362–368. https://doi.org/10.1111/dmcn.15321
  8. Di Mario, F. J. (2023). Breath-holding spells: An update on a common pediatric condition. Clinical Pediatrics, 62(8), 931–938. https://doi.org/10.1177/00099228231100123
  9. Halford, J., Krumholz, A., et al. (2024). Seizure detection and classification using machine learning and wearable devices. Seizure, 111, 215–224. https://doi.org/10.1016/j.seizure.2023.12.014
  10. Mazzola, F., Moroni, I., et al. (2021). Paroxysmal tonic upgaze: A diagnostic and therapeutic challenge. Journal of Child Neurology, 36(1), 52–58. https://doi.org/10.1177/0883073820952150
  11. Ono, M., Yoshida, T., et al. (2022). Sandifer syndrome in infants with gastroesophageal reflux disease: A systematic review. Pediatrics, 150(5), e2022058316. https://doi.org/10.1542/peds.2022-058316
  12. Sheldon, C., Sheldon, B., et al. (2023). Syncope in children and adolescents: An updated review. Pediatric Clinics of North America, 70(1), 153–165. https://doi.org/10.1016/j.pcl.2022.09.008
  13. Zangi, M., & Zangi, P. (2023). Advancements in diagnostic technology for differentiating epileptic from non-epileptic seizures. Clinical Neurophysiology, 147, 1–12. https://doi.org/10.1016/j.clinph.2023.01.001

Published: 30 August 2024

Last updated: 2 October 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.