အကြောဆွဲ၊ အသံထွက် အပြုအမူ (Tics) သည် ရုတ်တရက် ထပ်တလဲလဲ ဖြစ်ပေါ်သော ပုံမမှန်လှုပ်ရှားမှုတစ်မျိုးဖြစ်သည်။ ထိုအပြုအမူသည် အလိုအလျောက် ဖြစ်ပေါ်သောကြောင့် ထိန်းချုပ်ရန် ခက်ခဲသည်။
ကလေးဘဝတွင် စတင်ဖြစ်ပေါ်လေ့ရှိပြီး အများစုသည် အချိန်ကြာသည်နှင့်အမျှ အလိုအလျောက် ပျောက်သွားနိုင်သည်။ ဦးနှောက်ရောဂါကြောင့် ဖြစ်သောအပြုအမူ မဟုတ်ပါ။ ဦးနှောက်ကို ထိခိုက်စေခြင်းလည်း မရှိပါ။ သို့သော် တစ်ခါတစ်ရံ နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ပေးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အကြောဆွဲ၊ အသံထွက် အပြုအမူ (Tics) ဖြစ်ပွါးရသည့် အကြောင်းရင်းအတိအကျကို အတိအကျမသိရသေးသော်လည်း ဦးနှောက်အတွင်းရှိ အာရုံကြောဓာတ်ပစ္စည်း (neurotransmitters) များ မညီမမျှဖြစ်ခြင်းနှင့် မျိုးဗီဇဆိုင်ရာ အချက်အလက်များကြောင့် ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ အဓိကအားဖြင့် ဦးနှောက်အာရုံကြောစနစ်နှင့် ဆက်စပ်မှုရှိသော အောက်ပါအခြေအနေများတွင် ပိုမိုအဖြစ်များသည်။
- မျိုးဗီဇဆိုင်ရာ အကြောင်းရင်းများ
 မိဘများတွင် သို့မဟုတ် မိသားစုဝင်များတွင် Tics ရောဂါရှိခဲ့ပါက သားသမီးများတွင်လည်း ဖြစ်နိုင်ခြေ ပိုများသည်။
- တွဲ၍ဖြစ်ပွါးလေ့ရှိသော အခြေအနေများ
 အော်တစ်ဇင် (Autism)၊ အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲသော ရောဂါ (ADHD) နှင့် စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲ ပြုမူတတ်သော ရောဂါ (Obsessive-Compulsive Disorder – OCD) စသည့် ရောဂါရှိသူကလေးများတွင် Tics ဖြစ်နိုင်ခြေ ပိုများသည်။
- ပတ်ဝန်းကျင်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အချက်များ
 ကလေးများတွင် အိပ်ချိန်နည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်လှုပ်ရှားမှုလွန်ကဲခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း စသည့်အခြေအနေများတွင်လည်း Tics အပြုအမူများ ပိုမိုပေါ်ပေါက်လာနိုင်သည်။
ရောဂါလက္ခဏာများ
အကြောဆွဲ၊ အသံထွက် အပြုအမူသည် ဖြစ်ပွါးသောအချိန်ကာလပေါ်မူတည်၍ အချိန်တိုအတွင်းသာ ဖြစ်တတ်သောအုပ်စု (Provisional tics disorder) နှင့် တစ်နှစ်ကျော်အချိန်ကာလထိ လက္ခဏာပြတတ်သော နာတာရှည်အုပ်စု (Chronic tics disorder) ဟူ၍ရှိသည်။
ဖြစ်ပေါ်လာသောအပြုအမူ၏ သဘာဝအပေါ်မူတည်ပြီးလည်း အမျိုးအစား (၂) မျိုးခွဲခြားနိုင်သည်။
- ပုံမမှန် လှုပ်ရှားမှုများတွေ့ရသော အကြောဆွဲ အပြုအမူ (Motor Tics)
- ပုံမမှန် အသံများထွက်သော အပြုအမူ (Vocal Tics)
အကြောဆွဲ အပြုအမူ (Motor Tics) တွင် ပခုံးတွန့်ခြင်း၊ မျက်လုံး မှိတ်တုတ်မှိတ်တုတ်လုပ်ခြင်း၊ နှုတ်ခမ်း ကိုက်ခြင်း၊ မျက်နှာရှုံ့မဲ့ခြင်းနှင့် လက်ချောင်းများလှုပ်ခြင်းများ စသည်တို့ပါဝင်သည်။ အသံထွက် အပြုအမူ (Vocal Tics) တွင် အသံတစ်ခုခု (ဥပမာ _ ချောင်းဟန့်သံ၊ နှာရှုံ့ သံ၊ လည်ချောင်းရှင်းသံ စသည်)ကို ထပ်တလဲလဲ ပြုလုပ်ခြင်းတို့ ပါဝင်သည်။
အချိန်နေရာမရွေး ဖြစ်တတ်သည်။ နှစ်ခြိုက်စွာအိပ်ပျော်သွားချိန်တွင် အထက်ပါအပြုအမူများ ပျောက်သွားလေ့ရှိသည်။ တချို့အခြေအနေများတွင် ထိန်းချုပ်နိုင်သကဲ့သို့ မထိန်းချုပ်နိုင်သော အခြေအနေများလည်း ရှိသည်။ ထိုအပြုအမူများ ဖြစ်ပေါ် ချိန်တွင် ဗီဒီယိုရိုက်ထားပါက ရောဂါရှာဖွေရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေး၏ နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာမှုများကို အနှောင့်အယှက်မဖြစ်ပါက ဆေးရုံဆေးခန်းပြသရန် မလိုပါ။ အကယ်၍ အချိန်ပြည့် ဖြစ်နေခြင်း၊ တဖြည်းဖြည်းပိုဆိုးလာခြင်း၊ ဤအပြုအမူကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဖြစ်လာခြင်း (ဥပမာ_အစနောက်ခံရခြင်း၊ သီးခြားနေထိုင်လာခြင်း၊ စိတ်ဓာတ်ကျခြင်း)၊ မသက်မသာ ဖြစ်နေပုံရခြင်း၊ ကျောင်းလုပ်ငန်းတာဝန်များ ထိခိုက်ခြင်း၊ မိမိကိုယ်ကို နာကျင်အောင်လုပ်ခြင်း စသည့် လက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန် နှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အများစုတွင် ကလေး၏အပြုအမူများကို စမ်းသပ်စစ်ဆေးရုံနှင့် သိသာသော အခြေအနေတစ်ခု ဖြစ်သည်။ မသေချာပါက ကလေးအထူးကုဆရာဝန် (သို့မဟုတ်) ကလေးဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်များမှ ကြည့်ရှုစစ်ဆေးပေးနိုင်သည်။ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ရန် မလိုအပ်ပါ။ ဆရာဝန်သည် ကလေး၏ဖြစ်ပွါးပုံ အသေးစိတ်ကို မေးမြန်း၍ဖြစ်စေ၊ အပြုအမူပုံစံကို ကြည့်၍ဖြစ်စေ၊ သိရှိနိုင်သည်။ ကလေး၏အပြုအမူပုံစံကို ဗီဒီယိုရိုက်ထားခြင်းသည် ရောဂါရှာဖွေရာတွင် လွန်စွာအထောက်အကူ ရနိုင်သည်။ တချို့ကလေးများတွင် အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်စွဲလမ်းခြင်းနှင့် စိုးရိမ်ပူပန်မှုများခြင်း စသော အပြုအမူများကို တွဲ၍တွေ့ရှိရပါက လိုအပ်သလို ဆက်လက်စစ်ဆေးရသည်။
ကုသခြင်း
ကလေးအများစုတွင် အကြောဆွဲ၊ အသံထွက် အပြုအမူ (Tics) များသည် အချိန်ကြာလာသည်နှင့်အမျှ အလိုအလျောက် သက်သာသွားနိုင်သော်လည်း နေ့စဉ်လှုပ်ရှားမှုနှင့် လူမှုရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေပါက ကုသမှုခံယူရန် လိုအပ်သည်။
- အပြုအမူဆိုင်ရာ ကုထုံး (Behavioral Therapy)
 ဤကုထုံးသည် Tics ကို ကုသရာတွင် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ အလေ့အကျင့် ပြန်လည်ပြောင်းလဲသည့်ကုထုံး (Habit Reversal Therapy – HRT) ကို အများဆုံးအသုံးပြုသည်။ ဤကုထုံးတွင် ကလေးအား Tics ဖြစ်ပေါ်လာမည့် လက္ခဏာများကို စောစီးစွာ သတိပြုမိစေပြီး၊ ယင်းအစား အခြားလှုပ်ရှားမှုတစ်ခုခုဖြင့် အစားထိုးလုပ်ဆောင်စေသည်။ ဥပမာ_ချောင်းဟန့်သံမထွက်မီ လည်ချောင်းယားယံသည့်ခံစားမှုကို သတိပြုမိစေပြီး၊ ယင်းအစား အသက်ပြင်းပြင်း ရှူသွင်းခြင်းကဲ့သို့သော အခြားအပြုအမူတစ်ခုဖြင့် တုံ့ပြန်စေခြင်းဖြစ်သည်။
- ဆေးဝါးများဖြင့်ကုသခြင်း
 အပြုအမူဆိုင်ရာ ကုထုံးများဖြင့် မသက်သာပါက သို့မဟုတ် Tics များပြင်းထန်ပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးပါက ဆရာဝန်မှ လိုအပ်သော ဆေးဝါးများ ညွှန်ကြားနိုင်သည်။ ယင်းဆေးများသည် ဦးနှောက်ရှိ အာရုံကြောဓာတ်ပစ္စည်းများ (neurotransmitters) ကို ထိန်းညှိပေးပြီး Tics ဖြစ်ပွါးမှုကို လျှော့ချပေးနိုင်သည်။ အသုံးပြုလေ့ရှိသော ဆေးဝါးများမှာ Aripiprazole, Risperidone နှင့် Haloperidol စသည်တို့ဖြစ်သည်။
Tics ကုသမှုဆိုင်ရာ ပြောင်းလဲတိုးတက်မှုများ
Tics ကို လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးသော်လည်း ရောဂါဖြစ်ပွါးမှု၏ အရင်းခံဇီဝဗေဒဆိုင်ရာ နားလည်မှုများ တိုးတက်လာသည်နှင့်အမျှ ကုသမှုနည်းလမ်းများလည်း တိုးတက်လာသည်။
- အပြုအမူနှင့် စိတ်ပိုင်းဆိုင်ရာ ကုထုံးများ
 အပြုအမူဆိုင်ရာ ကုထုံး (Behavioral therapy) သည် ကုသမှု၏ အဓိကမဏ္ဍိုင်အဖြစ် ဆက်လက်တည်ရှိသည်။ ခေတ်မီကုထုံးဖြစ်သော ဘက်စုံအပြုအမူဆိုင်ရာ ကုထုံး (Comprehensive Behavioral Intervention for Tics – CBIT) သည် လက်ရှိတွင် ဦးစားပေး ကုသမှုနည်းလမ်းတစ်ခုဖြစ်သည်။ ဤကုထုံးသည် လူနာများအား အကြောဆွဲခြင်း မဖြစ်ပွါးမီ ခံစားရသော လက္ခဏာများကို သတိပြုမိစေပြီး၊ ၎င်းကို ထိန်းချုပ်ရန်အတွက် အခြားသင့်လျော်သော အပြုအမူတစ်ခုဖြင့် အစားထိုး ပြုလုပ်စေသည်။ CBIT ကုထုံးသည် အလွန်ထိရောက်ပြီး တယ်လီကျန်းမာရေး (telehealth) စနစ်ဖြင့်လည်း ကုသမှုခံယူနိုင်သောကြောင့် ပိုမိုလက်လှမ်းမီလာသည်။
- ဆေးဝါးဆိုင်ရာ တိုးတက်မှုများ
 ယခင်က အသုံးပြုခဲ့သော စိတ်ငြိမ်ဆေး (neuroleptics) များအပြင် ဘေးထွက်ဆိုးကျိုးနည်းပါးသော ဆေးဝါးများကိုလည်း သုတေသနပြုလာသည်။ ဦးနှောက်အတွင်းရှိ ဒိုပါမင်း (dopamine) ကို ဟန့်တားသော ဆေးအသစ်များအပြင်၊ အခြားသော ဦးနှောက်လမ်းကြောင်းများကို ပစ်မှတ်ထားသည့် ဆေးဝါးများကိုလည်း စိတ်ဝင်စားမှု တိုးလာသည်။ ဤနည်းလမ်းသည် ပိုမိုထိရောက်ပြီး ဘေးကင်းလုံခြုံမှုရှိသော ကုသမှုများကို ရှာဖွေရန် ရည်ရွယ်သည်။
- အာရုံကြောထိန်းညှိခြင်းနှင့် ခွဲစိတ်ကုသမှုများ
 ပြင်းထန်ပြီး ကုသရခက်ခဲသော အခြေအနေများအတွက်၊ ဦးနှောက်လုပ်ဆောင်ချက်ကို တိုက်ရိုက်ထိန်းညှိသည့် နည်းလမ်းသစ်များကို လေ့လာနေကြသည်။ ဦးနှောက်အတွင်း လျှပ်စစ်အချက်ပြမှုများ ပေးပို့ရန် ကိရိယာတစ်ခု ထည့်သွင်းသော ခွဲစိတ်မှုဖြစ်သည့် ဦးနှောက်အတွင်း လျှပ်စစ်လှုံ့ဆော်မှု (Deep Brain Stimulation – DBS) သည် အပြင်းစား Tourette’s Syndrome ရှိသော အရွယ်ရောက်ပြီးသူများအတွက် ရွေးချယ်စရာတစ်ခုဖြစ်သည်။ ထို့ပြင် သုတေသီများသည် ဦးနှောက်နေရာအချို့ကို သံလိုက်စက်ကွင်းများဖြင့် လှုံ့ဆော်သည့် ဦးနှောက်ပြင်ပမှ သံလိုက်လှိုင်းဖြင့် လှုံ့ဆော်ခြင်း (Transcranial Magnetic Stimulation – TMS) ကဲ့သို့သော ခွဲစိတ်မှုမပါသည့် နည်းလမ်းများကိုလည်း စုံစမ်းလေ့လာနေသည်။
- ဦးနှောက်နှင့် မျိုးဗီဇဆိုင်ရာ နားလည်မှုများ
 အာရုံကြောပုံရိပ်ဖော်ခြင်း (neuroimaging) နည်းပညာ (ဥပမာ – fMRI) နှင့် မျိုးဗီဇဆိုင်ရာ သုတေသနများ တိုးတက်လာခြင်းသည် အကြောဆွဲရောဂါနှင့် ဆက်စပ်နေသော ဦးနှောက်လျှပ်စီးလမ်းကြောင်းများ၊ အာရုံကြောဓာတ်ပစ္စည်းများ (ဥပမာ – ဒိုပါမင်းနှင့် GABA) တို့ကို ပိုမိုနားလည်စေသည်။ ဤရှာဖွေတွေ့ရှိမှုများသည် အနာဂတ်တွင် လူနာတစ်ဦးချင်းစီအတွက် သီးသန့်ကုသမှုများ ဖော်ဆောင်နိုင်ရန် ကူညီသည်။
ကာကွယ်ခြင်း
အကြောဆွဲ၊ အသံထွက် အပြုအမူ (Tics) ကို အတိအကျ ကာကွယ်ရန် ခက်ခဲသည်။ သို့သော် Tics ဖြစ်ပွားမှုကို ပိုမိုဆိုးရွားစေသည့် အခြေအနေများကို ရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်သည်။
- စိတ်ဖိစီးမှုနှင့် ပင်ပန်းမှုကို လျှော့ချခြင်း
 ကလေးငယ်ကို ပုံမှန်အိပ်စက်အနားယူစေပြီး စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုတို့ကို လျှော့ချပေးခြင်းဖြင့် Tics ဖြစ်ပွါးမှုနှုန်းကို လျှော့ချနိုင်သည်။
- ပုံမှန် ကိုယ်လက်လှုပ်ရှားမှုနှင့် အာဟာရ
 လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းနှင့် မျှတသော အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်းသည် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ကျန်းမာစေသဖြင့် Tics ဖြစ်ပွါးမှုကို သက်သာစေနိုင်သည်။
- မိဘနှင့် ပတ်ဝန်းကျင်၏ နားလည်မှု
 မိဘများ၊ ဆရာများနှင့် သူငယ်ချင်းများ၏ နားလည်မှုနှင့် ပံ့ပိုးမှုသည် အရေးအကြီးဆုံး ကာကွယ်နည်းတစ်ခုဖြစ်သည်။ Tics ဖြစ်ပွါးချိန်တွင် ကလေးအား အပြစ်တင်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စေခြင်းတို့မှ ရှောင်ရှားခြင်းဖြင့် ကလေး၏ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ရောဂါကို ပိုမိုထိန်းချုပ်နိုင်စေသည်။
References:
- Kids Health Info: Tics. (n.d.). The Royal Children’s Hospital Melbourne. Retrieved August 7, 2025, from https://www.rch.org.au/kidsinfo/fact_sheets/Tics/
- NHS. (2025). Tics. Retrieved August 7, 2025, from https://www.nhs.uk/conditions/tics/
- Cleveland Clinic. (2025). Tics and tic disorders. Retrieved August 7, 2025, from https://my.clevelandclinic.org/health/diseases/tics-and-tic-disorders
- Pringsheim, T., et al. (2021). Practice guideline: The treatment of tics in children and adolescents. Neurology, 96(23), 1093–1104.
- Himle, M. B., et al. (2022). A review of behavioral treatments for Tourette’s syndrome and chronic tic disorders. Journal of Child and Adolescent Psychopharmacology, 32(1), 12–25.
- Mathews, C. A. (2023). The changing landscape of tic disorders. Neuroscience and Biobehavioral Reviews, 147, 105096.
- Luo, Y., et al. (2022). Advances in the pharmacotherapy of tic disorders: From new medications to personalized medicine. CNS Drugs, 36(5), 455–470.
- Open-label pilot study of telehealth-delivered comprehensive behavioral intervention for tics. (2023). JAMA Network Open, 6(7), e2324970.
Published: 30 August 2024
Last updated: 13 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ်  တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
