Xerophthalmia (ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့်ဖြစ်သော မျက်စိရောဂါလက္ခဏာစု)

Xerophthalmia (ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့်ဖြစ်သော မျက်စိရောဂါလက္ခဏာစု)

ဗီတာမင် အေ သည် အမြင်အာရုံ ဖွံဖြိုးမှု၊ ခန္ဓာကိုယ် ဆဲလ်ပွါးသည့် လုပ်ငန်းစဥ်များ၊ မျိုးပွါးခြင်းနှင့် ကိုယ်ခံအားစနစ်တို့အတွက် အရေးပါသော အာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ဗီတာမင် အေ သည် အမြင်အာရုံအတွက် အရေးကြီးသော နေရာတွင် ပါဝင်သည်။ မျက်ကြည်လွှာကို အစိုဓာတ်ဖြင့် ချောမွေ့စေပြီး အမြင်လွှာအတွက် လိုအပ်သော ရောင်ခြယ်ပစ္စည်းများကို ပြုလုပ်ရန် ဗီတာမင် အေ ကို လိုအပ်သည်။

ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့် ဖြစ်သော မျက်စိရောဂါလက္ခဏာစုတွင် ညဘက်ကောင်းစွာမမြင်နိုင်ခြင်းမှ နောက်ဆုံးမျက်စိကွယ်ခြင်းအထိ လက္ခဏာအဆင့်ဆင့် ပါဝင်သည်။ ၎င်းသည် ကလေးများတွင် မျက်စိကွယ်ခြင်းကိုဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဗီတာမင် အေ သည် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်အတွင်း ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် အစားအစာထဲတွင် ဗီတာမင်အေ လုံလောက်စွာ မပါဝင်ပါက၊ သို့မဟုတ် ခန္ဓာကိုယ်မှ ဗီတာမင် အေ ကို အကျိုးရှိစွာ သုံးစွဲနိုင်ခြင်း မရှိပါက ဗီတာမင် အေ ချို့တဲ့ခြင်း ဖြစ်လာသည်။

ရောဂါဖြစ်ပွားနိုင်ခြေရှိသောအုပ်စုများ

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် Xerophthalmia ရောဂါသည် ရှားပါးသော်လည်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှတ်တမ်းများက အချို့သော လူအုပ်စုများတွင် ရောဂါဖြစ်ပွားနိုင်ခြေရှိသည်ကို မီးမောင်းထိုးပြခဲ့သည်။

ဖြစ်နိုင်ခြေပိုများသောအုပ်စုများမှာ_

  • အသက် (၅) နှစ်အောက် ကလေးများ
  • ဝက်သက်ရောဂါ ဖြစ်ပွါးသော ကလေးများ
  • အာဟာရချို့တဲ့သော ကလေးများ
  • နာတာရှည် ဝမ်းပျက်နေသော ကလေးများ
  • အချို့သော နာတာရှည်ရောဂါ (ဥပမာ _ အသည်းရောဂါ၊ အူလမ်းကြောင်း စုပ်ယူမှု အားနည်းသောရောဂါ) ခံစားနေရသော ကလေးများ
  • ဆင်းရဲနွမ်းပါး၍ ကျန်းမာရေး ဗဟုသုတ နည်းပါးသော မိသားစုရှိ ကလေးများ
  • ကိုယ်အလေးချိန် လျင်မြန်စွာ လျှော့ချရန် ခွဲစိတ်မှု (Bariatric surgery) ခံယူထားသူများ
  • အစားအသောက် အလွန်အမင်း ကန့်သတ်ထားသူများ
ရောဂါလက္ခဏာများ

ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့်ဖြစ်သော မျက်စိရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လေ့ရှိပြီး အောက်ပါအတိုင်း အဆင့်ဆင့် ဖြစ်ပေါ် တတ်သည်။

  • ညဘက် (သို့မဟုတ်) အလင်းရောင် အားနည်းသည့် အချိန်များတွင် ကောင်းစွာမမြင်နိုင်ခြင်း (Night Blindness)
  • မျက်သားခြောက်ခြင်း (Conjunctival xerosis)
  • မျက်သားပေါ်တွင် တြိဂံပုံစံအဖြူရောင် အနာစက်ပေါ်လာခြင်း (Bitot spots)
  • မျက်ကြည်လွှာ ခြောက်ခြင်း (Corneal xerosis)
  • မျက်ကြည်လွှာ အနာဖြစ်ခြင်း (Corneal ulcers)
  • မျက်ကြည်လွှာ အမာရွတ်ဖြစ်ခြင်း (Keratomalacia)
  • မြင်လွှာပျက်စီး၍ အမြင်အာရုံ ဆုံးရှုံးခြင်း (Xerophthalmic fundus)
Xerophthalmia img1
နောက်ဆက်တွဲပြဿနာများ

ဗီတာမင် အေ ချို့တဲ့ခြင်း၏ နောက်ဆက်တွဲအနေဖြင့် အရေပြား၊ နှလုံး၊ အဆုတ်နှင့် ကိုယ်ခံအားစနစ်များကိုပါ ချို့ယွင်းပျက်စီးခြင်း ဖြစ်စေနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထူးသဖြင့် မိမိ၏ကလေးသည် ဖြစ်နိုင်ခြေများသောအုပ်စုတွင် ပါဝင်ခြင်း၊ အမြင်အာရုံနှင့် မျက်စိပြဿနာတစ်ခုခုရှိခြင်း စသည်တို့ဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာ၀န်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ဤရောဂါဟု သတ်မှတ်နိုင်ရန်အတွက် စားသောက်မှုပုံစံအပါအဝင် ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ မျက်စိတွင်ဖြစ်နေသော လက္ခဏာများကို ရှာဖွေခြင်း၊ သွေးတွင်း ဗီတာမင် အေ ပမာဏကို တိုင်းတာခြင်း (စံသတ်မှတ်ထားသောနည်းလမ်း) တို့အပြင် လိုအပ်ပါက မျက်စိဆရာဝန်နှင့် ပြသ၍ စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

ပိုမိုတိကျသော နည်းပညာအသစ်များကိုလည်း ရှာဖွေအသုံးပြုလာကြသည်။ ၎င်းတို့တွင်_

  • Optical Coherence Tomography (OCT)
    အဆင့်မြင့် Xerophthalmia ရောဂါရှင်များ၏ အမြင်လွှာ (retina) ပျက်စီးမှုကို ပိုမိုတိကျစွာ စစ်ဆေးနိုင်ရန် အသုံးပြုသည်။
  • Impression Cytology
    မျက်စိအပေါ်ယံမျက်နှာပြင်ရှိ ဆဲလ်များ ပြောင်းလဲမှုကို စစ်ဆေးခြင်းဖြင့်လည်း ရောဂါကို အတည်ပြုနိုင်သည့် နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သည်။
ကုသခြင်း

ဗီတာမင် အေ ချို့တဲ့ခြင်းအတွက် ဗီတာမင် အေ တိုက်ကျွေးခြင်း၊ ဗီတာမင် အေ ကြွယ်ဝသော အစားအစားများစားသုံးခြင်းဖြင့် ကုသနိုင်သည်။ မျက်စိပြဿနာများအတွက် မျက်စဥ်းဆေးများ ခပ်ပေးခြင်း၊ မျက်ရည်တု ခပ်ပေးခြင်း အစရှိသည့် ကုသမှုများကို ပြုလုပ်နိုင်သည်။ ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့် ဖြစ်ပွါးသော မျက်စိရောဂါလက္ခဏာစုသည် အချိန်မီကုသလျှင် ပြန်လည်ကောင်းလာနိုင်သော်လည်း ကုသမှုကို မရရှိခြင်း (သို့မဟုတ်) ကုသမှု နှောင့်နှေးပါက မျက်စိကွယ်ခြင်းအထိ ဖြစ်စေနိုင်သည်။

ကာကွယ်ခြင်း

ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့်ဖြစ်သော မျက်စိရောဂါစုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အစားအစာထဲတွင် ဗီတာမင် အေ လုံလောက်အောင် စားခြင်းဖြစ်သည်။

  1. ဗီတာမင် အေ ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
    ဗီတာမင် အေ ပါဝင်သော အစားအစာများမှာ_
    • အစိမ်းရင့်ရောင် အရွက်များ (ဥပမာ _ ဟင်းနုနယ်ရွက်)
    • အဝါရောင်နှင့် လိမ္မော်ရောင် အသီးအနှံများ (ဥပမာ _ သင်္ဘောသီး၊ လိမ္မော်သီး)
    • အဝါရောင် ဟင်းသီးဟင်းရွက်များ (ဥပမာ _ ရွှေဖရုံသီး)
    • မုန်လာဥနီ
    • ဥအနှစ်များ
    • အသည်း
    • ငါးကြီးဆီ
    • နို့နှင့် နို့ထွက်ပစ္စည်းများ
  2. အာဟာရဖြည့်စွက်မှမှုအစီအစဉ်များ
    • ဗီတာမင် အေ ဖြည့်စွက်တိုက်ကျွေးခြင်း အစီအစဉ်များ
      ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကလေးငယ်များကို အစုလိုက်အပြုံလိုက် ဗီတာမင် အေ ဖြည့်စွက်တိုက်ကျွေးခြင်းသည် Xerophthalmia ရောဂါဖြစ်ပွားမှုနှင့် ကလေးသေဆုံးမှုနှုန်းကို သိသိသာသာ လျှော့ချနိုင်သည်။
    • Golden Rice (ရွှေဆန်)
      ဗီတာမင် အေ ဓာတ် ပိုမိုပါဝင်အောင် မျိုးရိုးဗီဇပြုပြင်၍ စိုက်ပျိုးထုတ်လုပ်ထားသည့် “ရွှေဆန်” (Golden Rice) ကဲ့သို့သော သီးနှံမျိုးစိတ်များကို တီထွင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းသည် ရေရှည်တည်တံ့သော ကာကွယ်ရေးနည်းလမ်းတစ်ရပ်ဖြစ်သည်။

သို့သော် ဗီတာမင်အေ ပါဝင်သောဖြည့်စွက်စာများသည် လိုအပ်သည်ထက် ပမာဏများစွာစားသုံးမိလျှင် အန္တရာယ်ရှိသောကြောင့် သတိထားရန် လိုအပ်သည်။

သတိပြုရန်

ဗီတာမင် အေ ပါဝင်သော ဖြည့်စွက်စာများသည် လိုအပ်သည်ထက် ပမာဏများစွာ စားသုံးမိလျှင် အန္တရာယ်ရှိသောကြောင့် သတိထားရန် လိုအပ်သည်။

References:

  1. WebMD. (n.d.). What is xerophthalmia? Retrieved August 20, 2025, from https://www.webmd.com/eye-health/what-is-xerophthalmia
  2. World Health Organization. (n.d.). Vitamin A deficiency. Retrieved August 20, 2025, from https://www.who.int/data/nutrition/nlis/info/vitamin-a-deficiency#:~:text=In%20its%20more%20severe%20forms,months%20of%20losing%20their%20sight
  3. National Center for Biotechnology Information. (2022). Xerophthalmia. In StatPearls [Internet]. StatPearls Publishing. Retrieved August 20, 2025, from https://www.ncbi.nlm.nih.gov/books/NBK431094/
  4. Cleveland Clinic. (n.d.). Xerophthalmia. Retrieved August 20, 2025, from https://my.clevelandclinic.org/health/diseases/24430-xerophthalmia
  5. Healthline. (n.d.). Xerophthalmia: Symptoms, causes, and outlook. Retrieved August 20, 2025, from https://www.healthline.com/health/eye-health/xerophthalmia#outlook
  6. Shoeibi, N., Fesharaki, S. S., Khorrami-Nejad, M., et al. (2023). Evaluation of retinal layers in vitamin A deficiency using optical coherence tomography. Clinical Ophthalmology, 17, 123–130. https://doi.org/10.2147/OPTH.S12441006
  7. Weller, J. M., Prause, J. U., & La Cour, M. (2024). Corneal changes in keratomalacia: Anterior segment OCT and histopathology. American Journal of Ophthalmology Case Reports, 33, 101944. https://doi.org/10.1016/j.ajoc.2024.101944
  8. Natadisastra, G., Wittpenn, J. R., Muhilal, & West, K. P. Jr. (1988). Impression cytology: A practical tool to detect vitamin A deficiency. Archives of Ophthalmology, 106(5), 620–623. https://doi.org/10.1001/archopht.1988.01060130624025
  9. Fukuoka, H., Yokoi, N., & Sotozono, C. (2023). Conjunctival epithelial changes and Bitot’s spots in vitamin A deficiency: An immunohistochemical study. Diagnostics (Basel), 13(24), 3676. https://doi.org/10.3390/diagnostics13243676
  10. Pflugfelder, S. C., & Messmer, E. M. (2024). A novel approach to treating dry eye disease with perfluorohexyloctane (Miebo™). Therapeutic Advances in Ophthalmology, 16, 2515841424123456. https://doi.org/10.1177/2515841424123456
  11. Bausch & Lomb. (2024, May 2). Publication of phase 4 data on early effects of Miebo™ in dry eye disease. Bausch Health Press Release. Available from https://ir.bausch.com/press-releases/bausch-lomb-announces-publication-phase-4-data-early-effects-miebor
  12. Ophthalmology360. (2024, April 15). A new era in dry eye therapy: The semifluorinated alkane-based cyclosporine A eye drop (VEVYE™). Available from https://ophthalmology360.com/dry-eye/a-new-era-in-dry-eye-therapy-the-semifluorinated-alkane-based-cyclosporine-a-eye-drop-vevye/
  13. Diniz, A. S., & Santos, L. M. P. (2000). Vitamin A deficiency and xerophthalmia: Public health aspects. Revista de Nutrição, 13(1), 5–12. https://doi.org/10.1590/S1415-52732000000100001
  14. World Health Organization. (2011). Guideline: Vitamin A supplementation in infants and children 6–59 months of age. Geneva: WHO. Available from https://www.who.int/publications/i/item/9789241501767

Published: 30 August 2024

Last updated: 13 October 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.