Antibiotics induced diarrhoea (ပဋိဇီဝပိုးသတ်ဆေးများကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်း)

Antibiotics induced diarrhoea (ပဋိဇီဝပိုးသတ်ဆေးများကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်း)

ခန္ဓာကိုယ်အတွင်းသို့ ဘက်တီးရီးယားပိုးများ ဝင်ရောက်လျှင် ပဋိဇီဝပိုးသတ်ဆေး (Antibiotics) များ အသုံးပြု၍ ကုသရသည်။ ပိုးသတ်ဆေးများဖြင့် ကုသနေစဥ် သို့မဟုတ် ကုသပြီး တစ်ပတ် မှ နှစ်လအတွင်း တစ်ရက်လျှင် ဝမ်းပျော့ပျော့ (သို့မဟုတ်) အရည်များ သုံးကြိမ်နှင့်အထက် ဝမ်းသွားခြင်းကို ပဋိဇီဝပိုးသတ်ဆေးများကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်း (Antibiotics induced diarrhoea) ဟုခေါ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အူလမ်းကြောင်းတွင် ခန္ဓာကိုယ်ကို အကျိုးပြုသည့် ဘက်တီးရီးယားပိုးနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုးများသည် အတူတကွ တွဲဖက်ရှင်သန်နေထိုင်ကြသည်။ ၎င်းပိုးများ၏ ဟန်ချက်ညီမှုသည် အူလမ်းကြောင်းကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။

လူတစ်ဦး နေမကောင်းဖြစ်၍ ပဋိဇီ၀ပိုးသတ်ဆေးများ သုံးစွဲသောအခါ အူလမ်းကြောင်းအတွင်းမှ အကျိုးပြုဘက်တီးရီးယားပိုးများပါ သေဆုံးစေနိုင်သည်။ ထိုအခါ အူလမ်းကြောင်းပိုးမွှားများ၏ မူလမျှခြေအခြေအနေ ပျက်ယွင်းပြီး အန္တရာယ်ဖြစ်စေသည့် ဘက်တီးရီးယားပိုးများ ထကြွလာသည်။ ဤအခြေအနေတွင် ဖြစ်ပွားနိုင်သော ရောဂါလက္ခဏာများအနက် ၀မ်းပျက်၀မ်းလျှောခြင်းသည် သိသာထင်ရှားသော နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်။
ယေဘုယျအားဖြင့် ပိုးသတ်ဆေးသောက်သူ ငါးယောက်အနက် တစ်ယောက်တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်လေ့ရှိသည်။ ဖြစ်ပွါးမှုအများစုမှာ သာမန်သာဖြစ်၍ ပိုးသတ်ဆေးရပ်ပြီးနောက် ရက်အနည်းငယ်အတွင်းတွင် သီးခြားကုသရန်မလိုဘဲ သက်သာပျောက်ကင်းနိုင်သည်။ ယခင်က ပိုးသတ်ဆေးသောက်လျှင် ၀မ်းပျက်၀မ်းလျှော ဖြစ်ဖူးသူများ၊ ပိုးသတ်ဆေးကို ကြာရှည်စွာသောက်သုံးရသူများ၊ ပိုးသတ်ဆေး တစ်မျိုးထက်ပို၍ သောက်ရသူများတွင် အဖြစ်များသည်။

ဝမ်းလျှောခြင်းကို အဖြစ်အများဆုံး ဖြစ်စေနိုင်သည့် ပဋိဇီဝပိုးသတ်ဆေးများ
ပဋိဇီဝပိုးသတ်ဆေးအားလုံးနီးပါးသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည်။ ဝမ်းလျှောခြင်းနှင့် အဖြစ်အများဆုံး ဆက်စပ်နေသည့် ပဋိဇီဝပိုးသတ်ဆေးများမှာ အောက်ပါတို့ဖြစ်သည်။

  • Macrolides – e.g, Clarithromycin
  • Cephalosporins – e.g., Cefdinir,Cefpodoxime
  • Fluoroquinolones – e.g., Ciprofloxacin, Levofloxacin
  • Penicillins – e.g., Amoxicillin, Ampicillin

အဆိုပါဆေးဝါးများသုံးစွဲပြီးနောက် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသည့် ရောဂါပိုးမွှားများမှာ_

  • Clostridium difficile
  • Clostridium perfringens
  • Staphylococcus aureus
  • Samonella
  • Klebsiella oxytoca
  • Candida စသည်တို့ဖြစ်သည်။

၎င်းတို့အနက် Clostridium difficile ကြောင့် အများဆုံး ဖြစ်ပွါးတတ်ပြီး ရောဂါလက္ခဏာလည်း ပိုမိုပြင်းထန်နိုင်သည်။ အဆိုပါဘက်တီးရီးယားပိုးမှ ထုတ်သည့် အဆိပ်ဓာတ်သည် အူနံရံကို ထိခိုက်ပျက်စီးစေသောကြောင့် အူရောင်ခြင်း (Colitis) မှ အူပေါက်ခြင်း (Perforation) အထိ ဖြစ်နိုင်သဖြင့် အသက်အန္တရာယ်ရှိသည်။ Clostridium difficile ပိုး ​ဝင်နိုင်ခြေများသူများမှာ_

  • အသက် (၆၅) နှစ်နှင့်အထက် လူကြီးများ
  • ပိုးသတ်ဆေးကို တစ်ပတ်နှင့်အထက် သောက်ရသူများ
  • ကိုယ်ခံအားနည်းသူများ
  • ဆေးရုံ (သို့မဟုတ်) ဘိုးဘွားရိပ်သာတွင် နေရသူများ
  • ယခင်က Clostridium difficile ပိုးဝင်ဖူးသူများတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

များသောအားဖြင့် တစ်ရက်တွင် သုံးကြိမ်နှင့်အထက် ဝမ်းပျော့ပျော့သွားလေ့ရှိပြီး ဝေဒနာမပြင်းထန်ဘဲ ပိုးသတ်ဆေးရပ်လျှင် သက်သာသွားသည်။

Clostridium difficile ပိုးဝင်ပါက

  • တစ်ရက်ကို ဝမ်းဆယ်ကြိမ်နှင့်အထက် သွားခြင်း
  • အဖျားကြီးခြင်း
  • ရေဓာတ်ခန်းခြောက်သော လက္ခဏာများဖြစ်သည့် အာခြောက်ခြင်း၊ ရေဆာခြင်း၊ ဆီးနည်းသွားခြင်း၊ အားနည်း၍ နုံးခြင်း
  • ဝမ်းထဲတွင် သွေးနှင့်ပြည်များပါခြင်း
  • ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းတို့ ဖြစ်ပေါ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ

ဝမ်းသွား၍ ရေနှင့် ဓာတ်ဆားများ အလွန်အမင်းဆုံးရှုံးပြီး ရေဓာတ်ခမ်းခြောက်မှုကို ပြင်းထန်စွာ ခံစားရလျှင် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ရေဓာတ်ခမ်းခြောက်မှုကို လုံလောက်စွာ ပြန်​​လည်မဖြည့်တင်းနိုင်လျှင်‌သော်လည်းကောင်း၊ ရောဂါလက္ခဏာများ ပိုဆိုးလာလျှင်သော်လည်းကောင်း မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ Clostridium difficile ပိုးဝင်လျှင် နောက်ဆက်တွဲပြဿနာများသည် အသက်အန္တရာယ်ဖြစ်သည်အထိ ပြင်းထန်နိုင်သဖြင့် အချိန်မီကုသရန် အလွန်အရေးကြီးသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇ၀င်ကို မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် လက်ရှိသောက်သုံးနေသည့် ပိုးသတ်ဆေး အမျိုးအစားကို စစ်ဆေးခြင်းများ ဦးစွာပြုလုပ်လိမ့်မည်။ Clostridium difficile ပိုး၀င်သည့် လက္ခဏာရှိပါက သွေးစစ်ခြင်း၊ ၀မ်းစစ်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းများဆက်လက်ပြုလုပ်နိုင်သည်။

ကုသခြင်း
ရှေးဦးပြုစုခြင်း

ဆုံးရှုံးသွားသော ရေ၊ ဓာတ်ဆားများကို လုံလောက်စွာ ပြန်လည်ဖြည့်တင်းရန် ဓာတ်ဆားရည်၊ ရေစသည်တို့ ပမာဏများများ ပြန်သောက်ရမည်။ ရောဂါပြင်းထန်မှုပေါ် မူတည်၍ ကုသမှု ကွာခြားသည်။

  • သာမန် ဝမ်းလျှောဝမ်းပျက်ဖြစ်လျှင် ရေနှင့် ဓာတ်ဆားကို လုံလောက်အောင်ဖြည့်တင်းခြင်းနှင့် ဖြစ်စေသည့်ပိုးသတ်ဆေး အသုံးပြုခြင်းကို ရပ်တန့်ခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်
  • နို့နှင့် နို့ထွက်ပစ္စည်းများ၊ အမျှင်များသော အစားအသောက်များ ရှောင်ကြဥ်ပါ
  • ဝမ်းပိတ်ဆေး (သို့မဟုတ်) ဝမ်းရပ်ဆေးများ မသောက်သုံးရပါ
  • အူလမ်းကြောင်း ဘက်တီးရီးယားပိုးများ၏ စည်းချက်ညီညီလုပ်ဆောင်ချက်ကို ပြန်လည်ရရှိနိုင်ရန် probiotics ဟုခေါ်သော ဆေးများ သောက်သုံးနိုင်သည်
  • ပိုမိုပြင်းထန်သော လက္ခဏာများ ခံစားရလျှင် ဆေးရုံတက်ကုသရန် လိုအပ်သည်
  • ဆုံးရှုံးသွားသော ရေဓာတ်ကို ဓာတ်ဆားသောက်ခြင်းဖြင့် လုံလောက်အောင် ပြန်လည် မဖြည့်တင်းနိုင်လျှင် သွေး​ကြောမှတစ်ဆင့် ဆေးရည်ဖြည့်သွင်းကုသရမည်
  • အကယ်၍ Clostridium difficile ပိုးကြောင့် ဝမ်းလျှောပါက လက်ရှိပေးထားသော ပိုးသတ်ဆေးများကို ရပ်၍ Vancomycin ကဲ့သို့ ပိုးသတ်ဆေးများကို သောက်ဆေးအနေဖြင့် အူလမ်းကြောင်းအတွင်းရှိ ပိုးများကို သေစေရန် ပေးနိုင်သည်
  • ဆေးဝါးများဖြင့် မသက်သာခြင်း၊ မကြာခဏ ပိုးပြန်ဝင်၍ ဝမ်းသွားခြင်း စသည့် အခြေအနေများတွင် ဆရာဝန်များက မစင်အဏုဇီဝပိုးအစားထိုးကုသခြင်း (Fecal Microbiota transplantation) နည်းလမ်းကို အသုံးပြု၍ ကုသနိုင်သည်၊ ထိုနည်းလမ်းသည် ကျန်းမာသော အလှူရှင်၏မစင်မှ ကျန်းမာ‌သော အူလမ်းကြောင်း အဏုဇီဝပိုးများကို ယူ၍ လူနာ၏ အူလမ်းကြောင်းထဲသို့ ထည့်ပေးသောနည်းဖြစ်သည်၊ အူမကြီးမှန်ပြောင်း သို့မဟုတ် အစာအိမ်မှန်ပြောင်းကို အသုံးပြု၍ လူနာ၏ အူလမ်းကြောင်းထဲသို့ အဏုဇီဝပိုးများကို ထည့်သွင်းပေးနိုင်သည်
ကာကွယ်ခြင်း
  • လက်ကို သန့်ရှင်းစင်ကြယ်စွာ မကြာခဏဆေးကြောပါ
  • ပဋီဇီ၀ပိုးသတ်ဆေး သုံးစွဲခြင်းကို ဆရာ၀န် ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာသုံးစွဲပါ
  • ယခင်က ပိုးသတ်ဆေးသောက်ပြီး ဝမ်းသွားခဲ့ဖူးသော ရာဇဝင်ရှိလျှင် မိမိပြသမည့်ဆရာဝန်ကို သေချာစွာ ပြောပြရမည်

References:

  1. LeWine, H. E. (2023, July 28). Antibiotic‑associated diarrhea. Harvard Health Publishing. Retrieved June 10, 2025, from https://www.health.harvard.edu/a_to_z/antibiotic-associated-diarrhea-a-to-z
  2. Mayo Clinic Staff. (2021, August 11). Antibiotic‑associated diarrhea – Diagnosis & treatment. Mayo Clinic. Retrieved June 10, 2025, from https://www.mayoclinic.org/diseases-conditions/antibiotic-associated-diarrhea/diagnosis-treatment/drc-20352237
  3. Villines, Z. (2023, November 21). Antibiotic‑associated diarrhea: Symptoms and treatment. Medical News Today. Retrieved June 10, 2025, from https://www.medicalnewstoday.com/articles/antibiotics-diarrhea
  4. Johns Hopkins Medicine. (n.d.). Fecal transplant. Retrieved June 10, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/fecal-transplant

Published: 30 August 2024

Last updated: 22 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.