Anthrax (ဒေါင့်သန်းရောဂါ)

Anthrax (ဒေါင့်သန်းရောဂါ)

ဒေါင့်သန်းရောဂါသည် ကျွဲ၊ နွား၊ ဆိတ်၊ မြင်းကဲ့သို့သော ခွာရှိသည့် မွေးမြူရေးတိရစ္ဆာန်များမှတစ်ဆင့် လူကို ကူးစက်တတ်သောရောဂါဖြစ်သည်။ ဒေါင့်သန်းရောဂါကို တစ်ကမ္ဘာလုံးတွင် တွေ့နိုင်သော်လည်း အဆိုပါတိရစ္ဆာန်များကို ကာကွယ်ဆေး အပြည့်အဝ မထိုးပေးနိုင်သေးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုဖြစ်ပွါးလေ့ရှိသည်။ ဒေါင့်သန်းရောဂါ အဖြစ်များသောဒေသများမှာ_

  • ကာရေဘီယံကျွန်းများ
  • ဗဟိုအမေရိကဒေသ၊ တောင်အမေရိကဒေသ
  • အလယ်ပိုင်းနှင့် တောင်အာရှဒေသ
  • တောင်ပိုင်းနှင့် အရှေ့ဥရောပဒေသ
  • ဆာဟာရသဲကန္တာရအောက်ပိုင်း အာဖရိကဒေသများဖြစ်ကြသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း

ဒေါင့်သန်းရောဂါသည် Bacillus anthracis ဟုခေါ်သော ဒေါင့်သန်းဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး တိရစ္ဆာန်မှတစ်ဆင့် လူနှင့်တိရစ္ဆာန်သို့ ကူးစက်တတ်သောရောဂါဖြစ်သည်။ အများအားဖြင့် မွေးမြူရေးတိရစ္ဆာန်များသည် ဘက်တီးရီးယားပိုးရှိသောမြေကြီးမှ အစာကို စားမိခြင်း၊ လေထဲမှ ပိုးမျိုးစေ့များ (Spores) ကို ရှူမိခြင်း၊ ပိုးပါသော ရေကို သောက်မိခြင်းဖြင့် ကူးစက်တတ်သည်။ ဝက်များသို့ ကူးစက်မှုရှိနိုင်သော်လည်း ရှားပါးသည်။ လူတစ်ဦးမှတစ်ဦး မကူးစက်နိုင်ပါ။ လူများတွင် ဒေါင့်သန်းရောဂါ ကူးစက်ခံရသည့် တိရစ္ဆာန်အသားများကို စားသုံးမိခြင်း သို့မဟုတ် ဒေါင့်သန်းရောဂါပိုးမျိုးစေ့များကို ရှူရှိုက်မိခြင်းဖြင့်လည်း ကူးစက်နိုင်သည်။

Anthrax img1

ဒေါင့်သန်းရောဂါ ကူးစက်နိုင်သည့် အန္တရာယ်ရှိသူများ

  • တိရစ္ဆာန်ဆေးကုဆရာဝန်များ (အထူးသဖြင့် မွေးမြူရေးတိရစ္ဆာန်များကို ကုသပေးသူများ)
  • ဒေါင့်သန်းရောဂါ အဖြစ်များသည့်နိုင်ငံများသို့ သွားရောက်မည့် ခရီးသွားများ
  • ဘက်တီးရီးယားများကို လေ့လာသော သုတေသီများနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများ
  • လယ်သမားများ
  • မွေးမြူရေးလုပ်သူများ
  • သားသတ်သမားများနှင့် သားသတ်ရုံဝန်ထမ်းများ
  • အသားစိမ်းရောင်းချသူများ
  • တိရစ္ဆာန်များနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ကိုင်တွယ်သူများ
  • တိရစ္ဆာန်သားရေ (အရေခွံ) များကို အသုံးအဆောင်ပစ္စည်း ပြုလုပ်သူများ
  • မူးယစ်ဆေးစွဲသူများ စသူတို့သည် ဒေါင့်သန်းရောဂါ ဖြစ်ပွါးကူးစက်ခံရရန် အန္တရာယ်ပိုများနိုင်သည်။

ဒေါင့်သန်းရောဂါ အမျိုးအစား
ကူးစက်ခံရမှု အမျိုးအစားပေါ်မူတည်၍ အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည်။

  1. အရေပြားဆိုင်ရာ ဒေါင့်သန်းရောဂါ
  2. အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဒေါင့်သန်းရောဂါ
  3. အသက်ရှူလမ်းကြောင်းဆိုင်ရာ ဒေါင့်သန်းရောဂါ
  4. ဆေးထိုးခြင်းမှဖြစ်သော ဒေါင့်သန်းရောဂါတို့ဖြစ်သည်။
ရောဂါလက္ခဏာများ
အရေပြားဆိုင်ရာ ဒေါင့်သန်းရောဂါ

ခန္ဓာကိုယ်ရှိ အရေပြားဒဏ်ရာများမှတစ်ဆင့် ဒေါင့်သန်းရောဂါပိုးများ ကူးစက်ခံရသည့် အမျိုးအစားဖြစ်သည်။ အများအားဖြင့် ပိုးနှင့်ထိတွေ့ပြီး (၆) ရက်အတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။ ဒေါင့်သန်းရောဂါများအနက် အဖြစ်အများဆုံးဖြစ်သော်လည်း သေဆုံးနိုင်ခြေ အနည်းဆုံးဖြစ်သည်။ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တိရစ္ဆာန်ကိုင်တွယ်ရသူများ၊ သိုးထိန်းများ၊ ဆိတ်ကျောင်းသား၊ နွားကျောင်းသားများ၊ သားသတ်သမားများ၊ အသားရောင်းဈေးသည်များ၊ သိုးမွေး သို့မဟုတ် တိရစ္ဆာန်အမွေးများကို ကိုင်တွယ်သူများသည် ကူးစက်ခံရရန် အန္တရာယ်အများဆုံးဖြစ်သည်။
ရောဂါလက္ခဏာအနေဖြင့်_

  • အင်းဆက်ပိုးမွှားကိုက်ခြင်းနှင့် ဆင်တူသည့် ယားယံသော အဖု၊ အပိမ့်၊ အနီပြင်များ ဖြစ်လာပြီးနောက် အလယ်ဗဟိုတွင် နာကျင်မှုမရှိသည့် အနက်ရောင်အနာအဖြစ် ပြောင်းလဲသွားခြင်း
  • အနာနှင့် အနီးနားရှိ ပြန်ရည်ကြော အကျိတ်များ (Lymph Nodes) ရောင်ရမ်းလာခြင်း
  • တစ်ခါတစ်ရံတွင် အဖျားတက်ခြင်းနှင့် ခေါင်းကိုက်ခြင်း လက္ခဏာများ ဖြစ်ပေါ် တတ်သည်
အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဒေါင့်သန်းရောဂါ

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဒေါင့်သန်းရောဂါ ကူးစက်မှုသည် ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်၏အသားများကို လုံးဝကျက်သည်အထိ အသေအချာမချက်ဘဲ စားသုံးမိရာမှ ကူးစက်သည်။ မကျက်တကျက် အစားအစာများ စားသုံးလေ့ရှိသူများသည် ကူးစက်ခံရနိုင်ခြေ မြင့်မားသည်။ အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်ကို ရောင်ရမ်းထိခိုက်စေနိုင်သည်။ ရောဂါလက္ခဏာများအနေဖြင့်_

  • ပျို့အန်ခြင်း
  • ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဖျားခြင်းတို့ ခံစားရနိုင်သည်။

ရောဂါပြင်းထန်လာသည့်အခါ

  • ပြင်းထန်သော ဝမ်းလျှောရောဂါဖြစ်ခြင်း
  • သွေးဝမ်းသွားခြင်း
  • လည်ချောင်းနာခြင်းနှင့် အစာမျိုရခက်ခြင်း စသည်တို့ကို ခံစားရတတ်သည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ဒေါင့်သန်းရောဂါ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဒေါင့်သန်းရောဂါသည် ရောဂါပိုးမျိုးစေ့ (Spores) များကို ရှူရှိုက်မိပြီး (၆) ပတ်အကြာတွင် ရောဂါလက္ခဏာများ ပေါ်လာသည်။ သေဆုံးမှုနှုန်း အမြင့်ဆုံး ကူးစက်မှုပုံစံဖြစ်ပြီး ကုသမှုခံယူလျှင်ပင် အသက်သေဆုံးနိုင်သည်။ ရောဂါလက္ခဏာများမှာ_

  • လည်ချောင်းနာခြင်း၊ ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ကြွက်သားများကိုက်ခဲခြင်း ကဲ့သို့သော တုပ်ကွေးလက္ခဏာများဖြစ်ခြ င်း [နာရီအနည်းငယ် (သို့မဟုတ်) ရက်အနည်းငယ် ကြာတတ်သည်]
  • ရင်ဘတ်မအီမသာဖြစ်ခြင်း
  • အသက်ရှူကျပ်ခြင်း
  • ပျို့ခြင်း
  • ချောင်းဆိုးသွေးပါခြင်း
  • အစာမျိုချရာတွင် နာကျင်ခြင်း
  • အဖျားကြီးခြင်း
  • သွေးလန့်ခြင်း (Shock)
  • ဦးနှောက်အမြှေးရောင်ခြင်း စသည်တို့ကို ခံစားကြရသည်။
ဆေးထိုးခြင်းမှဖြစ်သော ဒေါင့်သန်းရောဂါ

ဆေးထိုးခြင်းမှဖြစ်သော ဒေါင့်သန်းရောဂါသည် သွေးကြောထဲသို့ မူးယစ်ဆေးဝါးထိုးသူများ၊ မသန့်စင်သည့် ထိုးဆေး၊ အပ်နှင့်ကိရိယာ အသုံးပြုသူများကို ကူးစက်ခံရနိုင်သည်။ ဤအမျိုးအစားသည် ဥရောပမြောက်ပိုင်းတွင် ပို၍အဖြစ်များသည်။ ဆေးထိုးခြင်းမှဖြစ်သော ဒေါင့်သန်းရောဂါသည် အရေပြားအောက် (သို့မဟုတ်) ကြွက်သားအတွင်းသို့ ကူးစက်မှုကို ဖြစ်စေသည်။ ရောဂါလက္ခဏာများမှာ_

  • ဆေးထိုးသည့်နေရာတွင် နီရဲခြင်း၊ သိသိသာသာ ရောင်ရမ်းခြင်း (အရေပြားဆိုင်ရာ ဒေါင့်သန်းရောဂါကဲ့သို့ အနာ၏အလယ်တွင် အနက်ရောင်ပြောင်းခြင်းမရှိပါ)
  • သွေးလန့်ခြင်း (Shock)
  • ကိုယ်တွင်းအင်္ဂါများ ချို့ယွင်းပျက်စီးခြင်း
  • ဦးနှောက်အမြှေးရောင်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

မိမိသည် ဒေါင့်သန်းရောဂါ ဖြစ်ပွါးနိုင်ခြေရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ခြင်း၊ တိရစ္ဆာန်များ (သို့မဟုတ်) တိရစ္ဆာန်ထွက်ပစ္စည်းများကို ထိတွေ့ခြင်းများရှိပြီး အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင်ကို သေချာစွာမေးမြန်းပြီး လူနာအား စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ အရေပြားအနာမှ အရည်နမူနာစစ်ဆေးခြင်း (သို့မဟုတ်) အသားစစစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန် (CXR) (သို့မဟုတ်) ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း ၊ သွေး၊ ဝမ်းစစ်ဆေးခြင်း၊ လိုအပ်ပါက ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture) တို့ကို ရောဂါဖြစ်သည့်နေရာပေါ် မူတည်၍ ပြုလုပ်မည်။

ကုသခြင်း

ဒေါင့်သန်းရောဂါကို ပဋိဇီဝပိုးသတ်ဆေးများ (e.g.,Ciprofloxacin, Doxycycline)၊ အဆိပ်ဖြေဆေး (Antitoxin) တို့ဖြင့် ကုသနိုင်ပြီး ရောဂါပြင်းထန်ပါက အထူးကြပ်မတ်ကုသဆောင်တွင် ကုသရန် လိုအပ်နိုင်သည်။ အချို့အရေပြားဒေါင့်သန်း‌ ရောဂါအနာများအား ခွဲစိတ်ကုသ‌ပေးရတတ်သည်။ ဒေါင့်သန်းရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်သဖြင့် သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနကို အကြောင်းကြားရန် လိုအပ်သည်။

ကာကွယ်ခြင်း
  1. ထိတွေ့ကိုင်တွယ်မှုမှ ရောဂါမကူးစက်စေရန်
    ဒေါင့်သန်းရောဂါ အဖြစ်များသည့်ဒေသမှ ဒေသခံများ၊ အဆိုပါဒေသသို့ သွားရောက်မည့် ခရီးသွားဧည့်သည်များသည်
    • အသားစိမ်း (သို့မဟုတ်) မကျက်သေးသော အသားများကို စားသုံးခြင်း
    • တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ တိရစ္ဆာန်အသေကောင်များကို ကိုင်တွယ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရမည်
  2. ကာကွယ်ဆေးထိုးခြင်း
    ဒေါင့်သန်းရောဂါ ကာကွယ်ဆေးသည် ရောဂါပိုးကူးစက်မှုကို (၉၀%) အထိ ထိရောက်စွာ ကာကွယ်နိုင်သည်။ ဒေါင့်သန်းရောဂါ ကူးစက်ခံရရန် အန္တရာယ်ရှိသူများသည် ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးသင့်သည်။ ကာကွယ်ဆေးထိုးရာတွင် (၁၈) လအတွင်း (၅) ကြိမ် ထိုးနှံရမည်။ ထို့နောက် နှစ်စဉ် အပိုထပ်ဆောင်းအားဖြည့် ကာကွယ်ဆေး (Booster Dose) တစ်ကြိမ် ထိုးရန်လိုအပ်သည်။ ဒေါင့်သန်းရောဂါ ကာကွယ်ဆေးကို လူတိုင်း ပုံမှန်ကာကွယ်ဆေးထိုး အစီအစဥ်တစ်ခုအနေဖြင့် ထိုးနှံရန်မလိုအပ်ပါ။ အရပ်သားခရီးသွားများ အားလုံးအတွက်လည်း ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးရန် လိုအပ်သည်ဟု အကြံပြုထားခြင်းမရှိပါ။

References:

  1. Mayo Clinic. (n.d.). Anthrax: Symptoms and causes. Retrieved June 10, 2025, from https://www.mayoclinic.org/diseases-conditions/anthrax/symptoms-causes/syc-20356203
  2. Cleveland Clinic. (n.d.). Anthrax. Retrieved June 10, 2025, from https://my.clevelandclinic.org/health/diseases/10853-anthrax
  3. Cleveland Clinic. (n.d.). Anthrax vaccine adsorbed injection. Retrieved June 10, 2025, from https://my.clevelandclinic.org/health/drugs/19047-anthrax-vaccine-adsorbed-injection
  4. Centers for Disease Control and Prevention. (2023). About anthrax. U.S. Department of Health & Human Services. Retrieved June 10, 2025, from https://www.cdc.gov/anthrax/about/index.html
  5. Better Health Channel. (n.d.). Anthrax. State Government of Victoria. Retrieved June 10, 2025, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/anthrax

Published: 30 August 2024

Last updated: 22 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.