ဆီးပူညောင်းကျရောဂါ ဆိုသည်မှာ ဂနိုဘက်တီးရီးယားပိုး (Neisseria gonorrhoeae) ကြောင့် ဖြစ်ပေါ်သော လိင်မှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည်။ အသက်အရွယ်မရွေး၊ လိင်ဆက်ဆံမှုရှိသူ မည်သူမဆို ကူးစက်ခံရနိုင်ပြီး ၄င်းတို့၏ လိင်ဆက်ဆံဖော်များကိုပါ ကူးစက်စေနိုင်သည်။ ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသလျှင် ပျောက်ကင်းနိုင်သော်လည်း အကယ်၍ ကုသမှုမခံယူပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ဆီးပူညောင်းကျရောဂါသည် ပါးစပ်နှင့်ဖြစ်စေ၊ စအိုနှင့်ဖြစ်စေ၊ လိင်အင်္ဂါနှင့်ဖြစ်စေ လိင်ဆက်ဆံခြင်းမှတစ်ဆင့် အများဆုံးကူးစက်သော ရောဂါဖြစ်သည်။ လိင်မှတစ်ဆင့် ကူးစက်သည့်ရောဂါဖြစ်သောကြောင့် လိင်အင်္ဂါများ (သို့မဟုတ်) သုက်ရည်၊ အမျိုးသမီးအင်္ဂါမှ အရည်များနှင့် ထိတွေ့မှုကြောင့် အဓိကကူးစက်သည်။ ကွန်ဒုံးအသုံးပြု၍ ကာကွယ်ထားခြင်း မရှိသော သို့မဟုတ် မသန့်စင်ထားသော လိင်အာသာဖြေ ပစ္စည်းကိရိယာများ (sex toys) ကို မျှဝေသုံးစွဲခြင်းဖြင့်လည်း ရောဂါပိုးကူးစက်စေနိုင်သည်။ မွေးကင်းစကလေးငယ်များသည် မွေးဖွားစဥ်ကာလတွင် ရောဂါပိုးကူးစက်ခံရနိုင်ပြီး မျက်လုံးများကို အများဆုံး ထိခိုက်စေနိုင်သည်။ ထိုဂနိုဘက်တီးရီးယားပိုးများသည် ဆီးစွန့်ပြွန်၊ အစာဟောင်းအိမ်၊ အမျိုးသမီးမျိုးပွါးအင်္ဂါလမ်းကြောင်း၊ ပါးစပ်၊ လည်ချောင်းနှင့် မျက်လုံးများကိုလည်း ကူးစက်နိုင်သည်။ အမျိုးသမီးများတွင် ဂနိုရောဂါပိုး အများဆုံးကူးစက်တတ်သည့်နေရာမှာ သားအိမ်ခေါင်းဖြစ်၍ အမျိုးသားများတွင် များသောအားဖြင့် ဆီးစွန့်ပြွန်တွင် စတင်ကူးစက်လေ့ရှိသည်။
ဂနိုရောဂါပိုး ကူးစက်နိုင်ခြေများသူများမှာ_
- လိင်ဆက်ဆံဖော်အသစ်နှင့် လိင်ဆက်ဆံခြင်း (having sex with a new partner)
- လိင်ဆက်ဆံဖော်များစွာရှိခြင်း (multiple sex partners)
- မိမိ၏ လိင်ဆက်ဆံဖော်သည် မိမိအပြင် အခြားသူများနှင့် လိင်ဆက်ဆံမှုရှိခြင်း (a sex partner who has other partners)
- လိင်တူဆက်ဆံသူများ (a man who has sex with other man)
- ယခင်က ဆီးပူညောင်းကျရောဂါ (သို့မဟုတ်) လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ဖူးခြင်းတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
ဂနိုရောဂါပိုး ကူးစက်ခံရသူအများစုတွင် ရောဂါလက္ခဏာများ ပြလေ့မရှိပါ [အထူးသဖြင့် ရောဂါပိုးရှိသူ အမျိုးသမီးများ၏ (၅၀) ရာခိုင်နှုန်းခန့်တွင် လက္ခဏာမပြဘဲ ရှိနေတတ်သည်]။ ယေဘုယျအားဖြင့် ရောဂါပိုးဝင်ရောက်ပြီးနောက် (၂) ပတ်အကြာတွင် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် အချို့တွင်မူ ရောဂါပိုးကူးစက်ပြီးနောက် လပေါင်းများစွာကြာသည့်တိုင်အောင် လက္ခဏာမပြသူများလည်းရှိသည်။ ရောဂါပိုးဝင်ရောက်သည့်နေရာပေါ် မူတည်၍ ရောဂါလက္ခဏာများသည် အောက်ပါအတိုင်း ဖြစ်ပေါ်နိုင်သည်။
မျိုးပွါးလမ်းကြောင်း
- အမျိုးသားများတွင် ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ_
- ဆီးသွားလျှင် နာကျင်ခြင်း
- လိင်တံထိပ်မှ ပြည်ကဲ့သို့ အရည်များထွက်ခြင်း
- ဝှေးစေ့တစ်ဖက်တွင် နာကျင်ခြင်း (သို့မဟုတ်) ရောင်ရမ်းခြင်းတို့ ဖြစ်ကြသည်။
- အမျိုးသမီးများတွင် ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများမှာ_
- ဆီးသွားလျှင် နာကျင်ခြင်း
- လိင်ဆက်ဆံစဥ် နာကျင်ခြင်း
- မိန်းမကိုယ်မှ ပုံမှန်ထက် အရည်များဆင်းခြင်း
- ရာသီလာချိန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း (အထူးသဖြင့် လိင်ဆက်ဆံပြီးနောက်)
- ဝမ်းဗိုက် (သို့မဟုတ်) တင်ပါးဆုံနာကျင်ခြင်းတို့ ဖြစ်ကြသည်။
- ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများ
- အစာဟောင်းအိမ်တွင် ဖြစ်ပါက
- စအိုဝတွင် ယားယံခြင်း
- အစာဟောင်းအိမ်မှ ပြည်ကဲ့သို့ အရည်များဆင်းခြင်း
- သန့်စင်ခန်းသုံး တစ်ရှူးတွင် အနီရောင်သွေးစက်များ တွေ့ရခြင်း
- ဝမ်းသွားရာတွင် ညှစ်ထုတ်ရခြင်း
- မျက်လုံးတွင် ဖြစ်ပါက
- မျက်လုံးနာကျင်ခြင်း
- အလင်းဒဏ်ကို မခံနိုင်ခြင်း
- မျက်လုံးတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံးမှ ပြည်ကဲ့သို့ အရည်များထွက်ခြင်း
- လည်ချောင်းတွင် ဖြစ်ပါက
- လည်ချောင်းနာကျင်ခြင်း
- လည်ပင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းကြီးထွားလာခြင်း
- အဆစ်များတွင် ဖြစ်ပါက
- အဆစ်များ ရောင်ရမ်းပြီး ပူနွေး၊ နီရဲ၍ အလွန်အမင်းနာကျင်ခြင်း (အဆစ်အတွင်း ပိုးဝင်ခြင်း) တို့ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဆီးပူညောင်းကျရောဂါကို ထိရောက်သော ကုသမှု မခံယူပါက အောက်ဖော်ပြပါ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- မျိုးမပွါးနိုင်ခြင်း (Infertility)
- အိတ်ချ်အိုင်ဗွီ (HIV)၊ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်နိုင်ခြေပိုများခြင်း
- ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများတွင် ပိုးဝင်ခြင်း
- အဆစ်အတွင်းပိုးဝင်ခြင်း
- နှလုံးအဆို့ရှင်များ ပိုးဝင်၍ ထိခိုက်ပျက်စီးခြင်း
- ဦးနှောက်အမြှေးရောင်ရောဂါ
- ကလေးမွေးဖွားစဥ် မိခင်မှ ကလေးသို့ ရောဂါပိုးကူးစက်၍ မွေးဖွားလာသည့် ကလေး မျက်စိကွယ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများဖြစ်ပေါ်လျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ စစ်ဆေးမှုများပြုလုပ်ပြီး ကုသမှုခံယူရန် လိုအပ်သည်။ သို့သော် ဆီးပူညောင်းကျရောဂါရှိသူတိုင်း ရောဂါလက္ခဏာမပြတတ်သောကြောင့် ရောဂါဖြစ်နိုင်သည်ဟု သံသယရှိပါက မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်၍ စစ်ဆေးကုသမှုခံယူရန် အရေးကြီးသည်။ မိမိတွင် ဆီးပူညောင်းကျရောဂါခံစားရပါက မိမိ၏လိင်ဆက်ဆံဖော်ကို ရောဂါကူးစက်နိုင်သောကြောင့် လိင်ဆက်ဆံဖော်ပါ ဆေးကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ဆီးပူညောင်းကျရောဂါကို ရှာဖွေနိုင်ရန် ရောဂါရာဇဝင်များကို သေချာစွာမေးမြန်းခြင်း (အထူးသဖြင့် လိင်ဆက်ဆံခြင်းနှင့် သက်ဆိုင်သောရာဇဝင်များ)၊ ခန္ဓာကိုယ်ကို သေချာစွာ စမ်းသပ်စစ်ဆေးခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် ဆီးနမူနာယူ၍ ဓာတ်ခွဲခန်းတွင် ဂနိုဘက်တီးရီးယားပိုးကို စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။ ထို့အပြင် ရောဂါဖြစ်ပွါးသောနေရာမှ အရည်များ [ဥပမာ _ လည်ချောင်း၊ ဆီးစွန့်ပြွန်၊ အစာဟောင်းအိမ်၊ မိန်းမကိုယ် (သို့မဟုတ်) လိင်တံတို့မှ အရည်များ] ကို တို့ဖတ်ယူ၍ ဘက်တီးရီးယားပိုးကို စစ်ဆေးရှာဖွေနိုင်သည်။ ဆီးပူညောင်းကျရောဂါ ဖြစ်ပွါးသူများတွင် အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (ဥပမာ _ အိတ်ချ်အိုင်ဗွီရောဂါ) ကိုလည်း စစ်ဆေးရှာဖွေရန် လိုအပ်သည်။
ကုသခြင်း
ဆီးပူညောင်းကျရောဂါရှိသူများသည် ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပဋိဇီဝပိုးသတ်ဆေး [ဥပမာ – Ceftriaxone၊Gentamicin၊ azithromycin၊ doxycycline] ဖြင့် ကုသမှုခံယူပါက သက်သာပျောက်ကင်းသောရောဂါ ဖြစ်သည်။ ဆေးကုသမှုခံယူပြီးနောက် (၇) ရက်ကြာကာလအထိ အခြားသူများကို ရောဂါပိုးကူးစက်နိုင်သေးသဖြင့် အဆိုပါကာလ ကျော်လွန်သည်အထိ လိင်ဆက်ဆံမှု ရှောင်ကြဥ်ရန် လိုအပ်သည်။
မိမိ၏လိင်ဆက်ဆံဖော်အားလုံးကိုလည်း မိမိနှင့်တစ်ပြိုင်နက်တည်း ကုသမှုခံယူစေရန် အရေးကြီးသည်။ အကယ်၍ လိင်ဆက်ဆံဖော် ကုသမှုမခံယူပါက သို့မဟုတ် ရောဂါပိုးရှိသော လိင်ဆက်ဆံဖော်အသစ်ရှိပါက ရောဂါပိုးပြန်၍ကူးစက်နိုင်သည်။ သို့ဖြစ်၍ ဆေးကုသမှုခံယူပြီးနောက် (၃) လအကြာတွင် ရောဂါပိုးပြန်လည်စစ်ဆေးသင့်ကြောင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုငှာနမှ အကြံပြုထားသည်။
ကာကွယ်ခြင်း
လိင်ဆက်ဆံခြင်းမှတစ်ဆင့် အဓိကကူးစက်သော ရောဂါဖြစ်သောကြောင့် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။
- လိင်အပျော်အပါးလိုက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
- လိင်ဆက်ဆံရာတွင် အကာအကွယ် (ကွန်ဒုံး) ကို အသုံးပြုခြင်း
- အတူမနေခင် နှစ်ဦးစလုံးရောဂါပိုး စစ်ဆေးပြီး နှစ်ဦးစလုံးတွင် ရောဂါပိုးကင်းစင်မှ အတူနေခြင်း
- ရောဂါဖြစ်နေသည်ဟု သံသယရှိသူနှင့် လိင်ဆက်ဆံခြင်းမှရှောင်ကြဉ်ခြင်း
- ရောဂါပိုးကူးစက်နိုင်ခြေများသောသူများတွင် နှစ်စဥ် ရောဂါပိုးပုံမှန်စစ်ဆေးခြင်း (regular gonorrhoea screening)
- ဆီးပူညောင်းကျရောဂါဖြစ်ပါက မိမိနှင့် မိမိ၏လိင်ဆက်ဆံဖော် နှစ်ဦးစလုံးသည် ဆေးကုသမှု အပြည့်အဝခံယူပြီး (၇) ရက်အတွင်း လိင်ဆက်ဆံခြင်းမှ ရှောင်ကြဥ်ခြင်း
- လိင်အာသာဖြေ ပစ္စည်းကိရိယာများ (sex toys) ကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဥ်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်
References:
- Mayo Clinic. (n.d.). Gonorrhea: Symptoms and causes. Retrieved June 18, 2025, from https://www.mayoclinic.org/diseases-conditions/gonorrhea/symptoms-causes/syc-20351774
- Cleveland Clinic. (n.d.). Gonorrhea. Retrieved June 18, 2025, from https://my.clevelandclinic.org/health/diseases/4217-gonorrhea
- NHS. (n.d.). Gonorrhoea. Retrieved June 18, 2025, from https://www.nhs.uk/conditions/gonorrhoea/
- WebMD. (n.d.). Gonorrhea. Retrieved June 18, 2025, from https://www.webmd.com/sexual-conditions/gonorrhea
- Centers for Disease Control and Prevention. (2023). Clinical care guidance for healthcare providers—Gonorrhea. U.S. Department of Health & Human Services. Retrieved June 18, 2025, from https://www.cdc.gov/gonorrhea/hcp/clinical-care/index.html
Published: 30 August 2024
Last updated: 22 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.