နှုတ်ခမ်းရေယုန်သည် ရေယုန်ဗိုင်းရပ်စ် (Herpes simplex virus)ကြောင့်ဖြစ်သော အလွန်ကူးစက်လွယ်သည့် ရောဂါဖြစ်သည်။ နှုတ်ခမ်းရေယုန်သည် နှုတ်ခမ်းသားတစ်ဝိုက်တွင် တစ်ခါတစ်ရံ အစုလိုက် သို့မဟုတ် တစ်လုံးချင်းစီရှိတတ်သော သေးငယ်သည့် အရည်ကြည်ဖုလေးများအဖြစ် ပေါက်တတ်သည်။ ၎င်းအရည်ကြည်ဖုလေးများသည် အချိန်တစ်ခုကြာပြီးလျှင် ပေါက်သွားပြီးနောက် အနာဖေးသည် ရက်ပေါင်းမြောက်များစွာ ကျန်ရှိနိုင်သည်။ ပုံမှန်အားဖြင့် နှုတ်ခမ်းရေယုန်သည် (၂)ပတ် မှ (၃)ပတ်အတွင်း အမာရွတ်မကျန်ဘဲ ပျောက်ကင်းသက်သာနိုင်သည်။ နှုတ်ခမ်းရေယုန်သည် ပျောက်ကင်းအောင် ကုသနိုင်သောရောဂါ မဟုတ်ပါ။ ရောဂါဖြစ်ပွါးချိန်တွင်သာ လျင်မြန်စွာ သက်သာအောင် ပြုလုပ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ရေယုန်ဗိုင်းရပ်စ်ပိုး အမျိုးအစား (၂)မျိုးရှိပြီး နှုတ်ခမ်းရေယုန်သည် ရေယုန်ဗိုင်းရပ်စ် အမျိုးအစား (၁) (HSV – 1) ကြောင့် အဖြစ်များသည်။ ပါးစပ်နှင့်ထိတွေ့ခြင်း (အထူးသဖြင့် အရည်ကြည်ဖုများမှ ပေါက်ထွက်ထွက်လာသည့် အရည်နှင့် ထိတွေ့မိခြင်း) တို့ကြောင့်အများဆုံးကူးစက်နိုင်သည်။ ကူးစက်နိုင်သော နည်းလမ်းများမှာ_
- နှုတ်ခမ်းရေယုန်ရှိသူနှင့် နမ်းခြင်း
- တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်း
- လိင်အင်္ဂါရေယုန်ရှိသောသူနှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းအစရှိသော နည်းလမ်းများဖြင့် ကူးစက်နိုင်သည်။
အဆိုပါဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် ရောဂါပိုးသည် အရေပြားတွင်ရှိသော အာရုံကြောဆဲလ်များထဲတွင် ကာလကြာရှည်စွာ ပုန်းအောင်းနေကြသည်။ ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားကျဆင်းသည့်အချိန်များတွင် နှုတ်ခမ်းရေယုန်သည် ယခင်ဖြစ်ဖူးသည့်နေရာတွင် အကြိမ်ကြိမ် ပြန်လည်ဖြစ်ပေါ် နိုင်သည်။
ထိုကဲ့သို့ နောက်တစ်ကြိမ် ဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ_
- ဖျားနာခြင်း
- ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း (ဥပမာ_ရာသီလာချိန်)
- စိတ်ဖိစီးမှုများခြင်း
- ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်နေခြင်း
- နေရောင်နှင့် ထိတွေ့မှုများခြင်း၊ လေပြင်းတိုက်ခြင်း
- ကိုယ်ခံအားအပြောင်းအလဲဖြစ်ခြင်း
- အရေပြား ထိခိုက်ဒဏ်ရာရခြင်းတို့ဖြစ်သည်။
နှုတ်ခမ်းရေယုန်သည် လူတိုင်းနီးပါး ဖြစ်နိုင်ခြေရှိသော်လည်း အောက်ဖော်ပြပါ ကိုယ်ခံအားနည်းသူများတွင် ဖြစ်နိုင်ခြေပိုများပြီး နောက်ဆက်တွဲဆိုးကျိုးများလည်း ပို၍ဖြစ်ပေါ်နိုင်သည်။
- အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါရှိသူများ
- နှင်းခူရောဂါ ရှိသူများ
- ကင်ဆာဆေးသွင်းကုသမှု ခံယူနေသူများ
- ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုခံယူထားသူများတွင် ကိုယ်ခံအားနှိမ့်ချပေးသော ဆေးဝါးများ သုံးစွဲနေရသူများ
ရောဂါလက္ခဏာများ
နှုတ်ခမ်းရေယုန်ဖြစ်ပွါးပါက အောက်ဖော်ပြပါအတိုင်း ရောဂါလက္ခဏာများ အဆင့်ဆင့် ဖြစ်ပေါ်လေ့ရှိသည်။
- စပ်ဖျဥ်းဖျဥ်းခံစားရခြင်းနှင့် ယားယံခြင်း
- ရေယုန်အနာ ဖြစ်ပေါ်ခါနီး တစ်ရက်ခန့် အလိုတွင် နှုတ်ခမ်းနားတစ်ဝိုက်တွင် ယားယံခြင်း၊ ပူစပ်ခြင်း သို့မဟုတ် ထုံကျဥ်ခြင်းတို့ ခံစားရနိုင်သည်၊ ထို့နောက် နာကျင်သော အဖုငယ်လေးများ ဖြစ်ပေါ်လာကာ အရည်ကြည်ဖုများ ထွက်လာသည်
- အရည်ကြည်ဖုများ ဖြစ်ပေါ်ခြင်း
- နှုတ်ခမ်းတစ်လျှောက် အရည်ပြည့်နေသော အဖုငယ်များ ထွက်ပေါ်လာသည်၊ တစ်ခါတစ်ရံ နှာခေါင်း၊ ပါးပြင်နှင့် ပါးစပ် အတွင်းတွင်လည်း ဖြစ်ပေါ်နိုင်သည်
- အရည်ကြည်ဖုများ ပေါက်ခြင်း၊ စိမ့်ခြင်း၊ အနာဖေးဖြစ်ခြင်း
- အရည်ကြည်ဖုလေးများ ပေါင်းစုပြီး ပေါက်ကွဲထွက်ကာ အရည်များစိမ့်ထွက်လာပြီးနောက် အနာဖေးများအဖြစ် ကျန်ခဲ့ကြသည်
နှုတ်ခမ်းရေယုန်၏ ရောဂါလက္ခဏာများသည် ပထမဆုံးအကြိမ်ဖြစ်ပွါးခြင်း သို့မဟုတ် နောက်ပိုင်းထပ်မံဖြစ်ပွါးခြင်းတို့ပေါ် မူတည်၍ ကွဲပြားမှု ရှိသည်။ ပထမဆုံးအကြိမ် နှုတ်ခမ်းရေယုန်စတင်ဖြစ်ပွါးဖူးသူများတွင် ဗိုင်းရပ်စ်ပိုးနှင့် စတင်ထိတွေ့ပြီးနောက် ရက် (၂၀) ကြာသည့်တိုင်အောင် ရောဂါလက္ခဏာများ မပြဘဲရှိနေတတ်သည်။ အနာများ ဖြစ်ပေါ်လျှင်လည်း ရက်ပေါင်းများစွာ ကြာအောင်ရှိနိုင်ပြီး အရည်ကြည်ဖုများ လုံးဝသက်သာပျောက်ကင်းရန် အချိန် (၂)ပတ် မှ (၃)ပတ်ခန့် ကြာနိုင်သည်။
ပထမဦးဆုံးအကြိမ်ဖြစ်ပွါးချိန်တွင် လူနာသည်
- ဖျားနာခြင်း
- သွားဖုံးနာခြင်း
- လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားနာကျင်ကိုက်ခဲခြင်း
- ပြန်ရည်အကျိတ်များ ရောင်ရမ်းခြင်းတို့ ခံစားရနိုင်သည်။
နှုတ်ခမ်းရေယုန်သည် နောက်ပိုင်းထပ်မံဖြစ်ပွါးခဲ့လျှင် ယခင်မူလ ဖြစ်ပွါးသည့်နေရာတွင် ထပ်မံ ဖြစ်ပွါးလေ့ရှိပြီး ပထမအကြိမ်ကဲ့သို့ ရောဂါလက္ခဏာများ မပြင်းထန်တော့ပါ။ အသက် (၅) နှစ်အောက် ကလေးများတွင် နှုတ်ခမ်းရေယုန်သည် ပါးစပ်အတွင်းသားတွင် ဖြစ်လေ့ရှိသောကြောင့် ပါးစပ်အပူနာနှင့် မှားယွင်းနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
တချို့တွင် နှုတ်ခမ်းရေယုန်ကို ဖြစ်စေသောဗိုင်းရပ်စ်သည် နှုတ်ခမ်းတွင်သာမက အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းသို့ ပျံ့နှံ့သွားနိုင်သည်။
- လက်ချောင်းထိပ်များသို့ ပျံ့နှံ့ခြင်း
နှုတ်ခမ်းရေယုန် ဝေဒနာခံစားနေရသော ကလေးများတွင် ၎င်းတို့၏ လက်မနှင့် လက်ချောင်းလေးများကို ပါးစပ်ထဲထည့်ခြင်းအားဖြင့် ဗိုင်းရပ်စ်သည် ပါးစပ်တွင်းမှတစ်ဆင့် လက်ချောင်းများထံ ပျံ့နှံ့သွားနိုင်သည် - မျက်လုံးထိခိုက်ခြင်း
ဗိုင်းရပ်စ်ပိုးသည် မျက်လုံးကိုလည်း ကူးစက်သွားနိုင်ပြီး ထပ်ခါထပ်ခါ ကူးစက်ခံရပါက အမာရွတ်များဖြစ်ပေါ်၍ အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် အမြင်အာရုံဆုံးရှုံးခြင်းများ ဖြစ်ပေါ်နိုင်သည် - ဦးနှောက်နှင့် အာရုံကြောမကြီးသို့ ပျံ့နှံ့ခြင်း
ဦးနှောက်၊ ဦးနှောက်ကို ဖုံးအုပ်ထားသော အမြှေးပါးများနှင့် အာရုံကြောမကြီးသို့ ရောဂါပိုးပျံ့နှံ့ပြီး ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည် - အရေပြားအနှံ့ ရေယုန်ပျံ့နှံ့ခြင်း
နှင်းခူရောဂါရှိသောသူတွင် နှုတ်ခမ်းရေယုန် ထပ်မံကူးစက်ခံရပါက ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားနိုင်ပြီး အရေးပေါ်ဆေးကုသရန်လိုအပ်သော အခြေအနေဖြစ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
နှုတ်ခမ်းရေယုန်သည် ဆေးကုသမှုမခံယူသော်လည်း ရောဂါလက္ခဏာများ အလိုအလျောက် သက်သာသွားနိုင်သည်။ သို့သော် လူနာသည်
- ကိုယ်ခံအား အားနည်းစေသော အခြေအနေများရှိခြင်း
- ရောဂါလက္ခဏာများ (၂) ပတ်အတွင်း မသက်သာခြင်း
- လက္ခဏာများ ပိုမိုပြင်းထန်လာခြင်း
- မကြာခဏ ရောဂါပြန်လည်ဖြစ်ပွါးခြင်း
- မျက်လုံးများ နာကျင်ကိုက်ခဲလာခြင်းတို့ကို ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
နှုတ်ခမ်းရေယုန်ရောဂါသည် လူနာ၏ရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း၊ လူနာအား ကြည့်ရှု စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ လိုအပ်လျှင် ရောဂါအတည်ပြုနိုင်ရန် အရည်ကြည်ဖုများ (သို့မဟုတ်) အနာမျက်နှာပြင်မှ နမူနာယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးကြည့်နိုင်သည်။
ကုသခြင်း
နှုတ်ခမ်းရေယုန်သည် ဆေးကုသမှုမခံယူဘဲ (၂)ပတ် မှ (၄) ပတ်အတွင်း အလိုအလျောက် သက်သာသွားနိုင်သည်။ သို့သော် လျင်မြန်စွာပျောက်ကင်းရန်အတွက် ရေယုန်ဗိုင်းရပ်စ် ပိုးသတ်ဆေးများကို လိမ်းဆေးအနေနှင့် အသုံးပြုနိုင်ရန် ဆရာဝန်မှ ညွှန်ကြားလိမ့်မည်။ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးပါက လိုအပ်လျှင် သောက်ဆေး (သို့မဟုတ်) ထိုးဆေးများ အသုံးပြုနိုင်သည်။
ကာကွယ်ခြင်း
နှုတ်ခမ်းရေယုန်ရောဂါသည် တစ်နှစ်လျှင် ကိုးကြိမ်နှင့်အထက် ဖြစ်ပေါ်ခြင်း သို့မဟုတ် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေများခြင်းရှိပါက ဗိုင်းရပ်စ်ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်သောက်သုံးခြင်းဖြင့် မကြာခဏ ဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်သည်။ ထို့အပြင် နှုတ်ခမ်းရေယုန်ကို ဖြစ်စေတတ်သော အခြေအနေများကို ရှောင်ရှားရန် လိုအပ်သည်။
- နေပူထဲသို့ မထွက်ခြင်း
- နေပူထဲ ထွက်သောအခါ နေလောင်ကာလိမ်းဆေး လိမ်းခြင်း
- စိတ်ဖိစီးမှုအား လျှော့ချခြင်းများ ပြုလုပ်နိုင်သည်။
သူတစ်ပါးအား ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်
- ရောဂါခံစားနေရချိန် (အရည်ကြည်ဖုများရှိချိန်) တွင် မိမိချစ်ခင်သူများကို နမ်းရှုံ့ခြင်းမှ ရှောင်ကြဉ်ရန်
- ရောဂါခံစားရသူနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ရန်
- ရောဂါခံစားနေရချိန်တွင် လက်ကိုသန့်ရှင်းအောင် မကြာခဏဆေးကြောရန် လိုအပ်သည်။
References:
- Mayo Clinic. (n.d.). Cold sore: Symptoms and causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/cold-sore/symptoms-causes/syc-20371017
- WebMD. (n.d.). Oral herpes. Retrieved June 26, 2025, from https://www.webmd.com/a-to-z-guides/oral-herpes
- World Health Organization. (2024). Herpes simplex virus. Retrieved June 26, 2025, from https://www.who.int/news-room/fact-sheets/detail/herpes-simplex-virus
Published: 30 August 2024
Last updated: 23 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.