Chikungunya (ဆင်တုပ်ကွေးရောဂါ)

Chikungunya (ဆင်တုပ်ကွေးရောဂါ)

ဆင်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်သော ရောဂါတစ်ခုဖြစ်ပြီး သွေးလွန်တုပ်ကွေး ရောဂါနှင့်ဆင်တူသည်။ သို့သော် သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ အသက်အန္တရာယ်ဖြစ်စေသည့် နောက်ဆက်တွဲဆိုးကျိုးများ မရှိတတ်ပါ။ ဆင်တုပ်ကွေးရောဂါသည် ကမ္ဘာပေါ်တွင် အပူပိုင်းဒေသများဖြစ်သည့် အာဖရိကနှင့် အရှေ့တောင်အာရှတို့တွင် ဖြစ်ပွါးလေ့ရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

ဆင်တုပ်ကွေးရောဂါသည် ဆင်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Chikungunya virus) ကြောင့် ဖြစ်ပွါးသည်။ အဆိုပါ ဗိုင်းရပ်စ်ပိုးရှိသောလူကို အေးဒီးစ်ခြင်ကျား မျိုးစိတ် (Aedes aegypti, Aedes albopictus) က ကိုက်ပြီးနောက် ဗိုင်းရပ်စ်ပိုးကိုသယ်ဆောင်ကာ အခြားသူတစ်ယောက်ကို ကိုက်ခြင်းဖြင့် လူတစ်ဦးမှတစ်ဦးသို့ ရောဂါ ဆက်လက်ကူးစက်ပျံ့နှံ့စေသည်။ ‌ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီးပြီးချင်း ပထမ (၃) ရက်အတွင်းသည် အခြားသူအား ကူးစက်နိုင်ခြေ အမြင့်ဆုံးဖြစ်သည်။ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အရေပြားထိတွေ့ခြင်းကြောင့် မကူးစက်နိုင်ပါ။

ရောဂါလက္ခဏာများ

ခြင်ကိုက်ခံရပြီး (၂)ရက် မှ (၇)ရက်အတွင်း လက္ခဏာများ စတင်ပေါ်လာလေ့ရှိသည်။ အဖြစ်များသော လက္ခဏာများမှာ_

  • အဖျားကြီးခြင်း
  • အဆစ်အမြစ်များ အလွန်ကိုက်ခဲခြင်း
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း
  • နုံးချည့်ခြင်း
  • အရေပြားတွင် အနီကွက်ထခြင်း
  • ပျို့အန်ခြင်း စသည်တို့ဖြစ်သည်။

ဆင်တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် ဇီကာအဖျားရောဂါတို့သည် အေးဒီးစ်ခြင်ကျားမျိုးစိတ် အကိုက်ခံရခြင်းကြောင့်ဖြစ်ကြပြီး ရောဂါလက္ခဏာအချို့ ဆင်တူကြသည်။

Chikungunya img1
နောက်ဆက်တွဲပြဿနာများ

များသောအားဖြင့် နောက်ဆက်တွဲပြဿနာများ မခံစားရတတ်ပါ။ အဖြစ်အများဆုံး နောက်ဆက်တွဲ ပြဿနာမှာ နာတာရှည် အဆစ်ရောင်၊ အဆစ်နာခြင်းဖြစ်သည်။ တချို့တွင် ဆင်တုပ်ကွေးရောဂါ အဖျားပျောက်ပြီး လပေါင်း၊ နှစ်ပေါင်းများစွာကြာအောင် ခန္ဓာကိုယ်အဆစ်များ နာကျင်ခံစားရနိုင်သည်။ မွေးကင်းစကလေးများ၊ အသက် (၆၅) နှစ်အထက် လူကြီးများနှင့် သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါအခံရှိသူများတွင် ပို၍ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
အတွေ့နည်းသော နောက်ဆက်တွဲပြဿနာများမှာ မျက်စိမြင်လွှာ၊ နှလုံးကြွက်သား၊ အသည်း၊ ကျောက်ကပ်တို့ ရောင်ရမ်းခြင်း၊ ဦးနှောက်အမြှေးရောင်နှင့် ဦးနှောက်ရောင်ရောဂါများ၊ အာရုံကြောရောင်ရောဂါများဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများသည် များသောအားဖြင့် အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ ထိုသို့သက်သာမပျောက်ကင်းဘဲ အဖျားမကျခြင်း၊ အဆစ်အမြစ် အလွန်ကိုက်ခဲခြင်းစသည်တို့ ဖြစ်ပေါ်လာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ဆင်တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများသည် သွေးလွန်တုပ်ကွေးရောဂါနှင့် အလွန်ဆင်တူသောကြောင့် ခွဲခြားနိုင်ရန် ခက်ခဲသည်။ ထို့ကြောင့် မိမိတွင် (သို့မဟုတ်) မိမိ၏ကလေးငယ်များတွင် အဖျားကြီးခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း စသည့် ရောဂါလက္ခဏာများသည် (၃) ရက်အတွင်း မသက်သာလျှင်၊ ပိုဆိုးလာလျှင် သွေးလွန်တုပ်ကွေးရောဂါလည်း ဖြစ်နိုင်သောကြောင့် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသသင့်သည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါဖြစ်ပွါးနေစဥ် တစ်ပတ်အတွင်း လူနာ၏သွေးထဲမှ ဆင်တုပ်ကွေးဗိုင်းရပ်စ်ပိုးနှင့် ပဋိပစ္စည်း စစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

ဆင်တုပ်ကွေးရောဂါအတွက် သီးသန့်‌ဆေးဝါးမရှိသေးပါ။ ထို့ကြောင့် ရောဂါလက္ခဏာများ သက်သာအောင်သာ အဓိကထားကုသကြသည်။ ရောဂါလက္ခဏာများ သက်သာအောင် ပါရာစီတမော သောက်နိုင်သည်။ အခြားအကိုက်အခဲပျောက်ဆေးနှင့် အ‌ရောင်ကျဆေးများကိုမူ ဆရာဝန်ညွှန်ကြားချက်ရှိမှသာ သောက်သုံးသင့်သည်။ ရေဓာတ်ခန်းခြောက်ခြင်းကို လျှော့ချရန် အရည်များများသောက်သုံးခြင်း၊ နားနားနေနေ‌နေထိုင်ခြင်းနှင့် အိပ်ရေးဝအောင် အိပ်စက်အနားယူခြင်းတို့ကိုလည်း လုပ်ဆောင်ရန်လည်း လိုအပ်သည်။

ကာကွယ်ခြင်း

ဆင်တုပ်ကွေးရောဂါကို အကောင်းဆုံး ကာကွယ်နိုင်သောနည်းလမ်းမှာ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မိမိနေထိုင်ရာ နေအိမ်၊ ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားမှု မရှိစေရန် သတိပြုဆောင်ရွက်ရမည်။ ခြင်ပြေးလိမ်းဆေး (Mosquito repellent) များ လူးပေးနိုင်သည်။ ကလေးသူငယ်များ ခြင်ကိုက်ခံရမှု မရှိစေရန် အိပ်သည့်အခါတိုင်း နေ့ညမရွေး ခြင်ထောင်ဖြင့်သိပ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးရမည်။

ပထမဆုံး ဆင်တုပ်ကွေး‌ရောဂါကာကွယ်ဆေးကို (၂၀၂၃) ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ အသက် (၁၈)နှစ် မှ (၆၅)နှစ်အထိ လူများတွင် ထိုးနှံနိုင်ပြီး ဆင်တုပ်ကွေး ကူးစက်နိုင်ခြေများသောဒေသများတွင် နေထိုင်သူများ၊ ထိုဒေသသို့ ခရီးသွားမည့်သူများ ထိုးနှံသင့်ကြောင်း အကြံပြုထားသည်။ အသက် (၆၅) နှစ်အထက်လူကြီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ခံအားစနစ်အားနည်းသူများတွင် ကာကွယ်ဆေးမထိုးခင် ကျန်းမာရေးစောင့်ရှောက်သူများနှင့် တိုင်ပင်သင့်သည်။

References:

  1. Centers for Disease Control and Prevention. (2025). Chikungunya: Causes and how it spreads. Retrieved June 20, 2025, from https://www.cdc.gov/chikungunya/causes-and-spread/index.html
  2. Centers for Disease Control and Prevention. (2025). Chikungunya vaccines. Retrieved June 20, 2025, from https://www.cdc.gov/chikungunya/vaccines/index.html
  3. Cleveland Clinic. (2025). Chikungunya. Retrieved June 20, 2025, from https://my.clevelandclinic.org/health/diseases/25083-chikungunya
  4. World Health Organization. (2025). Chikungunya. Retrieved June 20, 2025, from https://www.who.int/news-room/fact-sheets/detail/chikungunya

Published: 30 August 2024

Last updated: 1 August 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.