Leprosy (အနာကြီးရောဂါ)

Leprosy (အနာကြီးရောဂါ)

အနာကြီးရောဂါဆိုသည်မှာ ဘက်တီးရီးယားပိုး (Mycobacterium leprae) ကြောင့် ဖြစ်သော နာတာရှည် ကူးစက်ရောဂါဖြစ်သည်။ အနာကြီးရောဂါသည် အရေပြား၊ အာရုံကြောများ၊ မျက်လုံး၊ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းနှင့် အရိုး အဆစ်များကို ထိခိုက်စေနိုင်ပြီး စောစီးစွာ သိရှိ၍ ကုသမှုခံယူပါက ပျောက်ကင်းနိုင်သည်။ ကုသမှုမခံယူပါက ရောဂါပိုမိုဆိုးရွားလာပြီး အရေပြားအနာများဖြင့် ရုပ်ဆင်းပျက်ယွင်းနိုင်သည်။ ခြေ၊လက်အာရုံကြောများထိခိုက်၍ ရာသက်ပန် မသန်စွမ်း ဖြစ်နိုင်သည်။

အနာကြီး‌ရောဂါပေါ်ပေါက်လာပုံ

အနာကြီးရောဂါသည် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀) ကျော်ကတည်းက တွေ့ရှိခဲ့သော ရောဂါဖြစ်သည်။ ထိုစဉ်က နတ်ဘုရားများ၏ကျိန်စာ (သို့မဟုတ်) မျိုးရိုးလိုက်ရောဂါဟု တွေးထင်ခဲ့ကြသည်။ (၁၈၇၃) ခုနှစ်တွင် နော်ဝေသမားတော် ဂျာရတ်ဟင်ဆန် (Gerhard Hansen) မှ အနာကြီးရောဂါ ဖြစ်စေသောပိုးကို အဏုကြည့်မှန်ဘီလူးဖြင့် တွေ့ရှိခဲ့ပြီး ကျိန်စာမဟုတ်ဘဲ ကူးစက်တတ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်သည့်ရောဂါဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ထို့ကြောင့် Dr. Gerhard Hansen ကို ဂုဏ်ပြုသည့်အနေဖြင့် leprosy ကို ဟင်ဆန်ရောဂါ (Hansen’s disease) ဟုလည်း ခေါ်ဝေါ်ကြသည်။

Leprosy img1

အနာကြီးရောဂါ ဖြစ်ပွားမှုအခြေအနေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဖော်ပြချက်အရ နိုင်ငံပေါင်း (၁၂၀) ကျော်ခန့်တွင် ဖြစ်ပွားနေဆဲ ဖြစ်ပြီး နှစ်စဉ် လူနာ (၂) သိန်းကျော်ခန့် အသစ်တွေ့ရှိနေသည်။ မြန်မာနိုင်ငံအနေနှင့် အနာကြီးရောဂါကို (၂၀၀၃) ခုနှစ်တွင် အောင်မြင်စွာထိန်းချုပ်နိုင်ကြောင်း ကြေညာနိုင်ခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံ၌ အနာကြီးရောဂါတွေ့ရှိနှုန်းသည် ကျဆင်းလာပြီး ( ၂၀၂၂ ) တစ်နှစ်လုံးတွင် လူနာဦးရေ (၁၂၃၄) ဦးသာ တွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

အနာကြီးရောဂါသည် ဘက်တီးရီးယားပိုး (Mycobacterium leprae) ကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ အလွယ်တကူ ကူးစက်နိုင်ခြင်း မရှိသော်လည်း ရောဂါပိုးကူးစက်ခံရပြီး ဆေးကုသမှု မခံယူထားသောသူနှင့် အချိန်ကြာမြင့်စွာ အနီးကပ် ထိတွေ့နေထိုင်သူများတွင် ကူးစက်နိုင်သည်။ ရောဂါပိုးရှိသောသူ နှာချေ၊ ချောင်းဆိုးသောအခါ နှာခေါင်းနှင့်ပါးစပ်မှ ထွက်လာသော အမှုန်အမွှားများမှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်သည်။ သို့သော် လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း၊ အစားအစာများကို အတူတကွ စားသောက်ခြင်း၊ ဘေးချင်းကပ်ထိုင်ခြင်း အစရှိသော သာမန် ခေတ္တခဏ ထိတွေ့မှုများဖြင့် ရောဂါပိုး မကူးစက်နိုင်ပါ။ ထို့အပြင် လိင်ဆက်ဆံခြင်းမှတစ်ဆင့် မကူးစက်နိုင်သကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ ကူးစက်နိုင်ခြင်းလည်း မရှိပါ။ ရောဂါကို စတင်ကုသမှု ခံယူသောအချိန်တွင် အခြားသူများသို့ ရောဂါပိုးကူးစက်နိုင်ခြင်း မရှိတော့ပါ။ ထို့ကြောင့် အနာကြီး‌ရောဂါသည် ကူးစက်ရန် ခက်ခဲပြီး စောစီးစွာကုသပါက ကုသရန် လွယ်ကူသော ရောဂါဖြစ်သည်။

အနာကြီး‌ရောဂါသည် ကလေးငယ်များမှ သက်ကြီးရွယ်အိုများအထိ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်သော‌ရောဂါဖြစ်ပြီး အမျိုးသမီးများထက် အမျိုးသားများတွင် ပို၍အဖြစ်များသည်။ Mycobacterium leprae ဘက်တီးရီးယားပိုး ဝင်ရောက်ခံရသူ၏ (၉၅)ရာခိုင်နှုန်းတွင် ခန္ဓာကိုယ်၏ခုခံအားစနစ်မှ ဘက်တီးရီးယားပိုးကို တိုက်ထုတ်နိုင်သောကြောင့် အနာကြီးရောဂါဖြစ်‌ပေါ်ခြင်းမရှိကြောင်း လေ့လာတွေ့ရှိထားသည်။

အနာကြီး‌ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အရေပြားထိခိုက်မှု ပမာဏ အနည်းအများပေါ် မူတည်၍ အောက်ပါအတိုင်း (၂) မျိုးခွဲခြားထားသည်။

(၁) ပိုးကောင်‌ရေနည်းသော အမျိုးအစား (Paucibacillary) – အရေပြားစစ်ဆေးမှုတွင် အရေပြားအနာ (၅) ခုအောက်နည်း၍ ပိုးကောင်ရေမတွေ့ရသော အမျိုးအစားဖြစ်သည်
(၂) ပိုးကောင်ရည်များသော အမျိုးအစား (Multibacillary) – အရေပြားစစ်ဆေးမှုတွင် အ‌ရေပြား အနာ (၅) ခုနှင့်အထက်ရှိပြီး ဘက်တီးရီးယားပိုးများ တွေ့ရှိရသော အမျိုးအစားဖြစ်သည်

ထို့အပြင် ခန္ဓာကိုယ်၏ ခုခံအားစနစ် တုံ့ပြန်မှုပေါ်တွင် မူတည်၍လည်း အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။

(၁) Tuberculoid အမျိုးအစား (ခုခံအားတုံ့ပြန်မှု အားကောင်းသော အမျိုးအစား) _ အရေပြားအနာ အနည်းငယ်သာရှိပြီး ရောဂါပြင်းထန်မှုမရှိဘဲ ကူးစက်နိုင်ခြေလည်း နည်းသည်
(၂) Lepromatous အမျိုးအစား (ခုခံအားတုံ့ပြန်မှု အားနည်းသော အမျိုးအစား) _ အရေပြားအနာ ပမာဏများပြားသည့်အပြင် အာရုံကြောများနှင့် ကိုယ်တွင်းအင်္ဂါများကိုပါ ထိခိုက်နိုင်ပြီး ပို၍လွယ်ကူစွာ ရောဂါကူးစက်နိုင်သည်
(၃) Borderline အမျိုးအစား _ အထက်တွင်ဖော်ပြထားသော Tuberculoid အမျိုးအစားနှင့် Lepromatous (၂) မျိုးစလုံး၏ ‌ရောဂါလက္ခဏာများကို တွေ့နိုင်သော အမျိုးအစားဖြစ်သည်

ရောဂါလက္ခဏာများ

အနာကြီးရောဂါ စတင်ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာပြရန် (၃)နှစ် မှ (၅) နှစ်အထိ ကြာလေ့ရှိ သော်လည်း အနှစ် (၂၀) နီးပါးကြာမှ လက္ခဏာပြသူများလည်းရှိသည်။ အနာကြီးရောဂါသည် အရေပြား၊ ကျောရိုးအာရုံကြောမကြီးမှ ခွဲထွက်လာာသော ပြင်ပအာရုံကြောများ (peripheral nerves)၊ မျက်လုံးနှင့် နှာခေါင်းအတွင်းပိုင်းရှိ ပါးလွာသော တစ်ရှုးများကို အဓိကထိခိုက်စေသည်။

အရေပြားတွင်တွေ့ရသော ရောဂါလက္ခဏာများမှာ_

  • အရေပြားတွင် အနီရောင် (သို့မဟုတ်) အရောင်ဖျော့သော အကွက်များ စတင်တွေ့ရခြင်း
  • အရေပြားတွင် အနာ၊ အဖုများ (nodules) များ ဖြစ်ပေါ်ခြင်း
  • အရေပြား တောင့်တင်းထူထဲ ခြောက်သွေ့ခြင်း
  • မျက်နှာ (သို့မဟုတ်) နားတွင် မနာကျင်သော အဖုလုံးများ ထွက်ခြင်း
  • ခြေဖဝါးတွင် မနာကျင်သော အနာများဖြစ်ပေါ်ခြင်း
  • မျက်ခုံးမွှေး၊ မျက်တောင်မွှေးများ ကျွတ်ထွက်ခြင်း စသည်တို့ ဖြစ်ကြသည်။

အာရုံကြောထိခိုက်မှုကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများမှာ_

  • အရေပြားထိခိုက်သော နေရာများတွင် ထုံကျဥ်ခြင်း (ခံစားမှုလျော့နည်း၍ နာကျင်မှုကို မခံစားနိုင်သောကြောင့် ဒဏ်ရာရနိုင်ခြေများခြင်း)
  • ကြွက်သားများအားနည်းခြင်း (သို့မဟုတ်) အကြောသေခြင်း (အထူးသဖြင့် ခြေထောက်နှင့် လက်များ)
  • တံတောင်ဆစ်၊ ဒူးခေါင်းနှင့် လည်ပင်း အစရှိသော နေရာများရှိ အာရုံကြောများ ထူထဲလာခြင်း
  • အမြင်အာရုံထိခိုက်ခြင်းတို့ ဖြစ်ကြသည်။

နှာခေါင်းအတွင်းရှိ အမြှေးပါးများကို ထိခိုက်ပါက နှာစေး၊ နှာပိတ်ဖြစ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်းများ ဖြစ်ပေါ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

အနာကြီး‌ရောဂါကို ကုသမှုမခံယူပါက အောက်ဖော်ပြပါအတိုင်း ပြင်းထန်သော နောက်ဆက်တွဲပြသနာများ ဖြစ်ပေါ်လာနိုင်သည်။

  • နှာခေါင်းပျက်စီး၍ ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်း
  • အာရုံခံစားမှုမရှိခြင်း၊ ထိခိုက်ဒဏ်ရာ အနာများဖြစ်ခြင်းတို့၏ နောက်ဆက်တွဲအနေဖြင့် ခြေချောင်း၊ လက်ချောင်းများ တိုဝင်သွားခြင်း
  • ခြေလက်များ အကြောသေပြီး မလှုပ်ရှားနိုင်ခြင်း
  • ခြေဖဝါးရှိအနာများ မကျက်နိုင်ဘဲ နာတာရှည်အနာများဖြစ်ခြင်း
  • မျက်စိကွယ်ခြင်း
  • အာရုံကြောများ နာကျင်ခြင်း၊ အရေပြားများ ပူလောင်နာကျင်မှု ခံစားရခြင်း
  • အမျိုးသာများတွင် ပန်းသေပန်းညှိုးဖြစ်ခြင်း၊ မျိုးပွားခြင်းကို ထိခိုက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ အရေပြားကို ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ အနာကြီးရောဂါတိုက်ဖျက်ရေး၊ ပြည်သူ့ကျန်းမာရေးဌာနများသို့ ချိတ်ဆက်၍​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ယေဘုယျအားဖြင့် ရောဂါလက္ခဏာများကို စစ်ဆေးကြည့်ရှုခြင်းဖြင့် အနာကြီးရောဂါကို သိရှိနိုင်သည်။ အောက်ဖော်ပြပါ အချက် (၃) ချက်တွင် အနည်းဆုံး (၁)ချက်ရှိပါက အနာကြီးရောဂါရှိသည်ဟု သတ်မှတ်နိုင်သည်။

  1. အရေပြားတွင် အနီရောင် (သို့မဟုတ်) အရောင်ဖျော့သော အကွက်များဖြစ်ပေါ်ပြီး ထိုအကွက်များသည် ခံစားမှုကို မသိရှိခြင်း
  2. အာရုံကြောများ ကြီးမားထူထဲ၍ ခံစားမှုမရှိခြင်း သို့မဟုတ် ကြွက်သားများ အားနည်းခြင်း
  3. အ‌ရေပြားတွင် ဘက်တီးရီးယားပိုး စစ်ဆေးတွေ့ရှိခြင်း (slit skin smear)

ထို့အပြင် အနာကြီးရောဂါဟု သံသယရှိပါက အရေပြား (သို့မဟုတ်) အာရုံကြောတို့မှ သေးငယ်သော အစိတ်အပိုင်းကို နမူနာ (skin biopsy, nerve biopsy) ယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်သည် ။

ကုသခြင်း

အနာကြီးရောဂါရှိသည်ဟု သံသယရှိပါက စောစီးစွာစစ်ဆေး၍ ထိရောက်သော ကုသမှု ခံယူသင့်သည်။ သို့မှသာ နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်မည် ဖြစ်သည်။ Multidrug therapy (MDT) ဟုခေါ်သော ပိုးသတ်ဆေးများ ပေါင်းပေး၍ ကုသခြင်းဖြင့် ရောဂါပျောက်ကင်းနိုင်သည်။ ယခုလက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသုံးပြုရန် ညွှန်ကြားထားသော ဆေးများမှာ Dapsone, Rifampin (Rifampicin) နှင့် Clofazimine တို့ဖြစ်သည်။ ထိုဆေး (၃) မျိုးပေါင်းစပ်ထားသော ကုသမှုကို ပိုးကောင်‌ရေနည်းသော အမျိုးအစားတွင် အနည်းဆုံး (၆) လနှင့် ပိုးကောင်‌ရေများသော အမျိုးအစားတွင် (၁) နှစ်အထိ ခံယူရန် လိုအပ်သည်။

ကာကွယ်ခြင်း

ရောဂါကို စောစီးစွာ သိရှိ၍ ကုသမှုခံယူခြင်းသည် ရောဂါကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့အပြင် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်သော နည်းလမ်းများမှာ_

  • ရောဂါရှိသူနှင့် အချိန်ကြာမြင့်စွာ အတူနေခြင်းမှ ရှောင်ကြဉ်ရန်
  • ရောဂါရှိသူနှင့် အတူနေထိုင်သူများ သို့မဟုတ် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံရသူများတွင် နှာခေါင်းစည်း၊ ပါးစပ်စည်းများ တပ်ထားရန်တို့ ဖြစ်ကြသည်။

ထို့အပြင် ရောဂါပိုးရှိသူနှင့် ထိတွေ့မှုရှိသူများသည် ဆရာဝန်နှင့်တိုင်ပင်၍ ရောဂါကာကွယ်သည့်အနေဖြင့် Rifampin ပိုးသတ်ဆေးကို တစ်ကြိမ်တည်း သောက်သုံးနိုင်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အကြံပြုထားသည်။ လေ့လာတွေ့ရှိချက်များအရလည်း ရောဂါပိုးနှင့် အနီးကပ်ထိတွေ့မှုရှိသူ (တစ်အိမ်တည်းနေသူများ)တွင် Rifampin ပိုးသတ်ဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း စနစ်တကျသောက်သုံးခြင်းဖြင့် (၂) နှစ်အတွင်း အနာကြီးရောဂါဖြစ်ပွားနိုင်မှုကို ထက်ဝက်ခန့် လျှေ့ာချနိုင်ကြောင်း တွေ့ရှိထားသည်။

References:

  1. World Health Organization: WHO. (2023). Leprosy. Retrieved June 3, 2024, from https://www.who.int/news-room/fact-sheets/detail/leprosy
  2. Leprosy (Hansen’s Disease). (2024). Cleveland Clinic. Retrieved June 3, 2024, from https://my.clevelandclinic.org/health/diseases/23043-leprosy-hansens-disease
  3. Signs and symptoms of Hansen’s disease. (2024). Hansen’s Disease (Leprosy). Retrieved January 22, 2025, from https://www.cdc.gov/leprosy/signs-symptoms/index.html
  4. Miller, K. (2023). Leprosy: causes, symptoms, and treatment. WebMD. Retrieved January 22, 2025, from https://www.webmd.com/skin-problems-and-treatments/leprosy-symptoms-treatments-history
  5. Donohue, M. (2023). Leprosy. Healthline. Retrieved January 22, 2025, from https://www.healthline.com/health/leprosy
  6. National Leprosy Control Program. (n.d.). What is Leprosy? Retrieved January 22, 2025, from https://cdn.who.int/media/docs/default-source/searo/myanmar/documents/leprosy_what-you-need-to-know.pdf?sfvrsn=c3924878_3
  7. Wang, L., Wang, H., Yan, L., Yu, M., Yang, J., Li, J., Li, J., Ning, Y., Jiang, H., Shi, Y., Zhang, W., Xiong, L., Liu, J., Kuang, Y., Wang, H., He, J., Wang, D., Li, B., Liu, Y., . . . Wang, B. (2023). Single-Dose Rifapentine in Household Contacts of Patients with Leprosy. New England Journal of Medicine, 388(20), 1843–1852. Retrieved January 22, 2025, from https://doi.org/10.1056/nejmoa2205487
  8. Moet, F. J., Pahan, D., Oskam, L., & Richardus, J. H. (2008). Effectiveness of single dose rifampicin in preventing leprosy in close contacts of patients with newly diagnosed leprosy: cluster randomised controlled trial. BMJ, 336(7647), 761–764. Retrieved January 22, 2025, from https://doi.org/10.1136/bmj.39500.885752.be

Published: 30 August 2024

Last updated: 3 April 2025

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.