နားထင်မေးရိုးအဆစ်အစုအဝေးတွင် အောက်မေးရိုးနှင့် ဦးခေါင်းခွံရိုးအား ဆက်ထားသောအဆစ်များ၊ မေးရိုးကြွက်သားများနှင့် အရွတ်များ ပါဝင်သည်။ မေးရိုးသည် ၎င်းနားထင်မေးရိုးအဆစ် အစုအဝေးအတွင်း ရှိမနေဘဲ နေရာလွဲနေခြင်းသည် မေးရိုးအဆစ်လွဲခြင်းဖြစ်သည်။ ပုံမှန် ပါးစပ် အဖွင့်၊ အပိတ်ပြုလုပ်ရန် အထက်ပါ အစိတ်အပိုင်းများ အတူတကွ ကောင်းမွန်စွာ လုပ်ဆောင်ရန် လိုအပ်သည်။ မေးရိုးအဆစ်လွဲလျှင် အစာမစားနိုင်ခြင်း၊ စကားမပြောနိုင်ခြင်း၊ ပါးစပ်ပိတ်မရခြင်းများ ရှိသဖြင့် အရေးပေါ်ကုသမှုပေးရန်လိုသည့် အခြေအနေတစ်ခုဖြစ်သည်။ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိလျှင် အောက်မေးရိုးကျိုးသည့် ဒဏ်ရာရနိုင်သည်။ အချို့အခြေအနေတွင် မေးရိုးအဆစ်လွဲခြင်းနှင့် မေးရိုးကျိုးခြင်းတွဲပြီး ဖြစ်နေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မေးရိုးအဆစ်လွဲခြင်း
မေးရိုးအဆစ်လွဲခြင်းတွင် ထိခိုက်ဒဏ်ရာကြောင့် အဆစ်လွဲခြင်းနှင့် ထိခိုက်ဒဏ်ရာမရှိပဲ အဆစ်လွဲခြင်းဟူ၍ နှစ်မျိုးရှိသည်။
- မွေးရာပါ မေးရိုးဖွဲ့စည်းပုံ မူမမှန်ခြင်း၊ ကြွက်သားနှင့်အရွတ် အားနည်းသည့်ရောဂါများ (Marfan Syndrome၊ Ehler-Danlos syndrome)၊ အသက်အရွယ်ကြီးသူများ၊ မေးရိုးအဆစ်လွဲခြင်း ဖြစ်ဖူးသည့်သူများတွင် ထိခိုက်ဒဏ်ရာမရှိပဲ မေးရိုးဆစ်လွဲခြင်း ဖြစ်နိုင်သည်
- ပါးစပ်ကို ကျယ်ပြန့်စွာ ဟရသည့်အခြေအနေများ (ဥပမာ _ သမ်းခြင်း၊ သွားနှင့်ခံတွင်းကုသမှုများ)၊ မေးရိုးကြွက်သားများ ပြင်းထန်စွာ ရုန်းကန်ခြင်း၊ တောင့်တင်းခြင်းဖြစ်သည့် အခြေအနေများ (ဥပမာ _ တက်ခြင်း၊ မေးခိုင်ရောဂါ) တွင် အောက်မေးရိုးသည် ဦးခေါင်းခွံ၊ နားထင်ရိုးမှ ပြုတ်ထွက်နိုင်သည်
မေးရိုးအဆစ်လွဲခြင်းတွင် ပထမဆုံးအကြိမ် ရုတ်တရက် ဖြစ်နိုင်သကဲ့သို့ အချို့တွင် မကြာခဏအဆစ်လွဲခြင်းဖြစ်နိုင်သည်။
မေးရိုးအဆစ်လွဲသည့် ဦးတည်ချက် အပေါ်မူတည်၍
- အရှေ့ဘက် သို့မဟုတ် အနောက်ဘက်သို့လွဲခြင်း
- အပေါ်ဘက်သို့လွဲခြင်း
- ဘေးဘက် ဘယ်ညာသို့ လွဲခြင်းဟူ၍ ခွဲခြားနိုင်သည်။
အဖြစ်အများဆုံး အဆစ်လွဲခြင်းမှာ အရှေ့ဘက်သို့ လွဲခြင်းဖြစ်သည်။
မေးရိုးကျိုးခြင်း
မေးရိုးကို ပြင်းထန်စွာ တိုက်ရိုက်ထိခိုက်ဒဏ်ရာရခြင်းကြောင့် မေးရိုးကျိုးခြင်း ဖြစ်နိုင်သည်။
- ယာဉ်မတော်တဆဖြစ်ခြင်း
- အားကစားနှင့်ဆက်စပ်၍ ထိခိုက်မှုများ
- အမြင့်မှပြုတ်ကျခြင်း
- လုပ်ငန်းခွင်မတော်တဆဖြစ်ခြင်းများတွင် မေးရိုးကျိုးခြင်း အဖြစ်များသည်။ အောက်မေးရိုးတွင် တစ်နေရာတည်း၌လည်းကောင်း၊ တစ်နေရာထက်ပို၍လည်းကောင်း ကျိုးနိုင်သည်။
ရောဂါလက္ခဏာများ
မေးရိုးအဆစ်လွဲခြင်းတွင်
- ပါးစပ်မစေ့နိုင်ခြင်း
- သွားရည်ကျခြင်း၊
- စကားပြောရန် ခက်ခဲခြင်း
- စကားပြောလျှင် ပီသမှုမရှိခြင်း
- အစာစားရန် ခက်ခဲခြင်း
- အလွန်နာကျင်ခြင်း
- နားအရှေ့တွင် သိသိသာသာချိုင့်ဝင်နေခြင်း စသည်တို့ဖြစ်နိုင်သည်။
မေးရိုးကျိုးခြင်းတွင်
- နှာခေါင်း သို့မဟုတ် ပါးစပ်တွင်သွေးထွက်ခြင်း
- မေးရိုး သို့မဟုတ် ပါးတွင် အညိုအမည်းစွဲခြင်း၊ ရောင်ရမ်းခြင်း
- သွားများပဲ့ခြင်း သို့မဟုတ် ကျိုးခြင်း
- ပါးစပ်စေ့သောအခါ အပေါ်မေးရိုးနှင့် အောက်မေးရိုးရှိ သွားများ ကိုက်ညီမှု မရှိခြင်း
- ပါးစပ်ဖွင့်ပိတ်၍ မရခြင်း
- အသက်ရှူရခက်ခြင်း
- အစားစားသည့်အခါ သို့မဟုတ် စကားပြောသည့်အခါတွင် နာကျင်ခြင်း
- နားကိုက်ခြင်း
- မျက်နှာထုံကျဥ်ခြင်း စသည်တို့ကို တွေ့ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း (ဥပမာ_ထိခိုက်ဒဏ်ရာရခြင်း၊ ပါးစပ်အကျယ်ကြီးဖွင့်မိခြင်း၊ ဆေးကုသမှုခံယူခြင်း)၊ အောက်မေးရိုး စစ်ဆေးခြင်း၊ မေးရိုးလွဲခြင်း၊ ကျိုးခြင်းတို့ကိုသိရှိရန် မေးရိုးဓာတ်မှန်ရိုက်ခြင်း၊ ဦးခေါင်းသွေးယိုမှု ရှိမရှိ သိရှိနိုင်ရန်နှင့် အခြားအဆစ်များ၏ အခြေအနေကိုသိရှိရန် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းတို့ ပြုလုပ်နိုင်သည်။
ကုသခြင်း
မေးရိုးအဆစ်လွဲခြင်းအားကုသခြင်း
မေးရိုးအဆစ်လွဲခြင်းသည် အရေးပေါ်ကုသမှုပေးရမည့် အခြေအနေတစ်ခုဖြစ်သည်။ အရေးပေါ် ဆရာဝန်မှ နာကျင်မှုသက်သာဆေး၊ ထုံဆေး၊ အိပ်ဆေးများ အသုံးပြု၍ လွဲနေသောမေးရိုးကို လက်ဖြင့် နေရာပြန်ချခြင်း (Manual Reduction) ဖြင့် ကုသပေးနိုင်သည်။ ထို့နောက် မေးရိုး၏အောက်ဘက်နှင့် ဦးခေါင်း အနောက်ဘက်အားသိုင်း၍ ပတ်တီးစီးသည်။

- မကြာခဏ အဆစ်လွဲခြင်းအတွက် ကုသမှု (Advanced Treatment for Recurrent Dislocation)
မေးရိုးသည် မကြာခဏ အဆစ်လွဲခြင်း သို့မဟုတ် ခွဲစိတ်ကုသမှု မခံယူလိုခြင်း စသည့်အခြေအနေတွင် မေးရိုးအား အရှေ့သို့ ရွေ့လျားစေသည့် ကြွက်သားများ (Lateral Pterygoid Muscles) အတွင်းသို့ Botox (Botulinum Toxin) ကို ထိုးသွင်း၍ ကုသနိုင်သည်။ ဤကုထုံးသည် ထိုကြွက်သားများကို ယာယီအားနည်းသွားစေပြီး မေးရိုး လွန်စွာဟခြင်းကို ထိန်းပေးကာ အဆစ်လွဲခြင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်။ ထိုကုထုံးသည် ခွဲစိတ်စရာမလိုဘဲ ဆေးထိုးခြင်းဖြင့် သက်သာစေသည့်နည်းဖြစ်သည်။ - ခွဲစိတ်ခြင်း
အကယ်၍ နေရာပြန်ချရန် ခက်ခဲပါက သို့မဟုတ် Botox ကုထုံးဖြင့် မသက်သာပါက မေးရိုးအား ထောက်ပံ့ပေးထားသော အရွတ်များကို တင်းသွားစေရန် ပြုပြင်ခြင်း (သို့မဟုတ်) အဆစ်ဖွဲ့စည်းပုံကို ပြောင်းလဲသည့် ခွဲစိတ်မှုများ ပြုလုပ်နိုင်သည်
မေးရိုးကျိုးခြင်းအားကုသခြင်း
မေးရိုးကျိုးခြင်းအား ကုသရာတွင် ပြင်းထန်မှုအခြေအနေပေါ် မူတည်၍ စောင့်ကြည့်ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းဟူ၍ ရှိသည်။ အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေးများ ပေးခြင်း၊ ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း၊ အရောင်သက်သာစေရန် ရေခဲကပ်ပေးခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း အစာစားခြင်းတို့ ပြုလုပ်ရသည်။ တစ်နေရာမက ကျိုးသော မေးရိုးကျိုးခြင်းတွင် လိုအပ်ပါက ကျိုးနေသော အစိတ်အပိုင်းများအကြား မူလီစုပ်၍ထိန်းခြင်း၊ သတ္တုပြားခံ၍ ထိန်းခြင်းတို့အပြင် နေရာလွဲသွားသော သွားနှင့်သွားဖုံးများကိုပါ ဝါယာဖြင့်တွဲခြင်းများ ပြုလုပ်ရသည်။
ကာကွယ်ခြင်း
ထိခိုက်ဒဏ်ရာကြောင့်မဟုတ်သည့် မေးရိုးအဆစ်လွဲခြင်းများတွင် အဆစ်လွဲခြင်း မကြာခဏဖြစ်ပါက မေးရိုးခံတွင်း ခွဲစိတ်ကုဆရာဝန်များနှင့် တိုင်ပင်ကုသပြီး နောက်တစ်ကြိမ်မဖြစ်ရန် ကာကွယ်ပါ။ ထိခိုက်ဒဏ်ရာကြောင့် မေးရိုးအဆစ်လွဲခြင်း၊ မေးရိုးကျိုးခြင်းများ မဖြစ်ရန်မှာ မတော်တဆမှုများကို ကာကွယ်ရန်ပင်ဖြစ်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း၊ လုပ်ငန်းခွင်စည်းကမ်းများ လိုက်နာခြင်း၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုရှောင်ကြဉ်ခြင်း၊ လိုအပ်သည့် အကာအကွယ်ပစ္စည်းများ အသုံးပြုခြင်းဖြင့် ထိခိုက်ဒဏ်ရာရရှိမှုကို ကာကွယ်နိုင်သည်။
References:
- Cleveland Clinic. (2023). Dislocated jaw. Retrieved October 8, 2025, from https://my.clevelandclinic.org/health/diseases/24882-dislocated-jaw
- Healthdirect. (2024). Jaw dislocation. Retrieved October 8, 2025, from https://www.healthdirect.gov.au/jaw-dislocation
- MSD Manuals. (2024). Jaw dislocation. Retrieved October 8, 2025, from https://www.msdmanuals.com/home/mouth-and-dental-disorders/urgent-dental-problems/jaw-dislocation
- Medical News Today. (2019). Dislocated jaw: Symptoms, causes, and treatment. Retrieved October 8, 2025, from https://www.medicalnewstoday.com/articles/324412#takeaway
- Cleveland Clinic. (2023). Broken jaw. Retrieved October 8, 2025, from https://my.clevelandclinic.org/health/diseases/25072-broken-jaw
- WebMD. (2024). Broken jaw. Retrieved October 8, 2025, from https://www.webmd.com/oral-health/broken-jaw
- Ziegler, C. M., Haag, C., & Mühling, J. (2003). Treatment of recurrent temporomandibular joint dislocation with intramuscular botulinum toxin injection. Clinical Oral Investigations, 7(1), 52–55. https://doi.org/10.1007/s00784-002-0187-y
Published: 30 August 2024
Last updated: 6 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.