အစာအိမ်ရောင်ခြင်းဆိုသည်မှာ အစာအိမ်အတွင်းနံရံ (အမြှေးပါး) ရောင်ရမ်းခြင်းဖြစ်သည်။ အစာအိမ်ရောင်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာရှိပြီး ရုတ်တရက် အစာအိမ်ရောင်ခြင်း (acute gastritis) ဖြစ်ပေါ်နိုင်သကဲ့သို့ တဖြည်းဖြည်းရောင်ရမ်းပြီး နာတာရှည်ရောဂါ (chronic gastritis) လည်း ဖြစ်ပေါ်နိုင်သည်။ အများစုတွင် အစာအိမ်ရောင်ခြင်းသည် ပြင်းထန်လေ့မရှိဘဲ ကုသမှုခံယူခြင်းဖြင့် လျှင်မြန်စွာ သက်သာပျောက်ကင်းနိုင်သည်။ သို့သော်အချို့သူများတွင် အစာအိမ်ရောင်ခြင်းမှတစ်ဆင့် အစာအိမ်အနာများ ဖြစ်ပေါ်နိုင်စေပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်လာစေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အစာအိမ်အတွင်းနံရံသည် အစာအိမ်ကို နေ့စဥ်ဖြတ်သန်းနေသော အက်ဆစ်များ၊ အင်ဇိုင်းများ၊ အဏုဇီဝပိုးမွှားများအန္တရာယ်မှ အစာအိမ်ကို ကာကွယ်ပေးထားသော အမြှေးပါးအလွှာဖြစ်သည်။ ထိုအလွှာ ထိခိုက်ပျက်စီးသွားလျှင် အစာခြေသည့်အက်စစ်ရည်များသည် အစာအိမ်အတွင်းနံရံကို ထိခိုက်ပျက်စီးစေပြီး ရောင်ရမ်းစေခြင်းဖြစ်သည်။ အစာအိမ်ရောင်ခြင်း ဖြစ်ပေါ်စေနိုင်သောအရာများမှာ_
- အကိုက်အခဲပျောက်ဆေးများ ရေရှည်သောက်သုံးခြင်း သို့မဟုတ် အလွန်အကျွံသောက်သုံးခြင်း (ဥပမာ – ibuprofen၊ aspirin၊ naproxen)
- အစာအိမ်ရောဂါပိုး (H. pylori) ဘက်တီးရီးယားပိုးဝင်ခြင်း
- အသက်အရွယ်ကြီးခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- ဆေးလိပ်သောက်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့် အစာအိမ်ရောင်ခြင်း (Autoimmune gastritis)
- အခြားသော ရောဂါများရှိခြင်း (ဥပမာ _ အိတ်ချ်အိုင်ဗွီ၊ နာတာရှည် အူရောင်ရမ်းနာရောဂါ)
- သည်းခြေရည်များ (bile) သည် အစာအိမ်နှင့် အစာရေမျိုပြွန်သို့ ပြန်တက်ခြင်း (Chronic bile reflux)
- အကြီးစားခွဲစိတ်မှုပြုလုပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အလွန်ပြင်းထန်သည့် နာမကျန်းဖြစ်ခြင်း (လတ်တလောအစာအိမ်ရောင်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။)
- ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
လူတစ်ဦးနှင့်တစ်ဦး ခံစားရသော ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ_
- အစာအိမ်နာခြင်း၊ ရင်ပူခြင်း၊ အစာမကြေဖြစ်ခြင်း (အစာစားပြီးနောက် သက်သာသွားခြင်း (သို့မဟုတ်) ပိုဆိုးခြင်းတို့ ဖြစ်ပေါ်နိုင်သည်)
- ပျို့အန်ခြင်း
- လေအန်ခြင်း
- အစာစားပြီးနောက် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း
- အလွန်ပြင်းထန်ပါက သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အစာအိမ်ရောင်ခြင်းသည် ပုံမှန်အားဖြင့် ရေရှည်ဆိုးကျိုးများ မဖြစ်ပေါ်နိုင်ပါ။ သို့သော် ထိရောက်သော ကုသမှုမခံယူလျှင် အစာအိမ်အမြှေးပါးအလွှာ ထိခိုက်ပျက်စီးသွားပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- အစာအိမ်အနာဖြစ်ခြင်း
- အစာအိမ်သွေးယိုခြင်း
- အစာအိမ်အူလမ်းကြောင်းပိတ်ခြင်း
- အစာအိမ်အူလမ်းကြောင်းပေါက်ခြင်း
- သွေးအားနည်းခြင်း
- အစာအိမ်ကင်ဆာဖြစ်ခြင်း စသည့်တို့ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
လူတိုင်းနီးပါးသည် အစာမကြေခြင်း၊ အစာအိမ်နာခြင်းကို တစ်ချိန်ချိန်တွင် ကြုံတွေ့ဖူးကြသည်။ သို့သော်လူအများစုတွင် လက္ခဏာများသည် အချိန်ကြာမြင့်စွာ မခံစားရဘဲ အလိုအလျောက် ပြန်ကောင်းသွားကြလေ့ရှိသည်။ ထိုရောဂါလက္ခဏာများသည် တစ်ပတ်နှင့်အထက် ခံစားနေရခြင်း၊ အစာအိမ်အလွန်အောင့်ခြင်း၊ အစာမစားနိုင်အောင် ပျို့အန်ခြင်းနှင့် ခေါင်းမူးခြင်းတို့ခံစားရပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
သွေးအန်ခြင်း၊ ဝမ်းသွားသည့်အခါ သွေးပါခြင်း၊ ဝမ်းအမည်းရောင်သွားခြင်းတို့ကို ခံစားရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ပထမဦးစွာ ရောဂါရာဇဝင်များကို သေချာစွာမေးမြန်းခြင်း (ရောဂါလက္ခဏာများ၊ သောက်သုံးနေသော ဆေးဝါးများ ၊ ဆေးလိပ်၊ အရက်သောက်သုံးခြင်း၊ ရောဂါအခံများအကြောင်း မေးမြန်းခြင်း) နှင့် လူနာကိုစမ်းသပ်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်။ အစာအိမ်ရောင်ရမ်းခြင်း အကြောင်းရင်းများကို သိရှိနိုင်ရန် အောက်ဖော်ပြပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။
- အစာအိမ်မှန်ပြောင်းကြည့်၍ စစ်ဆေးခြင်း (Upper GI Endoscopy)
အစာအိမ်မှန်ပြောင်းကြည့်၍ အစာအိမ်ရောင်ရမ်းခြင်းအပြင် အစာအိမ်တွင် အနာများ၊ သွေးယိုစိမ့်ခြင်း၊ ကင်ဆာရောဂါများ ရှိလျှင်လည်း သိရှိနိုင်သည်။ ထို့အပြင် အစာအိမ်အနာများမှ အသားစယူ၍ ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးခြင်းနှင့် အစာအိမ်ပိုးစစ်ဆေးခြင်းတို့ကိုပါ ပြုလုပ်နိုင်သည်။
အစာအိမ်မှန်ပြောင်း မဖြစ်မနေ ကြည့်ရှုရန်လိုအပ်သည့် အခြေအနေများမှာ_- အစာအိမ်၊ အူလမ်းကြောင်း သွေးယိုစိမ့်သော လက္ခဏာများရှိခြင်း
- အကြောင်းရင်းမရှိဘဲ ပိန်ကျသွားခြင်း
- အစာနင်ခြင်း
- အသက် (၅၀) ကျော်မှ အစာအိမ်ရောဂါလက္ခဏာများကို ပထမဆုံးစတင်ခံစားရခြင်း စသည်တို့ဖြစ်ကြသည်။
- အစာအိမ်ဘက်တီးရီးယားပိုး (H pylori) စစ်ဆေးခြင်း
- ဝမ်းထဲတွင် အစာအိမ်ပိုး ပဋိလှုံ့ပစ္စည်း (H.pylori antigen) ကို ဓာတ်ခွဲစစ်ဆေးခြင်း
- Urea ပါသော ဆေးရည် (သို့မဟုတ်) ဆေးခဲအရည်ကိုသောက်ပြီးနောက် ပြန်မှုတ်ထုတ်သောလေတွင် ပါဝင်သည့် Carbon dioxide ပမာဏကို တိုင်းတာ၍ အစာအိမ်ပိုးပမာဏကို စစ်ဆေးခြင်း (Urea Breath Test)
- အစာအိမ်မှန်ပြောင်းဖြင့် အစာအိမ်နှင့် အူသိမ်ဦးပိုင်းမှ အသားစယူ၍ အစာအိမ်ပိုး စစ်ဆေးခြင်း
- သွေးထဲတွင် H pylori ပဋိပစ္စည်း (antibodies) စစ်ဆေးခြင်း
- ဘေရီယမ်သတ္တုရည်ကို သောက်၍ အစာအိမ်နှင့် အူလမ်းကြောင်းကို ဓာတ်မှန်ရိုက်ကြည့်ခြင်း (Upper GI series or barium swallow)
- သွေးစစ်ဆေးခြင်း
- စီဘီစီ (complete blood count) သွေးစစ်ဆေးခြင်း
ကုသခြင်း
အစာအိမ်ရောင်ရမ်းခြင်းကို ကုသရာတွင် ဖြစ်ပေါ်ရသည့်အကြောင်းရင်းများပေါ် မူတည်၍ ကုသရန် လိုအပ်သည်။ ရုတ်တရက် အစာအိမ်ရောင်ခြင်း (Acute gastritis) သည် ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ဖယ်ရှားလိုက်ပါက သူ့အလိုအလျောက် သက်သာပျောက်ကင်းသွားလေ့ရှိသည်။ ဥပမာအားဖြင့် အရက် (သို့မဟုတ်) အကိုက်အခဲပျောက်ဆေးများကို ခဏတာအလွန်အကျွံ သောက်သုံးခြင်းကြောင့် ရုတ်တရက် အစာအိမ်ရောင်ရမ်းခြင်းဖြစ်ပါက ထိုအရာများကို ရှောင်ကြဥ်ခြင်းဖြင့် အစာအိမ်အတွင်းနံရံ ရောင်ရမ်းခြင်းများ မကြာမီ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
လိုအပ်လျှင် အစာအိမ်အက်ဆစ်၏ အာနိသင်ကို ပယ်ပျက်စေသော ဆေးဝါးများ (Antacids) နှင့် အစာအိမ်အက်ဆစ်ထွက်ခြင်းကို တားဆီးသည့် ဆေးဝါးများ (Proton pump inhibitors) များသောက်သုံးခြင်းဖြင့် အစာအိမ်ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ရောဂါလက္ခဏာများ သက်သာစေနိုင်သည်။ အစာအိမ်ပိုးဝင်ခြင်းကြောင့် ဖြစ်ပေါ်သော အစာအိမ်ရောင်ခြင်း ဖြစ်ပါက အစာအိမ်ပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အနည်းဆုံးအချိန် (၂)ပတ်ပြည့်အောင် သောက်သုံးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
နာတာရှည် အစာအိမ်ရောင်ရမ်းခြင်း (Chronic gastritis) ဖြစ်ပေါ်ပါက တစ်ရှူးများကို ပိုမိုနက်ရှိုင်းစွာ ထိခိုက်စေနိုင်သောကြောင့် အလိုအလျောက် သက်သာပျောက်ကင်းနိုင်ခြင်း မရှိသည့်အပြင် ပြန်လည်သက်သာ ကောင်းမွန်နိုင်စေရန် အချိန်ကာလပိုမိုကြာမြင့်နိုင်သည်။
အစာအိမ်ရောင်ခြင်းကို ကုသနိုင်သည့်ဆေးဝါးများမှာ_
- အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို တားဆီးသည့်ဆေးဝါးများ (Proton pump inhibitors – Omeprazole/Lansoprazole/Pantoprazole/Esomeprazole/Rabeprazole)
ဤဆေးများသည် အစာအိမ်အက်ဆစ်ထွက်ခြင်းကို တားဆီးပေးသည့်အပြင် အနာကျက်ခြင်းကို အားပေးသည်။ သို့သော် ထိုဆေးများကို အချိန်ကာလကြာရှည်စွာ အသုံးပြုပါက အရိုးပွခြင်းကို ဖြစ်ပေါ်စေပြီး အရိုးကျိုးနိုင်ခြေများသည်။ ထို့ကြောင့် အလွယ်တကူဝယ်ယူသောက်သုံး၍ ရရှိနိုင်သော်လည်း အမြဲစွဲသောက်ခြင်းမပြုလုပ်ဘဲ ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးသင့်သည်။ - အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို လျော့ကျစေသည့် ဆေးဝါးများ (H2 Blocker – Cimetidine, Famotidine)
အစာအိမ်အက်ဆစ်ထွက်ခြင်းကို လျော့နည်းစေခြင်းကြောင့် အစာအိမ်နာခြင်းကို သက်သာစေပြီး အနာကျက်ခြင်းကို အားပေးသည်။ - အစာအိမ်အက်ဆစ်၏ အာနိသင်ကို ပျက်ပြယ်စေသည့် ဆေးဝါးများ (Antacids)
ဤဆေးများသည် အစာအိမ်အက်ဆစ်၏ အာနိသင်ကို ပျက်ပြယ်စေနိုင်သည့်အတွက် နာကျင်မှုဝေဒနာကို လျှင်မြန်စွာသက်သာစေနိုင်သည်။ ရောဂါလက္ခဏာများ ချက်ချင်းသက်သာနိုင်စေရန် အသုံးပြုနိုင်သော်လည်း ရောဂါကိုအမှန်တကယ်ကုသနိုင်သည့် ဆေးဝါးများမဟုတ်ပါ။ ထို့ကြောင့် အလွန်နာကျင်သည့်အခြေအနေများတွင် ရောဂါလက္ခဏာများ အမြန်သက်သာစေရန် အသုံးပြုသောဆေးဝါးဖြစ်သည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတို့ ဖြစ်ကြသည်။ - အစာအိမ်ကို အက်ဆစ်ဒဏ်မှ ခံနိုင်အောင်လုပ်ပေးသည့် ဆေးများ (Sucralfate)
ဤဆေးများသည် အစာအိမ်တစ်ရှူးများကို အက်ဆစ်များနှင့် အင်ဇိုင်းများကြောင့် ထိခိုက်မှုဒဏ်ကို ကာကွယ်ပေးသော ဆေးများဖြစ်သည်။ - အစာအိမ်ရောင်ခြင်းကို ဖြစ်စေသည့် H. pylori ဘက်တီးရီးယားပိုးသတ်သည့် ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics)
အစာအိမ်ပိုး စစ်ဆေးတွေ့ရှိပါက ပျောက်ကင်းအောင် ပဋိဇီဝပိုးသတ်ဆေး (၂) မျိုး၊ အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို တားဆီးသည့်ဆေးဝါး (Proton pump inhibitors) (၁)မျိုး၊ အစာအိမ် နံရံကို ကာကွယ်ပေးသော (Bismuth subsalicylate) ဆေး (၁) မျိုး တို့ကို တစ်ပြိုင်တည်းပေးခြင်းဖြင့် ကုသလေ့ရှိသည်။ ထိုဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အချိန်မှန်မှန်နှင့် အချိန် (၁၄) ရက်ပြည့်အောင် သောက်သုံးရန် လိုအပ်သည်။ ပိုးသတ်ဆေး သောက်ပြီးနောက် (၄) ပတ်အကြာတွင် အစာအိမ်ပိုး ပျောက်မပျောက်ကို ထပ်မံစစ်ဆေးရန် လိုအပ်သည်။ မပျောက်ပါက နောက်တစ်ကြိမ် အခြားပိုးသတ်ဆေးများဖြင့် ကုသရန်လိုသည်။ - ပျို့အန်ခြင်းကို သက်သာစေသည့် ဆေးများ (Antiemetics)
အစာအိမ်နာခြင်းနှင့်အတူ ပျို့အန်ချင်စိတ်များကို တွဲဖက်ခံစားရပါက ပျို့အန်ခြင်းကို သက်သာစေနိုင်သည့် ဆေးဝါးများ (antiemetics) ကို ရောဂါလက္ခဏာများ သက်သာစေရန် သောက်သုံးနိုင်သည်။
ကာကွယ်ခြင်း
အောက်ဖော်ပြပါနည်းလမ်းများသည် အစာအိမ်ရောင်ခြင်း ဖြစ်ပေါ်မှုကို လျော့ကျစေနိုင်သည့်အပြင် အစာအိမ်ရောင်ခြင်းဖြစ်ပေါ်ပါက ရောဂါလက္ခဏာများ ပိုမဆိုးလာစေရန် ကာကွယ်ပေးနိုင်သည်။
- H. pylori ဘက်တီးရီးယားပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သောကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခြင်း၊ လက်ကိုပုံမှန်ဆေးခြင်း (အထူးသဖြင့် အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း)
- ဆေးလိပ်မသောက်ခြင်း
- အရက်သောက်ခြင်းကို ကန့်သတ်လျှော့ချခြင်း
- အကိုက်အခဲပျောက်ဆေးများကို ကြာရှည်စွာနှင့် ပမာဏများများ မသောက်သုံးခြင်း
- စိတ်ဖိစီးမှုများ လျှော့ချခြင်း
- အစာအိမ်အတွင်းနံရံများကို ရောင်ရမ်းထိခိုက်စေနိုင်သော အပူအစပ်၊ ကော်ဖီသောက်သုံးခြင်းများ လျှော့ချခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် အစာအိမ်ရောင်ခြင်းကို ကာကွယ်လျှော့ချနိုင်သည်။
References:
- Cleveland Clinic. (2025). Gastritis. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/10349-gastritis
- Mayo Clinic Staff. (n.d.). Gastritis – Diagnosis and treatment. Mayo Clinic. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/gastritis/diagnosis-treatment/drc-20355813
- Mayo Clinic Staff. (n.d.). Gastritis – Symptoms and causes. Mayo Clinic. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/gastritis/symptoms-causes/syc-20355807
- WebMD. (2024). What is gastritis? Retrieved June 26, 2025, from https://www.webmd.com/digestive-disorders/digestive-diseases-gastritis
Published: 30 August 2024
Last updated: 7 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.