H. pylori infection (အစာအိမ်ရောဂါပိုးဝင်ခြင်း)

H. pylori infection (အစာအိမ်ရောဂါပိုးဝင်ခြင်း)

အစာအိမ်ရောဂါပိုး (H. pylori) သည် ဘက်တီးရီးယား ရောဂါပိုးတစ်မျိုးဖြစ်ပြီး အစာအိမ်တွင် အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အနာနှင့် အစာအိမ်ကင်ဆာတို့ကို အဓိကဖြစ်စေသော ရောဂါပိုးဖြစ်သည်။

ရောဂါပိုးသည် ငယ်စဉ်ကလေးဘဝတွင် အစာလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခံရပြီး ရောဂါလက္ခဏာ မပြမချင်း ရောဂါပိုးရှိနေကြောင်း မသိနိုင်ပါ။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ လူဦးရေထက်ဝက်ခန့်သည် ရောဂါပိုးကူးစက်နေနိုင်သည်။ အစာအိမ်ရောဂါပိုးသည် ပဋိဇီဝပိုးသတ်ဆေးသောက်ခြင်းဖြင့် ပျောက်ကင်းသက်သာနိုင်သည်။

Hpi img1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အစာအိမ်ရောဂါပိုးသည် ကူးစက်တတ်သောရောဂါပိုးဖြစ်ပြီး လူတစ်ဦးမှ တစ်ဦးဆီသို့ တံတွေး၊ သွားရည်၊ အန်ဖတ်၊ မစင်မှသော်လည်းကောင်း၊ ၎င်းတို့နှင့် ထိတွေ့ထားသော အစားအစာနှင့်ရေများမှ သော်လည်းကောင်း ကူးစက်နိုင်သည်။ ရောဂါပိုးများ အစာအိမ်ထဲသို့ ရောက်သောအခါ အစာအိမ်နှင့် အူသိမ်ဦးပိုင်း (Duodenum) တို့၏ အတွင်းဆုံးအလွှာတွင်ရှိသော ဆဲလ်များတွင် နေရာယူကြသည်။ ထိုသို့ နေရာယူခြင်းကြောင့် အင်ဇိုင်းအချို့နှင့် အဆိပ်အတောက်များကို ထွက်လာစေပြီး ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးသည်။ အထက်ပါအချက်များကြောင့် အစာအိမ် (သို့မဟုတ်) အူသိမ်ဦးပိုင်းတို့၏ ဆဲလ်များကို ထိခိုက်စေပြီး နာတာရှည်ရောင်ရမ်းမှုဖြစ်စေကာ အစာအိမ်ရောင်ခြင်း (Gastritis) နှင့် အူသိမ်ဦးပိုင်းရောင်ခြင်း (Duodenitis) တို့ကို ဖြစ်စေသည်။ ထိုသို့ရောင်ရမ်းခြင်းကြောင့် အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့၏ အတွင်းလွှာများသည် အစာခြေအက်ဆစ်ဒဏ်ကို ပိုမိုခံရပြီး အနာများ (Ulcers) ဖြစ်ပေါ်စေသည်။

အစာအိမ်ပိုးဝင်ခြင်းကြောင့် အောက်ပါအခြေအနေများကို ဖြစ်စေသည်။

  • အစာအိမ်ရောင်ရမ်းခြင်း
  • အူသိမ်ဦးပိုင်းရောင်ရမ်းခြင်း
  • အစာအိမ်အနာဖြစ်ခြင်း
  • အူသိမ်အနာဖြစ်ခြင်း
  • အစာအိမ်ကင်ဆာ
  • သံဓာတ်လျော့နည်းပြီး သွေးအားနည်းခြင်း၊
  • သွေးဥမွှားဓာတ်နည်းခြင်း
ရောဂါပိုး ကူးစက်နိုင်ခြေများသော အခြေအနေများ

မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအစာများမှတစ်ဆင့် ကူးစက်သောရောဂါ ဖြစ်သောကြောင့် သန့်ရှင်းသောသောက်‌ရေ မရရှိနိုင်သောဒေသများ၊ လူဦးရေသိပ်သည်းသောနေရာများ၊ ဖွံဖြိုးဆဲနိုင်ငံများ၊ တံတွေးမှတစ်ဆင့် ကူးစက်နိုင်သောကြောင့် အစားအစာများနှင့် ပန်းကန်ခွက်ယောက်များကို မျှဝေသုံးစွဲကြသူများစသည့် ပတ်ဝန်းကျင် အနေအထားများတွင် အစာအိမ်ပိုး ကူးစက်နိုင်ခြေများသည်။ ထို့ပြင်မိသားစုဝင်များတွင် အစာအိမ်အနာဖြစ်ဖူးခြင်း၊ အစာအိမ်ကင်ဆာဖြစ်ဖူးခြင်း ရှိပါကလည်း ပိုးကူးစက်နိုင်ခြေများသလို အချို့အခံရောဂါ (Atrophic gastritis, Pernicious anemia) များရှိပါက အစာအိမ်ပိုးကူးစက်နိုင်ခြေများသည်ကို တွေ့ရသည်။

ရောဂါလက္ခဏာများ

လူအများစုတွင် ရောဂါပိုးရှိနေတတ်ပြီး မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ ရှိနေနိုင်သည်။ ရောဂါလက္ခဏာပြသောသူများတွင်_

  • ရင်ပူခြင်း
  • ဗိုက်အောင့်ခြင်း
  • အစာမရှိလျှင် ဗိုက်ပိုအောင့်ခြင်း
  • အစာစားချင်စိတ် ပျောက်ဆုံးခြင်း
  • ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • လေမကြာခဏတက်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

အစာအိမ်ရောဂါပိုးသည် သေချာပျောက်ကင်းအောင် မကုသဘဲထားပါက အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာများကို ပိုဆိုးစေပြီး

  • အနက်ရောင် ဝမ်းမည်းမည်းများသွားခြင်း
  • ကော်ဖီရောင် (သို့မဟုတ်) အနက်ရောင် (သို့မဟုတ်) သွေးအန်ခြင်း
  • အစာအိမ်နှင့်အူနံရံများ ပေါက်နိုင်ခြင်း
  • အနာအမာရွတ်တက်၍ အစာအိမ်၏ ထွက်ပေါက်ကို ပိတ်မိခြင်း
  • အစာအိမ်ကင်ဆာပြောင်းခြင်းများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်‌ပေါ်လျှင်ဖြစ်စေ၊ အစာအိမ်ရောဂါပိုးရှိသည်ဟု သံသယရှိနေလျှင်ဖြစ်စေ မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အစာအိမ်ရောဂါပိုးကို ရှာနိုင်ရန် လူနာအားရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း၊ လူနာအား စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်လိမ့်မည်။

ရောဂါပိုးရှာရန် လိုအပ်သောစစ်ဆေးမှုများဖြစ်သည့်_

  • Urea ပါသော ဆေးရည် (သို့မဟုတ်) ဆေးခဲကိုသောက်ပြီးနောက် ပြန်မှုတ်ထုတ်သောလေတွင် ပါဝင်သည့် carbon dioxide ပမာဏကို စမ်းသပ်ခြင်း (Urea Breath Test)
  • ပိုး၏ ပဋိလှုံ့ပစ္စည်းနှင့် ပဋိပစ္စည်းများကို သွေးထဲတွင် စစ်ဆေးခြင်း (Antigen and antibody test)
  • မစင်မှ အစာအိမ်ပိုးပဋိလှုံ့ပစ္စည်း (H. pylori antigen) ကို ဓာတ်ခွဲစစ်ဆေးခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်းကြည့် မှန်ပြောင်းဖြင့် အစာအိမ်နှင့် အူသိမ်ဦးပိုင်းမှ အသားစယူ၍စစ်ဆေးခြင်းများဖြင့် ရှာဖွေနိုင်သည်။

အောက်ဖော်ပြပါ အခြေအနေရှိသူများတွင် အစာအိမ်နာ လက္ခဏာမရှိသော်လည်း အစာအိမ်ပိုး စစ်ဆေးသင့်သည်။

  • သံဓာတ်နည်း၍ သွေးအားနည်းရောဂါရှိသူများ
  • အကိုက်အခဲပျောက်ဆေးများ မကြာခန သောက်သုံးသူများ
  • မိသားစုဝင် တစ်ဦးတွင် အစာအိမ်အနာဖြစ်ဖူးခြင်း၊ အစာအိမ်ကင်ဆာဖြစ်ဖူးခြင်း စသည်တို့ဖြစ်သည်။
ကုသခြင်း

အစာအိမ်ပိုး စစ်ဆေးတွေ့ရှိပါက ပျောက်ကင်းအောင် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသနိုင်သည်။ ကုသရာတွင် ပဋိဇီဝပိုးသတ်ဆေး (၂) မျိုး၊ အစာအိမ်မှ အက်စစ်ထွက်ခြင်းကို တားဆီးပေးသောဆေးများ (Proton pump inhibitors) (၁) မျိုး၊ အစာအိမ်နံရံကို ကာကွယ်ပေးသော (Bismuth subsalicylate) ဆေး (၁) မျိုးတို့ကို တစ်ပြိုင်တည်းပေးခြင်းဖြင့် ကုသလေ့ရှိသည်။ ပိုးသတ်ဆေး (၂) မျိုးပေါင်းပေးခြင်းသည် ဆေးယဥ်ပါးခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ၎င်းပိုးသတ်ဆေးများကို သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း (၁၄) ရက်ပြည့်အောင် သောက်သုံးရန် လိုအပ်သည်။

ပိုးသတ်ဆေး သောက်ပြီးနောက် (၄) ပတ်အကြာတွင် အစာအိမ်ပိုး ပျောက်မပျောက်ကို ထပ်မံစစ်ဆေးရန်လိုသည်။ မပျောက်ပါက နောက်တစ်ကြိမ် အခြားပိုးသတ်ဆေးများဖြင့် ကုသရန်လိုသည်။

ကာကွယ်ခြင်း

အစာအိမ်ရောဂါပိုး မကူးစက်စေရန်_

  • လက်ကို မကြာခဏဆေးပါ
  • အစားအသောက်သန့်ရှင်းရေးကို ဂရုစိုက်ပါ
  • ထမင်း၊ ဟင်းများကို ကျက်အောင်ချက်ပါ
  • သန့်ရှင်းသောရေကို သောက်သုံးပါ

References:

  1. Cleveland Clinic. (n.d.). H. pylori infection. Retrieved June 16, 2025, from https://my.clevelandclinic.org/health/diseases/21463-h-pylori-infection
  2. Cleveland Clinic. (n.d.). H. pylori tests. Retrieved June 16, 2025, from https://my.clevelandclinic.org/health/diagnostics/5217-h-pylori-tests
  3. Mayo Clinic Staff. (n.d.). H. pylori infection – Symptoms and causes. Mayo Clinic. Retrieved June 16, 2025, from https://www.mayoclinic.org/diseases-conditions/h-pylori/symptoms-causes/syc-20356171
  4. Patel, K. R., & Goldman, D. L. (2024). Helicobacter pylori Infection. Medscape. Retrieved June 16, 2025, from https://emedicine.medscape.com/article/176938-overview?form=fpf

Published: 30 August 2024

Last updated: 7 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.