Gout (ဂေါက်‌ရောဂါ)

Gout (ဂေါက်‌ရောဂါ)

ဂေါက်ရောဂါ ဆိုသည်မှာ သွေးထဲတွင် ယူရစ်အက်ဆစ် (uric acid) များလာသောအခါ အဆစ်များထဲတွင် ယူရိတ်အနည်အမှုန်များ (urate crystals) စုပုံလာသောကြောင့် အဆစ်‌ရောင်ရမ်းနာကျင်လာခြင်း ဖြစ်သည်။ အဆစ်များ ရောင်ရမ်းခြင်းအပြင် ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်၏ အညစ်အကြေး စွန့်ထုတ်သည့် ပြွန်ချောင်းတွင် အမှုန်များဖြင့် ပိတ်ဆို့သောကြောင့် ကျောက်ကပ်အားနည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

Gout IMG
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပုံမှန်အားဖြင့် ယူရစ်အက်ဆစ်သည် သွေးထဲတွင် ပျော်ဝင်ပြီး ကျောက်ကပ်မှတစ်ဆင့် ဆီးထဲသို့ စွန့်ပစ်သည်။ ခန္ဓာကိုယ်မှ ယူရစ်အက်ဆစ်များစွာ ထုတ်၍သော်လည်းကောင်း၊ ကျောက်ကပ်မှ ယူရစ်အက်ဆစ် စွန့်ထုတ်မှု နည်း၍သော်လည်းကောင်း သွေးတွင်းယူရစ်အက်ဆစ် ပမာဏများလာသည်။ သွေးထဲတွင် ယူရစ်အက်ဆစ်များ လာသောအခါ အဆစ်များတွင် ချွန်ထက်၍ အပ်သဏ္ဌာန်ရှိသော အမှုန်များအဖြစ် အနည်ကျစုပုံလာပြီး အဆစ်များ ရောင်ရမ်းနာကျင်ခြင်း ကို ဖြစ်ပေါ်စေသည်။
ခန္ဓာကိုယ်ထဲတွင် သဘာဝ အလျောက် ရှိနေသော သို့မဟုတ် အချို့အစားအသောက်များတွင် ပါဝင်သော ဓာတ်တစ်မျိုးဖြစ်သည့် ပျူရင်း (purine) ကို ဖြိုခွဲလိုက်သောအခါ ယူရစ်အက်ဆစ် ဖြစ်ပေါ် လာသည်။ ပျူရင်းပါဝင်သော ယူရစ်အက်ဆစ်များစေသည့် အစားအသောက်များမှာ အနီ‌ရောင်ရှိသော အသားများ (ဥပမာ_အမဲသား၊ ဝက်သား)၊ ကလီစာများ၊ ပင်လယ်စာများ၊ အရက်၊ ဘီယာ နှင့် အချိုရည်) တို့ဖြစ်ကြသည်။

ယူရစ်အက်ဆစ်ထုတ်လုပ်မှု များစေသော အကြောင်းရင်းများ

  • အထက်တွင်ဖော်ပြထားသော ယူရစ်အက်ဆစ်များစေသည့် အစားအသောက်များစားခြင်း (High purine intake)
  • အချို့သော သွေးရောဂါနှင့် ပြန်ရည်ကြောရောဂါများ (Myeloproliferative and lymphoproliferative disease)
  • အချိုစားသုံးမှုများခြင်း (High fructose intake)
  • မွေးရာပါ ဇီဝကမ္မမူမမှန်ရောဂါအချို့ (ဥပမာ – Lesch-Nyhan syndrome) တို့ဖြစ်ကြသ

ကျောက်ကပ်မှ ယူရစ်အက်ဆစ်စွန့်ထုတ်မှု နည်းစေသော အကြောင်းရင်းများ

  • ကျောက်ကပ်လုပ်ငန်းအားနည်းခြင်း (Renal failure)
  • အရက်သောက်ခြင်း (Alcohol)
  • ခဲဆိပ်သင့်ခြင်း (Lead toxicity)
  • အချို့သောဆေးများ
    • ဆီးဆေးများ (Thiazide and loop diuretics)
    • သွေးကျဲဆေး (Low dose aspirin)
    • သွေးပေါင်ကျဆေး (ACE inhibitor)
    • တီဘီရောဂါကုသဆေး (Pyrazinamide)
    • ကင်ဆာဆေးသွင်းကုသခြင်း (Cancer chemotherapy)
    • ကိုယ်ခံအားချဆေး (Ciclosporin)

ဂေါက်‌ရောဂါ ဖြစ်နိုင်ခြေများသူများ

  • အမျိုးသားများ (အသက် ၃၀ နှင့် ၅၀ ကြား)
  • သွေးဆုံးပြီးသော အမျိုးသမီးများ
  • မိသားစုဝင်များတွင် ဂေါက်‌ရောဂါရှိသူများ
  • ကိုယ်အလေးချိန်များသူများနှင့် အဝလွန်ရောဂါရှိသူများ
  • သွေးတိုးရောဂါရှိသူများ
  • ဆီးချိုရောဂါရှိသူများ
  • နှလုံးနှင့် ကျောက်ကပ်ရောဂါရှိသူများ
  • သွေးကင်ဆာရောဂါရှိသူများ
  • လတ်တလောခွဲစိတ်ထားသူများ (သို့မဟုတ်) ထိခိုက်ဒဏ်ရာရထားသူများတွင် ဂေါက်ရောဂါ ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ

‌ဂေါက်‌ရောဂါ၏ အဓိကလက္ခဏာမှာ အဆစ်ရောင်ရမ်း နာကျင်ခြင်းဖြစ်သည်။ ခြေမအရင်းပိုင်းအဆစ်တွင် အဓိကဖြစ်ပေါ် ပြီး အခြားနေရာများဖြစ်သော ခြေထောက်အ‌ရှေ့ပိုင်း၊ ခြေကျင်းဝတ်၊ ဒူးခေါင်း၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နှင့် လက်ချောင်းများတွင်လည်း ‌ရောင်ရမ်းနာကျင်နိုင်သည်။ ထိုသို့ ရောင်ရမ်းနာကျင်ခြင်းတွင်_

  1. ‌ရုတ်တရက်ဖြစ်ပေါ်လာခြင်း (Acute attack or flares)
    ရုတ်တရက် အလွန်နာကျင်ခြင်းနှင့်အတူ နီရဲရောင်ရမ်းခြင်း၊ ပူနွေးခြင်း၊ အဆစ်များတောင့်တင်းခြင်းတို့ ဖြစ်ပေါ်လာသည်။ ထိုသို့နာကျင်ခြင်းမှာ တစ်ပတ်၊ နှစ်ပတ်ခန့်ကြာပြီးနောက် ပြန်လည်သက်သာလေ့ရှိသည်။
  2. နာတာရှည်‌ဂေါက်ရောဂါ (Chronic gout)
    တစ်နှစ်တွင် အနည်းဆုံး နှစ်ကြိမ်နှင့်အထက် အဆစ်ရောင်ရမ်းနာကျင်မှုဖြစ်လျှင် နာတာရှည်ဂေါက်ရောဂါဟု ခေါ်သည်။ အချိန်ကြာလာသောအခါ အဆစ်များနှင့် အနီးတစ်ဝိုက်ရှိ အရေပြား၊ တစ်ရှူးတို့တွင် မာကျောသော ယူရစ်အက်ဆစ်အလုံးများ (တိုဖိုင်း – tophi) များဖြစ်ပေါ်လာပြီး အဆစ်ပုံစံ ပျက်စီးထိခိုက်ခြင်းများ ဖြစ်လာသည်။
နောက်ဆက်တွဲပြဿနာများ
  • မကြာခဏပြန်ဖြစ်သော ဂေါက်‌ရောဂါ (recurrent gout) ဖြစ်ပြီး မကုသလျှင် အဆစ်များပျက်စီးခြင်း
  • တိုဖိုင်း (tophi) ဖြစ်ပေါ်ခြင်း
    ဂေါက်ရောဂါကို မကုသလျှင် အရေပြားအောက်တွင် ယူရစ်အက်ဆစ်အမှုန်များ စုပုံလာသောအခါ မာကျောသော အလုံးများ (တိုဖိုင်း) ဖြစ်ပေါ်လာပြီး အဆစ်များ ပုံစံပျက်စီးထိခိုက်လာနိုင်သည်။ တိုဖိုင်းဖြစ်ပေါ်နိုင်သောနေရာများမှာ လက်ချောင်း၊ လက်၊ ခြေထောက်၊ နားရွက်၊ တံတောင်ဆစ် (သို့မဟုတ်) ခြေကျင်းဝတ်အနောက်ဘက်ရှိ ဖနောင့်ဆွဲအရွတ်တို့တွင် ဖြစ်ပေါ်နိုင်သည်။
  • ကျောက်ကပ်ကျောက်တည်ခြင်း (Kidney stone)
  • နှလုံးရောဂါဖြစ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသခြင်း

အဆစ်များ ပြင်းထန်စွာနာကျင်ခြင်း (အထူးသဖြင့် နီရဲရောင်ရမ်းခြင်း) ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသ၍ ထိ‌ရောက်သောကုသမှု ခံယူရမည်။ မကြာခဏဂေါက်ရောဂါဖြစ်ခြင်း၊ ပုံမှန်ထက် ပိုမိုနာကျင်ခြင်းတို့ ဖြစ်ပေါ်ပါကလည်း ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်၍ ကုသမှုခံယူရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဂေါက်ရောဂါကိုရှာဖွေရန် ‌ရောဂါလက္ခဏာများ သေချာစွာမေးမြန်းခြင်းနှင့် အဆစ်များကို စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်ပြီး အဆစ်အတွင်းမှ အရည်ကိုအပ်ဖြင့်စုပ်ယူ၍ ဓာတ်ခွဲခန်းသို့ပို့ပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် ယူရိတ်အမှုန်များကို ရှာဖွေခြင်းဖြင့် သိရှိနိုင်သည်။ သွေးထဲတွင် ယူရစ်အက်ဆစ်ကို တိုင်းတာခြင်းဖြင့်လည်း သိရှိနိုင်သည်။ သို့သော် ယူရစ်အက်ဆစ်တက်တိုင်း ဂေါက်ရောဂါ မခံစားရပါ။ ထို့အပြင် အဆစ်ပျက်စီးမှု အတိုင်းအတာကို သိရှိရန် ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းနှင့် ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်းတို့ကို လိုအပ်လျှင် ဆက်လက်ပြုလုပ်နိုင်သည်။

ကုသခြင်း

ဂေါက်ရောဂါကုသရာတွင်

  1. နာကျင်ရောင်ရမ်းခြင်းကို သက်သာစေရန် ကုသခြင်း
  2. သွေးတွင်း ယူရစ်အက်ဆစ်ချခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်း
  3. ခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသနိုင်သည်။

နာကျင်ရောင်ရမ်းခြင်းကို သက်သာစေရန် ကုသခြင်း
နာကျင်ရောင်ရမ်းမှုကို သက်သာစေရန် အောက်ဖော်ပြပါဆေးများကို ဆ‌ရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးနိုင်သည်။

  • အကိုက်အခဲပျောက်ဆေး (NSAIDs – ibuprofen, naproxen, indomethacin, celecoxib)
  • ထိုဆေးများသည် ‌ဘေးထွက်ဆိုးကျိုးအနေနှင့် အစာအိမ်နာခြင်း၊ သွေးထွက်ခြင်းနှင့် အစာအိမ် အနာများဖြစ်နိုင်သောကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရန်အရေးကြီးသည်
  • ကိုချီဆင်း (Colchicine – အ‌ရောင်ကျဆေး)
    ဘေးထွက်ဆိုးကျိုးအနေဖြင့် ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း ဖြစ်ပေါ်နိုင်သည်
  • စတီးရွိုက် ( Corticosteroids)
    နာကျင်မှုနှင့် ရောင်ရမ်းမှုကို ထိန်းချုပ်ပေးနိုင်ပြီး သောက်ဆေးအနေဖြင့် သောက်နိုင်သည့်အပြင် ဆရာဝန်မှ အဆစ်ထဲသို့ စတီးရွိုက်ဆေးထိုးပေးပြီး ကုသနိုင်သည်၊ စတီးရွိုက်၏ ဘေးထွက်ဆိုးကျိုးများမှာ စိတ်အနေအထားပြောင်းလဲခြင်း၊ သကြားဓာတ်မြင့်တက်ခြင်းနှင့် သွေးပေါင်ချိန်တက်ခြင်းတို့ ဖြစ်နိုင်သည်

သွေးတွင်း ယူရစ်အက်ဆစ်ချခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်း
သွေးတွင်း ယူရစ်အက်ဆစ်များလျှင် အထက်တွင်ဖော်ပြခဲ့သော ဂေါက်ရောဂါ၏ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် သွေးတွင်း ယူရစ်အက်ဆစ်ချသည့်ဆေးများကို အောက်ဖော်ပြပါ အခြေအနေများတွင် ပေးရန်လိုအပ်သည်။

  • မကြာခဏ ဂေါက်ရောဂါဖြစ်ခြင်း (တစ်နှစ်လျှင် နှစ်ကြိမ်ထက် ပိုဖြစ်ခြင်း)
  • တိုဖိုင်းရှိခြင်း
  • အဆစ်များ ထိခိုက်ပျက်စီးခြင်း
  • နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း
  • ကျောက်ကပ်ကျောက်တည်ခြင်း
  • ကင်ဆာဆေးသွင်းကုသခြင်းကြောင့် ယူရစ်အက်ဆစ်များခြင်း အစရှိသော အခြေအနေများတွင် ယူရစ်အက်ဆစ်ချသောဆေးများပေးရန် လိုအပ်သည်။

ယူရစ်အက်ဆစ်လျှော့ချသောဆေးများ

  1. ယူရစ်အက်ဆစ်ထုတ်လုပ်ခြင်းကို တားဆီးသောဆေး
    • Allopurinol
      ဘေးထွက်ဆိုးကျိုးများမှာ_ဖျားခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အသည်းရောင်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းတို့ ဖြစ်နိုင်သည်
    • Febuxostat
      ဘေးထွက်ဆိုးကျိုးများမှာ_ပျို့အန်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အသည်းလုပ်ငန်းထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်
  2. ယူရစ်အက်ဆစ်စွန့်ထုတ်ခြင်းကို အားပေးသောဆေး
    • Probenecid
      ဘေးထွက်ဆိုးကျိုးများမှာ_အဖုအပိမ့်ထွက်ခြင်း၊ အစာအိမ်နာခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းတို့ ဖြစ်နိုင်သည်
  3. အထက်ဖော်ပြပါဆေးများနှင့် မသက်သာလျှင် ပေးနိုင်သောဆေး
    • Pegloticase
      ဘေးထွက်ဆိုးကျိုးများမှာ_ဓာတ်မတည့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အစာမျိုရခက်ခဲခြင်းနှင့် ခေါင်းမူးခြင်းတို့ ဖြစ်နိုင်သည်။

အထက်ဖော်ပြပါသောက်ဆေးများနှင့် အတူ ယူရစ်အက်ဆစ်များစေနိုင်သော အစားအသောက်များကို ရှောင်ကြဥ်ခြင်း၊ ရေများများသောက်ခြင်းနှင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းတို့ကို ပြုလုပ်ပေးရန်လိုအပ်သည်။ အဆစ်များနာနေချိန်တွင် အဆစ်ကိုမြှောက်ထားခြင်း၊ ရေအေးဝတ်ကပ်ခြင်းနှင့် ပြင်းထန်သောလေ့ကျင့်ခန်း ပြုလုပ်ခြင်းမှ ရှောင်ကြဥ်ခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။

ခွဲစိတ်ကုသခြင်း
ဂေါက်ရောဂါအများစုမှာ ခွဲစိတ်ရန်မလိုအပ်ဘဲ ကုသနိုင်သည်။ သို့သော် အချိန်ကာလကြာလာလျှင် အဆစ်များ ထိခိုက်ခြင်း၊ အရွတ်များပြဲခြင်း၊ တိုဖိုင်းများ ဖြစ်ပေါ်လာခြင်းနှင့် အဆစ်များ ပုံသဏ္ဌာန် ပျက်ယွင်းလာခြင်း စသည်တို့ဖြစ်ပေါ်ပါက ခွဲစိတ်ကုသမှုများ ပြုလုပ်ရနိုင်သည်။

ကာကွယ်ခြင်း

ဂေါက်ရောဂါကို အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

  • သွေးတွင်းယူရစ်အက်ဆစ်များစေသော ပျူရင်းများသည့် အစားအသောက်များကို ကန့်သတ်စားသောက်ခြင်း
  • ကျောက်ကပ်လုပ်ငန်းများ ကောင်းမွန်စွာလုပ်ဆောင်ပြီး ယူရစ်အက်ဆစ်စွန့်ထုတ်မှုများစေရန်နှင့် ရေဓာတ်ခမ်းခြောက်ခြင်းမရှိစေရန် ‌ရေများများသောက်ခြင်း၊ ကော်ဖီ၊ အဆီထုတ်ထားသော နွားနို့သောက်ခြင်း
  • အဝလွန်ခြင်းကိုလျှော့ချရန် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
  • အရက်၊ ဘီယာ၊ အချိုရည်လျှော့သောက်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။

References:

  1. Mayo Clinic. (2022). Gout: Symptoms and causes. Mayo Clinic. Retrieved June 9, 2025, from https://www.mayoclinic.org/diseases-conditions/gout/symptoms-causes/syc-20372897
  2. Cleveland Clinic. (2023). Gout: Symptoms, treatment & prevention. Cleveland Clinic. Retrieved June 9, 2025, from https://my.clevelandclinic.org/health/diseases/4755-gout
  3. Kinman, T., & Watson, S. (2023). Gout: Symptoms, causes, and treatments. Healthline. Retrieved June 9, 2025, from https://www.healthline.com/health/gout healthlinejournal.org+9healthline.com+9youtube.com+9
  4. McIntosh, J. (2023). What to know about gout. Medical News Today. Retrieved June 9, 2025, from https://www.medicalnewstoday.com/articles/144827

Published: 30 August 2024

Last updated: 16 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.