Testicular cancer (ဝှေးစေ့ကင်ဆာ)

Testicular cancer (ဝှေးစေ့ကင်ဆာ)

အမျိုးသားများတွင်ဖြစ်ပွါးသော ကင်ဆာများ၏ (၂) ရာခိုင်နှုန်းသည် ဝှေးစေ့ကင်ဆာဖြစ်သည်။ ဝှေးစေ့တစ်ဖက်တည်းတွင် ဖြစ်လေ့ရှိသည်။ အသက်ငယ်ရွယ်သော အမျိုးသားများတွင် အဓိကတွေ့ရှိပြီး အသက် (၁၅)နှစ် မှ (၄၅)နှစ်အတွင်း အမျိုးသားများတွင် အဖြစ်အများဆုံးဖြစ်သည်။

ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်းတွင် တည်ရှိသော ဘဲဥပုံသဏ္ဌာန်အင်္ဂါဖြစ်ပြီး သုက်ကောင်လေးများနှင့် ကျားဟော်မုန်းကို ထုတ်လုပ်ပေးသည်။ သန္ဓေသားလောင်းဘဝတွင် ဝှေးစေ့ (၂) လုံးသည် ဝမ်းခေါင်းအတွင်းတွင် တည်ရှိသည်။ သန္ဓေသားဖွံ့ဖြိုးလာသည်နှင့်အတူ ယင်းဝှေးစေ့များသည် ဝမ်းခေါင်းအတွင်းမှ ပေါင်ခြံ၊ ပေါင်ခြံမှတစ်ဆင့် ကပ်ပယ်အိတ်အတွင်းသို့ တဖြည်းဖြည်း ဆင်းလာခြင်းဖြစ်သည်။

ဝှေးစေ့ကင်ဆာ အမျိုးအစားများ

အဓိက အမျိုးအစား (၂) မျိုး ရှိသည်။

  • အသက် (၂၅)နှစ် မှ (၅၀)နှစ်ကြားတွင် အဖြစ်များသော၊ ကြီးထွားနှုန်း နှေးသော Seminoma အမျိုးအစားနှင့်
  • အသက် (၁၅)နှစ် မှ (၃၅)နှစ်ကြားတွင် အဖြစ်များသော၊ ကြီးထွားနှုန်း မြန်သော Non-seminoma အမျိုးအစားတို့ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း

မူမမှန်ဆဲလ်များ အလွန်အကျွံ ဖြစ်ပေါ်ပွါးများလာခြင်းကြောင့် ကင်ဆာရောဂါ ဖြစ်ပွါးလာသည်။ ဝှေးစေ့ကင်ဆာ ဖြစ်ရခြင်းအကြောင်းရင်းကို တိတိကျကျ မသိရှိသေးသော်လည်း ဝှေးစေ့ကင်ဆာ ပိုမို ဖြစ်ပွါးစေသော အခြေအနေများကို သိရှိပြီးဖြစ်သည်။

၄င်းတို့မှာ_

  • ကပ်ပယ်အိတ် အတွင်းသို့ ဝှေးစေ့ မဆင်းခြင်း (Undescended testis)
    ဝှေးစေ့သည် သုက်ကောင်များနှင့် ကျားဟော်မုန်းကို ထုတ်ပေးသောအင်္ဂါဖြစ်သည်၊ သန္ဓေသားဘဝတွင် ဝှေးစေ့သည် ဝမ်းခေါင်းအတွင်း၌ရှိပြီး မွေးဖွားခါနီးမှ ကပ်ပယ်အိတ်တွင်းသို့ ဆင်းလာခြင်းဖြစ်သည်၊ ကပ်ပယ်အိတ်အတွင်း မဆင်းလာဘဲ ဝမ်းဗိုက်အတွင်း (သို့မဟုတ်) ပေါင်ခြံတွင် ကျန်နေလျှင် ကင်ဆာဖြစ်နိုင်ခြေ (၅) ဆပိုများသည်
  • မိသားစုတွင် ဝှေးစေ့ကင်ဆာ ဖြစ်ဖူးသူရှိခြင်း
  • မွေးရာပါ Klinefelter Syndrome ရောဂါရှိခြင်း
  • ဝှေးစေ့တစ်ဖက်တွင် ကင်ဆာဖြစ်ဖူးခြင်း
  • ဝှေးစေ့ကို ပြင်းထန်စွာ ထိခိုက်ဖူးခြင်း (သို့မဟုတ်) ပိုးဝင်ခြင်း
  • ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးရှိခြင်း စသည့်အခြေအနေများတွင် ဝှေးစေ့ကင်ဆာ အဖြစ်များသည်။
ရောဂါလက္ခဏာများ

ဝှေးစေ့ကင်ဆာရောဂါ၏ အတွေ့ရအများဆုံး လက္ခဏာမှာ နာကျင်မှု မရှိသည့် အကျိတ်တည်ခြင်း ဖြစ်သည်။ အခြား တွဲ၍ဖြစ်တတ်သော လက္ခဏာများမှာ_

  • ကပ်ပယ်အိတ်တွင် လေးလံသော အရာဝတ္ထုတစ်ခု ဆွဲထားသကဲ့သို့ ခံစားရခြင်း
  • ကပ်ပယ်အိတ်အတွင်း အရည်စုခြင်း
  • ဝမ်းဗိုက်အောက်ပိုင်းနှင့် ပေါင်ခြံတစ်ဝိုက် အောင့်ခြင်း
  • ဝှေးစေ့ သေးလှီသွားခြင်း
  • တစ်ခါတစ်ရံ ကပ်ပယ်အိတ်မှ အောင့်ခြင်း၊ နာခြင်း စသည်တို့ဖြစ်သည်။
Testicular cancer img1
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း
  • စမ်းသပ်စစ်ဆေးမှု
    လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် ကပ်ပယ်အိတ်၊ ပေါင်ခြံ စသည့်နေရာများကို စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်မည်။
  • သွေးစစ်ဆေးမှု
    ဝှေးစေ့ကင်ဆာကျိတ်သည် Alpha-fetoprotein (AFP), Human chorionic gonadotrophin (HCG)နှင့် Lactate dehydrogenase (LDH) စသည့် ဓာတ်ပစ္စည်းများ ထုတ်သဖြင့် အဆိုပါဓာတ်ပစ္စည်းများ မြင့်တက်နေခြင်း ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
  • အာထရာဆောင်း (USG) ဖြင့်စစ်ဆေးမှု
    ဝှေးစေ့ကင်ဆာကို သိရှိနိုင်ရန် ကပ်ပယ်အိတ်ကို အာထရာဆောင်းဖြင့် စစ်ဆေးခြင်းသည် အလွန်ထိရောက်သော စစ်ဆေးမှုဖြစ်သည်။
  • ဓာတ်မှန်ရိုက်စစ်ဆေးမှုများ
    ရိုးရိုးဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် (CT scan)နှင့် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ဖြစ်သည်။ အဆုတ်သို့ ကင်ဆာပျံ့နှံ့မှုကို သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန် (CT) နှင့် ရင်ဘတ်ကွန်ပျူတာဓာတ်မှန်တို့ကို ရိုက်နိုင်သည်။ ဝမ်းဗိုက်အတွင်း ကင်ဆာပျံ့နှံ့မှုကို သိရှိနိုင်ရန် ဝမ်းဗိုက်ကွန်ပျူတာဓာတ်မှန် ရိုက်နိုင်သည်။ ဦးနှောက်နှင့် အာရုံကြောမကြီးများသို့ ကင်ဆာပျံ့နှံ့သည်ဟု သံသယရှိပါက သံလိုက်ဓာတ်မှန်ရိုက်မည်ဖြစ်သည်။
  • ပေါင်ခြံမှ ဝှေးစေ့ခွဲစိတ်ဖြတ်ထုတ်ပြီး အသားစပို့စစ်ဆေးခြင်း (Biopsy)
    အာထရာဆောင်းတွင် ကင်ဆာဖြစ်ကြောင်း တွေ့ရှိလျှင် အကျိတ်ဖြစ်သည့်ဝှေးစေ့ကို ပေါင်ခြံတွင်ခွဲကြောင်းပေး၍ ဖြတ်ထုတ်ပြီး အသားစနမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းဖြစ်သည်။
ဝှေးစေ့ကင်ဆာ အဆင့်သတ်မှတ်ချက်

သင့်တော်သော ကုထုံးကို ရွေးချယ်နိုင်ရန် ကင်ဆာကျိတ်အရွယ်အစား၊ ကင်ဆာပျံ့နှံ့မှု စသည့်အချက်များအပေါ် မူတည်၍ ကင်ဆာအဆင့်ကို စစ်ဆေးသတ်မှတ်သည်။

အဆင့် (၁) – ဝှေးစေ့အတွင်း၌သာ ကင်ဆာအကျိတ်တည်ရှိသောအဆင့်
အဆင့် (၂) – ဝမ်းဗိုက်အတွင်းရှိ ပြန်ရည်ကြောအကျိတ်များသို့ ကင်ဆာဆဲလ် ပျံ့နှံ့ရောက်ရှိနေသောအဆင့်
အဆင့် (၃) – အခြားကိုယ်တွင်းအင်္ဂါများသို့ ကင်ဆာဆဲလ် ပျံ့နှံ့ရောက်ရှိနေသောအဆင့်တို့ဖြစ်သည်။

ကုသခြင်း

ဝှေးစေ့ကင်ဆာကို စောစီးစွာ ခွဲစိတ်ကုသနိုင်ခဲ့လျှင်၊ လူနာ (၉၀) ရာခိုင်နှုန်းကျော်တွင် အရှင်းပျောက်ကင်းနိုင်သည်။ လူနာ၏ ကျန်းမာရေးအခြေအနေ၊ ကင်ဆာအဆင့်၊ ကင်ဆာအမျိုးအစားနှင့် လူနာ၏ရွေးချယ်မှုတို့အပေါ် မူတည်၍ ကုသမှုပေးသည်။ ကုထုံးများမှာ_

  • ခွဲစိတ်ကုထုံး
    မည်သည့်ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်တွင်မဆို ခွဲစိတ်ကုထုံးသည် အဓိကကုထုံးတစ်ခုဖြစ်သည်။ ခွဲစိတ်သည့်နည်းများမှာ ပေါင်ခြံတွင် ခွဲကြောင်းပေးပြီး အကျိတ်တည်နေသည့် ဝှေးစေ့ကို ဖြတ်ထုတ်ပစ်ခြင်းဖြစ်သည်။ ဝှေးစေ့အား မထုတ်ပယ်မီ ဆက်သွယ်ထားသည့် သွေးကြော၊ ပြန်ရည်ကြောများကို ဦးစွာဖြတ်တောက်ထားခြင်းဖြင့် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ကင်ဆာပျံ့နှံ့ခြင်းမရှိရန် ကာကွယ်နိုင်သည်။
  • ပြန်ရည်ကြောအကျိတ်များ ခွဲစိတ်ထုတ်ခြင်း
    ကင်ဆာဆေးသွင်း ကုသပြီးသည့်တိုင် ဝမ်းဗိုက်အတွင်းရှိ ကင်ဆာပျံ့နှံ့နေသော ပြန်ရည်ကြောအကျိတ်များ ကျန်နေပါက ယင်းအကျိတ်များကို ခွဲစိတ်ထုတ်ရန် လိုအပ်သည်။
  • ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)
    ပြန်ရည်ကြောအကျိတ်များတွင် ကင်ဆာပျံ့နှံ့ရောက်ရှိနေပါက အသုံးပြုသည်။ အထူးသဖြင့် Seminoma ကင်ဆာအမျိုးအစားတွင် အထိရောက်ဆုံး ဖြစ်သည်။
  • ကင်ဆာဆေးသွင်းကုထုံး (Chemotherapy)
    ပျံ့နှံ့နေသော ကင်ဆာဆဲလ်များကို နှိမ်နင်းရန်နှင့် ကင်ဆာအကျိတ် ပြန်မဖြစ်စေရန် ကင်ဆာဆေးသွင်းခြင်းဖြစ်သည်။ Non-seminoma ကင်ဆာအမျိုးအစားတွင် အထိရောက်ဆုံးဖြစ်သည်။
ကာကွယ်ခြင်း

ဝှေးစေ့ကင်ဆာရောဂါကို ကာကွယ်၍ မရပါ။ သို့သော် ကလေးများတွင် ဖြစ်တတ်သော မွေးရာပါ ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းခြင်း ရှိပါက ဝှေးစေ့ကင်ဆာပြောင်းနိုင်ခြေ များသောကြောင့် မိသားစုဆရာဝန်နှင့် ဆောလျင်စွာ ပြသသင့်သည်။

ထို့အပြင် ဝှေးစေ့ကို မိမိဘာသာ ပုံမှန် စမ်းသပ်ခြင်းဖြင့် ဝှေးစေ့တွင် ပြောင်းလဲမှုများ၊ အကျိတ်တည်ခြင်းများကို စောစီးစွာ သိရှိနိုင်မည်ဖြစ်သည်။

ဝှေးစေ့ကို မိမိဘာသာ ပုံမှန်စမ်းသပ်ခြင်း

ပြုလုပ်ရမည့် အဆင့်များမှာ –

  • တစ်လလျှင် တစ်ကြိမ် ပုံမှန်စမ်းသပ်ပါ၊ မိသားစုထဲတွင် ဝှေးစေ့ကင်ဆာ ဖြစ်သူရှိပါက ပိုမိုဂရုပြုသင့်သည်
  • ရေနွေးသည် ကပ်ပယ်အိတ်အရေပြားများ ပျော့ပျောင်းစေသောကြောင့် ရေနွေးဖြင့် ရေချိုးပြီး စမ်းသပ်လျှင် ပိုမိုသင့်တော်သည်
  • ကြည့်မှန်ရှေ့တွင် မတ်တတ်ရပ်ပြီး ကပ်ပယ်အိတ်အရေပြားတွင် အလုံးအကျိတ်များ ရှိမရှိ ကြည့်ပါ
  • လက်ဖဝါးခွက်ဖြင့် ကပ်ပယ်အိတ်တစ်ဖက်ကို စမ်းပါ၊ ကျန်ကပ်ပယ်အိတ်တစ်ဖက်နှင့် ကွာခြားမှု ရှိမရှိ စမ်းသပ်ပါ
  • ထို့နောက် လက်ညှိုးနှင့် လက်ခလယ်ကို ဝှေးစေ့အောက်ဘက်၊ လက်မကို ဝှေးစေ့အပေါ်ဘက်တွင် ထားကာ ဝှေးစေ့တစ်လုံးချင်းစီကို လက် (၂) ဖက်ဖြင့် အလုံးအကျိတ် ရှိမရှိ စမ်းသပ်ပါ (ပုံမှန်အခြေအနေတွင် ဝှေးစေ့တစ်လုံးသည် အခြားတစ်လုံးထက် အနည်းငယ် ကြီးနေနိုင်သည်)
  • ထို့နောက် ဝှေးစေ့အနောက်ဘက်တွင် ကွေးလျက် တည်ရှိသော သုက်စုဆောင်းပြွန်ကို စမ်းသပ်ပါ
  • မသင်္ကာဖွယ် အလုံးအကျိတ်နှင့် ပြောင်းလဲမှုများ စမ်းမိပါက ဆရာဝန်နှင့် ဆောလျင်စွာ ပြသပါ

References:

  1. Mayo Clinic. (n.d.). Testicular cancer – Symptoms and causes. Retrieved June 22, 2025, from https://www.mayoclinic.org/diseases-conditions/testicular-cancer-care/symptoms-causes/syc-20352986
  2. Cleveland Clinic. (2025). Testicular cancer. Retrieved June 22, 2025, from https://my.clevelandclinic.org/health/diseases/12183-testicular-cancer
  3. National Cancer Institute. (2023). Testicular cancer treatment (PDQ®)–Patient version. Cancer.gov. Retrieved June 22, 2025, from https://www.cancer.gov/types/testicular/patient/testicular-treatment-pdq#section/all?redirect=true
  4. Noel, J. (2022). Testicular tumours. In Oxford handbook of clinical surgery (5th ed., pp. 482–483). Oxford University Press.

Published: 30 August 2024

Last updated: 21 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.