Acromegaly (ခြေလက်ခန္ဓာ မူမမှန်ထွားကြိုင်းရောဂါ)

Acromegaly (ခြေလက်ခန္ဓာ မူမမှန်ထွားကြိုင်းရောဂါ)

ဦးနှောက်၏ အောက်ခြေပိုင်းတွင်ရှိသော ပီကျူတရီဂလင်း (Pituitary gland) မှ ကြီးထွားမှုဟော်မုန်း (Growth hormone, GH) ကို ပုံမှန်ထက် အဆမတန်များစွာ ပိုမိုထုတ်သည့်အခါ လူ့ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော ကြီးထွားမှုများ ဖြစ်ပေါ်လာခြင်းကို Acromegaly ဟုခေါ်သည်။ ထိုရောဂါမှာ ရှားပါးသော်လည်း ပြင်းထန်သည့်ဝေဒနာများ ဖြစ်စေနိုင်ပြီး ကုသမှုမခံယူပါက အသက်ပါ ဆုံးရှုံးနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပီကျူတရီဂလင်းမှ ထုတ်သော ကြီးထွားမှုဟော်မုန်း (GH) ၏လှုံ့ဆော်မှုကြောင့် အသည်းမှ IGF-1 ဟုခေါ်သည့် နောက်ထပ်ဟော်မုန်းတစ်မျိုး ထွက်လာကာ ခန္ဓာကိုယ်၏ အရိုးနှင့်တစ်ရှူးများ ကြီးထွားမှုကို ဖြစ်ပေါ်စေသည်။ ကြီးထွားမှုဟော်မုန်းများလျှင် Acromegaly ၏ ရောဂါလက္ခဏာနှင့် ပီကျူတရီဂလင်းမှ ထုတ်သော ကြီးထွားမှုဟော်မုန်း (GH) ၏လှုံ့ဆော်မှုကြောင့် အသည်းမှ IGF-1 ဟုခေါ်သည့် နောက်ထပ်ဟော်မုန်းတစ်မျိုး ထွက်လာကာ ခန္ဓာကိုယ်၏ အရိုးနှင့်တစ်ရှူးများ ကြီးထွားမှုကို ဖြစ်ပေါ်စေသည်။ ကြီးထွားမှုဟော်မုန်းများလျှင် Acromegaly ၏ ရောဂါလက္ခဏာနှင့် နောက်ဆက်တွဲပြသနာများ ဖြစ်ပေါ်လာသည်။ ကြီးထွားမှုဟော်မုန်း (GH) များစွာထွက်စေနိုင်သော အဓိကအကြောင်းရင်းမှာ ပီကျူတရီဂလင်းတွင် ကင်ဆာမဟုတ်သော အကျိတ်​ဖြစ်ခြင်းကြောင့်ဖြစ်ပြီး အချို့လူနည်းစုတွင် အဆုတ်နှင့်ပန်ကရိယမှ အကျိတ်များကြောင့်လည်း ဖြစ်တတ်သည်။

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ဘဲ အချိန်ကာလကြာမြင့်စွာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သည်။

  • လက်နှင့်ခြေထောက်များ ကြီးလာခြင်း (အဖြစ်များသော လက္ခဏာဖြစ်ပြီး ဖိနပ်အရွယ်အစား ကြီးလာခြင်းနှင့် လက်စွပ်ကျပ်လာခြင်း၊ လက်စွပ်ဝတ်၍ မတော်တော့ခြင်းများကို စတင်သတိပြုမိနိုင်သည်)
Acromegaly img2
  • တဖြည်းဖြည်းချင်း မျက်နှာပုံသဏ္ဌာန် ပြောင်းလဲလာခြင်း (အောက်မေးရိုးနှင့် မျက်ခုံးရိုးများ ငေါထွက်လာခြင်း၊ နှာခေါင်း၊ နှုတ်ခမ်း၊ လျှာနှင့် သွားများ ကြီးလာခြင်း)
  • အရေပြားကြမ်းပြီး ထူထဲလာခြင်း
  • ချွေးထွက်များလာခြင်း
  • အရေပြားတွင် အဖုများထွက်လာခြင်း
  • မောပန်းလွယ်ခြင်း
  • ကြွက်သားအားနည်းခြင်း
  • အဆစ်များနာကျင်ခြင်း
  • အသံပြောင်းခြင်း
  • အိပ်နေစဥ် အလွန်ဟောက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အမြင်အာရုံချို့တဲ့ခြင်း
  • အမျိုးသမီးများတွင် ရာသီစက်ဝန်း မမှန်ခြင်းနှင့် အမျိုးသားများတွင် ပန်းသေပန်းညှိုးဖြစ်ခြင်းစသည်တို့ ဖြစ်ပေါ်လာနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ဤရောဂါ၏ နောက်ဆက်တွဲပြဿနာများမှာ_

  • သွေးတိုးရောဂါ
  • သွေးတွင်းအဆီဓာတ်များခြင်း
  • နှလုံးကြီးခြင်း
  • အမျိုးအစား (၂) ဆီးချိုရောဂါ
  • လည်ပင်းကြီးရောဂါ
  • အူမကြီးတွင် ကင်ဆာဖြစ်စေနိုင်သော အလုံးအဖု (polyp) များဖြစ်ပေါ်ခြင်း
  • အိပ်နေစဥ် အသက်ရှူ မကြာခဏရပ်သွားခြင်း (Sleep apnoea)
  • လက်ကောက်ဝတ်ရှိ အာရုံကြောပိမိခြင်းကြောင့် လက်နှင့် လက်ချောင်းများ ထုံကျဥ် ကိုက်ခဲခြင်း (Carpal tunnel syndrome)
  • ကျောရိုးရှိ အာရုံကြောမကြီး ပိမိခြင်း
  • အမြင်အာရုံ ဆုံးရှုံးခြင်းတို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် အခြေခံ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ပြုလုပ်ပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်စစ်ဆေးခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ နောက်ဆက်တွဲပြသနာများမှာ အသက်အန္တရာယ် ရှိနိုင်သောကြောင့် ဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် နားလည်တတ်ကျွမ်းသော ဆရာဝန်များမှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ သေချာစွာ စမ်းသပ်ခြင်း၊ ယခင်ကရိုက်ခဲ့ဖူးသော ဓာတ်ပုံအဟောင်းများနှင့် ယခုလက်ရှိပုံစံကို နှိုင်းယှဥ်ကြည့်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ သွေးထဲရှိ ကြီးထွားမှုဟော်မုန်း (GH) နှင့် IGF-1 ဟော်မုန်းများ တိုင်းတာခြင်း၊ လိုအပ်ပါက ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI) များကို ရိုက်နိုင်သည်။ ထို့အပြင် အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)၊ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Colonoscopy) နှင့် အိပ်နေစဥ် အသက်ရှူရပ်ခြင်းကို စစ်ဆေးခြင်း (Sleep study) တို့ကိုလည်း လိုအပ်လျှင် ပြုလုပ်လိမ့်မည်။

ကုသခြင်း

ကုသနိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ခွဲစိတ်၍ အကျိတ်ဖယ်ရှားခြင်း
    Transsphenoidal surgery နည်းဖြင့် ခွဲစိတ်နိုင်သည်။ အကျိတ်ကို ခွဲစိတ်လိုက်ခြင်းအားဖြင့် ကြီးထွားမှုဟော်မုန်း (GH) ပုံမှန်ပြန်ဖြစ်နိုင်သလို အကျိတ်၏ ဖိအားကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းနှင့် အမြင်ထိခိုက်ခြင်း လက္ခဏာများကိုလည်း သက်သာနိုင်စေသည်။
  2. ကြီးထွားမှုဟော်မုန်း (GH) ကို ပုံမှန်ပမာဏဖြစ်အောင် ထိုးဆေး၊ သောက်ဆေးများပေးခြင်း
    • Somatostatin analogues (e.g., Octreotide, Lanreotide)
    • Dopamine agonists (e.g., Cabergoline, Bromocriptine)
    • Growth hormone antagonist (e.g., Pegvisomant) စသောဆေးများ ပေးခြင်းဖြင့် ဟော်မုန်းပမာဏကို နည်းစေခြင်း (သို့မဟုတ်) ဟော်မုန်း၏ အာနိသင်နည်းအောင် ပြုလုပ်နိုင်သည်။
  3. ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
    အကျိတ်ကို ခွဲစိတ်ပြီးနောက် ဓာတ်ရောင်ခြည်ပေးခြင်းဖြင့် ကျန်ရှိနေနိုင်သော အကျိတ်များကို ပျက်စီးစေသည်၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူသူများသည် အခြားဟော်မုန်းများအတွက်လည်း ပုံမှန်စစ်ဆေးခြင်း ခံယူသင့်သည်။
ကာကွယ်ခြင်း

ဤရောဂါကို ကာကွယ်နိုင်သောနည်းလမ်း ယခုထိ မရှိသေးပါ။

References:

  1. Cleveland Clinic. (n.d.). Acromegaly. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/17743-acromegaly
  2. Hopkins Medicine. (n.d.). Acromegaly. Retrieved July 26, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/acromegaly
  3. Mayo Clinic. (n.d.). Acromegaly: Symptoms & causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/acromegaly/symptoms-causes/
  4. NHS (UK). (n.d.). Acromegaly. Retrieved July 26, 2025, from https://www.nhs.uk/conditions/acromegaly

Published: 30 August 2024

Last updated: 8 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.