ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းဆိုသည်မှာ အမြင်အာရုံ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အလုံးစုံကို လျင်မြန်စွာ ဆုံးရှုံးရခြင်းဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည် မိနစ်ပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ဖြစ်နိုင်သည်။ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး ဖြစ်နိုင်ပြီး အရေးပေါ်အခြေအနေတစ်ခုဖြစ်၍ ချက်ချင်းကုသမှု ခံယူရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရုတ်တရက် အမြင်အာရုံ ဆုံးရှုံးရခြင်းတွင် ယေဘုယျအားဖြင့် အကြောင်းရင်း (၃) ခုရှိသည်။
- မျက်လုံးအတွင်း အလင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် ပြဿနာရှိခြင်း
အလင်းသည် မျက်စိမြင်လွှာသို့မရောက်မီ အရှေ့ဘက်တွင်ရှိသော မျက်ကြည်လွှာ၊ မှန်ဘီလူးနှင့် မျက်လုံးအတွင်းရှိ ဂျယ်လီကဲ့သို့ အရာဝတ္ထုများကို ထွင်းဖောက်ဖြတ်သန်းသွားရသည်။ ထိုသို့ အလင်း ဖြတ်သန်းမှုကို တားဆီးပိတ်ဆို့ထားသည့် ရောဂါအခြေအနေများသည် အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်စေသည်။ ဥပမာ_- မျက်ကြည်လွှာနှင့် မှန်ဘီလူးကြားရှိ မျက်လုံး၏ အစိတ်အပိုင်းများ ရောင်ရမ်းခြင်း (Uveitis)
- မျက်လုံးအတွင်းရှိ ဂျယ်လီကဲ့သို့ အရာထဲတွင် သွေးထွက်ခြင်း (Vitreous haemorrhage)
- မျက်စိအတွင်း ရုတ်တရက် ရေပေါင်များလာခြင်း [ဥပမာ _ မျက်စိရေတိမ်ရောဂါ (Acute Glaucoma)]
- မျက်ကြည်လွှာ အနာဖြစ်ခြင်း
- မျက်စိ ထိခိုက်ဒဏ်ရာရခြင်း
- မှန်ဘီလူး ရုတ်တရက်နေရာလွဲခြင်း (Lens dislocation)
- မြင်လွှာတွင် ပြဿနာရှိခြင်း
- မြင်လွှာ ကွာကျခြင်း (Retinal detachment)
- မြင်လွှာအတွင်းသို့ ပိုးဝင်ခြင်းနှင့် သွေးထွက်ခြင်း
- မြင်လွှာ၏ အဓိကသွေးကြောများ ပိတ်ဆို့ခြင်း
- အမြင်အာရုံကြောသို့လာသော သွေးကြော ပိတ်ဆို့ခြင်း
- ရုတ်တရက် ပြင်းထန်စွာ သွေးတိုးခြင်း
- မျက်လုံးမှ ဦးနှောက်ဆီသို့ အမြင်အာရုံအချက်ပြမှုများ သယ်ဆောင်ပေးသော အာရုံကြောများနှင့် ဦးနှောက်၏ အမြင်အာရုံခံ အစိတ်အပိုင်းများတွင် ပြဿနာရှိခြင်း
မျက်စိအာရုံကြော (Optic nerve) သည် အမြင်အာရုံများကို ဦးနှောက်အနောက်ဘက် (Occipital lobe)ရှိ အမြင်အာရုံခံ အစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည်။ အဆိုပါ အာရုံကြော လမ်းကြောင်းတစ်လျှောက် ရုတ်တရက်ဖြစ်သော ရောဂါများကြောင့်လည်း အမြင်အာရုံဆုံးရှုံးနိုင်သည်။ ဥပမာ_- မျက်စိအာရုံကြောရောင်ခြင်း (Optic neuritis)
- မျက်စိအာရုံကြောရှိ သွေးကြောပိတ်ခြင်း (Ischaemic optic neuropathy)
- ဆေးဝါးတချို့ (ဥပမာ – ethambutol)၊ မက်သနော (methanol) စသည်တို့ကြောင့် အာရုံကြောပျက်စီးခြင်း
- ပီကျူထရီအကျိတ်အတွင်း ရုတ်တရက်သွေးထွက်ခြင်း (အာရုံကြောကို ဖိနိုင်သည်)
- လေဖြတ်ခြင်း (Stroke)
- ယာယီသွေးကြောပိတ်ခြင်း (Transient ischaemic attack – TIA)
ရောဂါလက္ခဏာများ
ကနဦးရောဂါလက္ခဏာ တစ်စုံတစ်ရာဖြစ်ခြင်းမရှိဘဲ ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်း ဖြစ်နိုင်သကဲ့သို့ နောက်ခံအခြေအနေများ၏ လက္ခဏာများကိုပါ ပူးတွဲတွေ့ရှိနိုင်သည်။ ဥပမာ _ မျက်စိပိုးဝင်ခြင်းတွင် မျက်စိနီခြင်း၊ မျက်လုံးအောင့်ခြင်း၊ နာခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းကိုက်ခြင်းများ ခံစားရလေ့ရှိပြီး အချို့တွင်မူ မျက်စိအတွင်း လျှပ်ပြက်သကဲ့သို့ လင်းလက်သွားခြင်း၊ အမည်းစက်များ မြင်ရခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် ဆီးချို၊ သွေးတိုး၊ SLE စသော နောက်ခံရောဂါတို့၏ အခြားလက္ခဏာများလည်း တွေ့နိုင်သည်။ နောက်ခံအကြောင်းရင်းပေါ် မူတည်၍ အမြင်အာရုံဆုံးရှုံးခြင်းနှင့်အတူ မျက်လုံးနာကျင်ကိုက်ခဲခြင်းကိုပါ ပူးတွဲခံစားရနိုင်သည်။
ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းသည် မျက်လုံးနှစ်ဖက်လုံးဖြစ်လျှင် သို့မဟုတ် အလုံးစုံ ဆုံးရှုံးခြင်းဖြစ်လျှင် အလွယ်တကူ သိရှိနိုင်သည်။ သို့သော် မျက်စိမြင်ကွင်း၏ တစ်စိတ်တစ်ပိုင်းသာ ထိခိုက်ခြင်း [ဥပမာ _ ဘေးဘက်များမမြင်ရဘဲ အလယ်တည့်တည့်ဧရိယာသာ မြင်ရခြင်း – Tunnel vision နှင့် မျက်လုံး၏ အပေါ် (သို့မဟုတ်) အောက်ဘက်ထောင့်ဘက်များတွင် မြင်ကွင်းချို့ယွင်းမှု – Quadrantanopia] များဖြစ်လျှင် အချိန်ကြာမှ သတိထားမိခြင်းများ ရှိနိုင်သည်။ အချို့တွင် ပုံမှန်လုပ်ဆောင်မြဲလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲဖြစ်မှ သတိထားမိနိုင်သည် (ဥပမာ _ လှေကားဆင်းရာ၌ ခက်ခဲခြင်း)။
အမြင်အာရုံချို့ယွင်းမှုသည် လူကြီးများတွင် စောစီးစွာ သတိပြုမိနိုင်သော်လည်း ကလေးငယ်များတွင် အချိန်ကြာမြင့်မှ သိရနိုင်သည်။ စာမရေးနိုင်ခြင်း၊ အရာဝတ္ထုများ အလွယ်တကူ မမြင်တွေ့ရခြင်း၊ မကြာခဏ ခလုတ်တိုက်ခြင်းမှသည် အသက်တစ်နှစ်အောက် ကလေးများတွင် အလင်းရောင်နှင့် အရာဝတ္ထုများ (အရုပ်များ) ကို လိုက်လံကြည့်ရှုမှု မရှိတော့ခြင်းများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အမြင်အာရုံ ရုတ်တရက် ဆုံးရှုံးခြင်းကို ခံစားရပါက သို့မဟုတ် သံသယရှိပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အရေးပေါ် ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သည်။ ထို့ကြောင့် ဤအခြေအနေကြုံတွေ့လျှင် ဆေးရုံအရေးပေါ် ဌာနသို့ ချက်ချင်း သွားရောက်ပြသခြင်း သို့မဟုတ် မျက်စိဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ခြင်းများ လိုအပ်သည်။ အချို့ရောဂါများသည် စောစီးစွာ သိရှိကုသပါက အမြင်အာရုံ ပုံမှန်ပြန်လည်ရရှိနိုင်သည်။
ရောဂါရှာဖွေခြင်း
မျက်စိဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် မျက်စိ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက အောက်ပါစစ်ဆေးမှုများဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။
- အလင်းကွဲကြောင်း ထုတ်လွှတ်သည့် ကိရိယာဖြင့် စစ်ဆေးခြင်း (Slit-Lamp Examination)
- မျက်လုံးအတွင်းဖိအား တိုင်းတာခြင်း (Tonometry – IOP measurement)
- မျက်လုံး ပုံရိပ်ဖော်စစ်ဆေးခြင်းများ – Fundus photography,Optical Coherence Tomography, Orbital MRI
- မျက်စိအာရုံကြော အမြင်အာရုံစီးဆင်းမှုကို တိုင်းတာခြင်း (Visual Evoked Potential)
- မြင်လွှာ၏ လုပ်ဆောင်မှုများကို စစ်ဆေးခြင်း (Electroretinogram)
- နောက်ခံရောဂါပေါ် မူတည်ပြီး လိုအပ်သော သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြစ်သည်။
ကုသခြင်း
ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းသည် အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ခုဖြစ်ပြီး အမြင်အာရုံ ပြန်လည်ရရှိစေရန်အတွက် စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ကုသမှုရရှိခြင်းတို့သည် အရေးကြီးသည်။ ကုသမှုသည် အမြင်အာရုံဆုံးရှုံးမှုကို ဖြစ်စေသည့် ရောဂါအခြေအနေပေါ် မူတည်သည်။ ဥပမာ _
- မျက်ကြည်လွှာကွာကျခြင်း (Retinal detachment) အတွက် အရေးပေါ် မျက်စိခွဲစိတ်ကုသခြင်း
- မျက်စိအာရုံကြောရောင်ရမ်းခြင်း (Optic neuritis)၊ သွေးကြောရောင်ရမ်းခြင်း (Giant cell arteritis) များအတွက် ရောင်ရမ်းမှုကိုလျှော့ချပေးသော စတီးရွိုက်ဆေးများ
- ရုတ်တရက်ဖြစ်သောရေတိမ် (Acute angle – closure glaucoma) အတွက် မျက်လုံးအတွင်းဖိအားကို အလျင်အမြန် လျှော့ချပေးသော ဆေးဝါးများ
- ရောဂါပိုးဝင်ခြင်းကို ကုသရန် ပဋိဇီဝပိုးသတ်ဆေးများ စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း
ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းကို လျှော့ချနိုင်ရန် အောက်ဖော်ပြပါအချက်များ ပြုလုပ်နိုင်သည်။
- မျက်စိအတွက် အန္တရာယ်ရှိသော လုပ်ငန်းခွင် သို့မဟုတ် အားကစားပွဲကဲ့သို့ နေရာများတွင် လိုအပ်သည့် မျက်စိကာကွယ်ရေးပစ္စည်းများ (ဥပမာ – eyeglasses, eye shields and goggles) ကို သေချာဝတ်ဆင်ခြင်း
- မျက်လုံးများကို လက်ဖြင့် မကြာခဏပွတ်ခြင်းမှ ရှောင်ကြဥ်ခြင်း
- မျက်လုံးကို လက်ဖြင့် မထိခင် လက်ကို စနစ်တကျ ဆေးကြောခြင်း
- မျက်ကပ်မှန်များ တပ်ဆင်အသုံးပြုခြင်းနှင့် မျက်ကပ်မှန် သန့်ရှင်းရေးလုပ်ခြင်းများကို ညွှန်ကြားချက်များအတိုင်း လိုက်နာခြင်း (Contact lens)
- အမြင်အာရုံထိခိုက်စေသော ဆေးဝါးများ သောက်သုံးနေရပါက ပုံမှန်မျက်စိစစ်ဆေးခြင်း
- ဆီးချို သို့မဟုတ် သွေးတိုးကဲ့သို့သော နာတာရှည်ရောဂါများ ရှိပါက ဆရာဝန်နှင့် သေချာပြသ၍ စနစ်တကျ ထိန်းသိမ်းခြင်း၊ ပုံမှန်မျက်စိစစ်ဆေးခြင်း
- ရုတ်တရက်ပေါ်လာသော မည်သည့် အမြင်အာရုံလျော့နည်း ပြောင်းလဲမှုမဆို သာမန်ဟုသဘောမထားဘဲ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် စောစီးစွာပြသခြင်း
References:
- UpToDate. (n.d.). Diagnostic approach to acute vision loss in children. UpToDate. Retrieved August 26, 2025, from https://www.uptodate.com/contents/diagnostic-approach-to-acute-vision-loss-in-children
- MSD Manual. (n.d.). Sudden vision loss. MSD Manual. Retrieved August 26, 2025, from https://www.msdmanuals.com/home/eye-disorders/symptoms-of-eye-disorders/sudden-vision-loss
- Cleveland Clinic. (n.d.). Sudden vision loss. Cleveland Clinic. Retrieved August 26, 2025, from https://my.clevelandclinic.org/health/symptoms/24803-sudden-vision-loss
- JAMA Network. (2017). Sudden vision loss. JAMA, 318(21), 2085. Retrieved August 26, 2025, from https://jamanetwork.com/journals/jama/fullarticle/2647871
Published: 30 August 2024
Last updated: 13 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.