Vaginal discharge (မိန်းမကိုယ်မှ အဖြူဆင်းခြင်း)

Vaginal discharge (မိန်းမကိုယ်မှ အဖြူဆင်းခြင်း)

မိန်းမကိုယ်မှ အဖြူဆင်းခြင်းသည် အမျိုးသမီးများ ကြုံတွေ့ရလေ့ရှိသည့် ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ အမျိုးသမီး တစ်ဦးနှင့်တစ်ဦး အဖြူဆင်းသည့် ပမာဏ၊ စေးပျစ်မှုနှင့် အကြိမ်ရေ မတူညီကြပါ။ အများအားဖြင့် အဖြူဆင်းသော်လည်း ယားခြင်း၊ နာကျင်ခြင်း၊ အနံ့ဆိုးထွက်ခြင်း မရှိလျှင် စိုးရိမ်ရန်မလိုပေ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အမျိုးသမီး၏ ယောနိလမ်းကြောင်းတွင် ပုံမှန်စိုစွတ်မှုရှိစေရန် အရည်လွှာခပ်ပါးပါးရှိသည်။ ထိုအရည်သည် သားအိမ်နှင့် သားအိမ်ခေါင်း၏ အကျိတ်ဂလင်းတို့မှ ထုတ်သော ချွဲရည်ကြည်များနှင့် မွေးလမ်းကြောင်း၏ အတွင်းသားနံရံတို့မှ စိမ့်ထွက်လာသော ချွဲရည်ကြည်များဖြစ်သည်။ ထိုအရည်များသည် အမျိုးသမီးမျိုးပွားလမ်းကြောင်းကို ချောမွေ့စေခြင်း၊ ရောဂါပိုးမွှားများ ကပ်ငြိခြင်းမှ ကာကွယ်ခြင်း လုပ်ဆောင်ပေးသည်။

အမျိုးသမီး၏ မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်းသည် ဓမ္မတာ မလာမီ၊ မျိုးဥကြွေချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ လိင်စိတ်ကြွချိန်တို့တွင် ပုံမှန်အားဖြင့် များတတ်သည်။ ထို့အပြင် အောက်ပါအချက်များကြောင့် အဖြူဆင်းခြင်း များတတ်သည်။

  • မိန်းမကိုယ် အတွင်းပိုင်းကို ဆပ်ပြာရည်၊ သန့်ရှင်းဆေးရည်ဖြင့် အလွန်အကျွံဆေးခြင်း၊ ဆေးရည်နှင့် ဓာတ်မတည့်ခြင်း
  • သားဆက်ခြားဆေးကတ်များ သောက်ခြင်း
  • ပဋိဇီဝပိုးသတ်ဆေးများ သောက်ခြင်း
  • လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ခြင်း [ဥပမာ _ ဂနိုဆီးပူညောင်းကျရောဂါ (Gonorrhoea)၊ ကယ်လ်မိုင်းဒီးယားရောဂါ (Chlamydia)၊ ထရိုင်ကိုမိုးနတ်စ်ရောဂါ (Trichomoniasis)]
  • အခြားမွေးလမ်းကြောင်း ရောဂါပိုးဝင်ခြင်းများ (ဥပမာ _ ကန်ဒီဒါမှိုပိုးဝင်ခြင်း (Candidiasis)၊ မိန်းမကိုယ်တွင် ဘက်တီးရီးယားပိုးဝင်ခြင်း)
  • တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ (Pelvic inflammatory disease)
  • အမျိုးသမီး မျိုးပွားလမ်းကြောင်းကင်ဆာ
  • ဆီးချိုရောဂါ
  • မွေးလမ်းကြောင်း ခြောက်ခြင်း
  • မွေးလမ်းကြောင်းတွင် ပြင်ပပစ္စည်းများကျန်နေခြင်း (ဥပမာ – Tampon)
ရောဂါလက္ခဏာများ

ပုံမှန်ဇီဝကမ္မဖြစ်စဉ်ကြောင့် အဖြူဆင်းခြင်း ရှိတတ်သော်လည်း အမျိုးသမီး၏ ဟော်မုန်းပြောင်းလဲမှုပေါ် မူတည်၍ တစ်ဦးနှင့်တစ်ဦး ကွာခြားမှုရှိသည်။ အောက်ပါအချက်များရှိပါက စိတ်ပူစရာမလိုပါ။

  • အရောင်သည် အကြည်ရောင်၊ နို့နှစ်ရောင် သို့မဟုတ် အဖြူနောက်နောက်ဖြစ်ခြင်း
  • စေးပျစ်မှုအနေနှင့် ရေကဲ့သို့ ခပ်ကျဲကျဲအနေအထားမှ ခပ်ပျစ်ပျစ်အနေအထားအထိ ရှိနိုင်ခြင်း
  • အနံ့အနည်းငယ်ရှိသော်လည်း မစူးရှခြင်း

အဖြူဆင်းခြင်းနှင့်တွဲ၍ အောက်ပါလက္ခဏာများ တွေ့ရှိလျှင် ရောဂါကြောင့် ဖြစ်နိုင်သည်။

  • ပြည်ကဲ့သို့ အရည်များဆင်းခြင်း၊ မိန်းမကိုယ်တစ်ဝိုက်နာကျင်ခြင်း၊ ဆီးပူဆီးကျဥ်ခြင်း၊ ဆီးစပ်ကိုက်ခြင်း – ဂနို ဆီးပူညောင်းကျရောဂါ
  • အဖြူနောက်နောက် သို့မဟုတ် အဝါ သို့မဟုတ် အဖြူညစ်ညစ်အရောင် အရည်ဆင်းခြင်း၊ ဆီးပူဆီးကျင်ခြင်း၊ ဆီးစပ်ကိုက်ခြင်း – ကယ်လ်မိုင်းဒီးယားရောဂါ
  • အဖြူခပ်နောက်နောက်၊ မီးခိုးရောင်ညစ်ညစ် သို့မဟုတ် အစိမ်းရောင်သမ်းသည့် ခပ်ကျဲကျဲ ချွဲသောအဖြူဆင်းခြင်း၊ ငါးညှီနံ့ကဲ့သို့ ညှီစို့စို့ အနံ့ပြင်းပြင်း နံနေခြင်း – မိန်းမကိုယ်တွင် ဘက်တီးရီးယားပိုးဝင်ခြင်းရောဂါ (Bacterial vaginosis)
  • ဆင်းသည့်အဖြူရည်တွင် အမြှုပ်များ ပါနေခြင်း၊ မိန်းမကိုယ် အလွန်ယားခြင်း၊ ဆီးပူဆီးကျဥ်ခြင်း – ထရိုင်ကိုမိုးနတ်စ်ရောဂါ
  • အဖြူပျစ်ပျစ်ခဲခဲများ ဆင်းခြင်း၊ မိန်းမကိုယ်တစ်ဝိုက် အလွန်ယားယံခြင်း – ကန်ဒီဒါမှိုပိုးဝင်ခြင်းရောဂါ
  • ဖျားခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ခါးအောက်ပိုင်းကိုက်ခြင်း – သားအိမ်နှင့် တစ်ဝိုက်ရောင်ခြင်း
  • သွေးဆင်းခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ခါးအောက်ပိုင်းကိုက်ခြင်း၊ အပုပ်နံ့နံသည့် အရည်များ ဆင်းခြင်း – သားအိမ်နှင့် သားအိမ်ခေါင်းကင်ဆာ
  • ရေကဲ့သို့ အရည်များ အများအပြားဆင်းခြင်း – သားဥပြွန်ကင်ဆာ
  • သွေးဆုံးပြီး အမျိုးသမီးများတွင် တွေ့ရပြီး မိန်းမကိုယ် ယားယံခြင်းရှိသည် – မွေးလမ်းကြောင်းခြောက်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အဖြူဆင်းခြင်းသည် အများအားဖြင့် အမျိုးသမီးတို့၏ ဇီဝဖြစ်စဉ် ပြောင်းလဲခြင်းဖြစ်၍ စိုးရိမ်ရန်မလိုပါ။ သို့သော် အဖြူဆင်းသည့်အချိန်တွင် အထက်ဖော်ပြပါ ယှဉ်တွဲလက္ခဏာများရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ကုသမှု ခံယူသင့်သည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ မိန်းမကိုယ်ကို ကြည့်ရှုစမ်းသပ်ခြင်း၊ လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးခြင်းနှင့် အာထရာဆောင်းရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ မီးယပ်ရောဂါအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ကုသခြင်း

ရောဂါအရင်းခံပေါ် မူတည်၍ ကုသကြသည်။

  1. မိန်းမကိုယ်အတွင်းပိုင်းကို ဆပ်ပြာရည်၊ သန့်ရှင်းဆေးရည်ဖြင့် အလွန်အမင်းဆေးခြင်းကို ရှောင်ကြဉ်ရမည်
  2. ဆေးကြောင့်ဖြစ်သည်ဟု တွေ့ရှိပါက ဆရာဝန်မှ ဆေးများကို ပြန်လည်စိစစ်ပြီး ပြောင်းလဲမည်
  3. ရောဂါပိုးမွှားများကြောင့်ဖြစ်ပွါးလျှင် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသမည်
  4. အမျိုးသမီး မျိုးပွါးလမ်းကြောင်းကင်ဆာ _ ကင်ဆာ အမျိုးအစားနှင့်အဆင့်ပေါ် မူတည်၍ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးသွင်းကုသခြင်းတို့ကို ပြုလုပ်ကြသည်
  5. ဆီးချိုရောဂါရှိပါက ထိန်းညှိကုသရမည်
  6. မွေးလမ်းကြောင်း ခြောက်ခြင်းတွေ့ရှိပါက ဟော်မုန်းဆေးဖြင့် ကုသနိုင်သည်
  7. မွေးလမ်းကြောင်းတွင် ပြင်ပပစ္စည်းများကျန်နေခြင်း ရှိမရှိ စစ်ဆေးပြီး တွေ့ပါက ဖယ်ထုတ်ရမည်
ကာကွယ်ခြင်း
  • ပေါ့ပါးသော အတွင်းခံ ဝတ်ဆင်ပါ
  • အနံ့ပါသော ဆပ်ပြာအပြင်းများနှင့် အမျိုးသမီးသုံး သန့်ရှင်းရေးပစ္စည်းများကို ရှောင်ကြဉ်ပါ
  • မိန်းမကိုယ်အတွင်းပိုင်းသို့ အလွန်အကျွံဆေးခြင်း (douching) ရှောင်ကြဉ်ပါ
  • ဆီးသွားပြီးလျှင် ရှေ့မှနောက်သို့ ဆေးကြောပါ၊ သန့်ရှင်းသောရေကိုသာ သုံးပါ
  • အိမ်သာသွားစဉ် မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ပါ
  • လိင်အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ပါ၊ လိင်ဆက်ဆံစဉ် အကာအကွယ် (ကွန်ဒုံး) သုံးပါ

References:

  1. Cleveland Clinic. (2022). Vaginal discharge: Causes, colors, what it means. Retrieved August 19, 2025, from https://my.clevelandclinic.org/health/symptoms/4719-vaginal-discharge
  2. WebMD. (2025). Vaginal discharge: What’s abnormal? Retrieved August 19, 2025, from https://www.webmd.com/women/vaginal-discharge-whats-abnormal
  3. National Health Service (NHS). (2024). Vaginal discharge: When to see a GP. Retrieved August 19, 2025, from https://www.nhs.uk/symptoms/vaginal-discharge/
  4. Sharkey, L. (2023). Everything you need to know about vaginal discharge. Healthline. Retrieved August 19, 2025, from https://www.healthline.com/health/vaginal-discharge#takeaway
  5. Medical News Today. (2025). A color‑coded guide to vaginal discharge. Retrieved August 19, 2025, from https://www.medicalnewstoday.com/articles/322232
  6. Mayo Clinic. (n.d.). Vaginal discharge — Basics: Definition. Retrieved August 19, 2025, from https://www.mayoclinic.org/symptoms/vaginal-discharge/basics/definition/sym-20050825

Published: 30 August 2024

Last updated: 3 November 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.