သားအိမ်သည် အမျိုးသမီးများ လစဉ် ဓမ္မတာသွေးဖြစ်ပေါ်သည့် နေရာနှင့် ကိုယ်ဝန်ဆောင်သည့်အခါ သန္ဓေသား ရှင်သန်ကြီးထွားမှု ဖြစ်ပွါးသည့်နေရာဖြစ်သည်။ သားအိမ်သည် အမျိုးသမီးဝမ်းဗိုက်၏ အောက်ပိုင်း တင်ပါးဆုံအရိုးကွင်းအတွင်းတွင် တည်ရှိသည်။ သားအိမ်အတွင်းနံရံကင်ဆာ (Endometrial carcinoma) သည် သားအိမ်ကြွက်သားကင်ဆာ (Uterine leiomyosarcoma) ထက် ပို၍အဖြစ်များသည်။ သားအိမ်အတွင်းနံရံ ကင်ဆာသည် ဖြစ်ခါစ အစောပိုင်းအချိန်မှာပင် လက္ခဏာပြသည့်အတွက် ရောဂါကို ဆောလျင်စွာ ရှာဖွေတွေ့ရှိ ကုသနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- အသက် _ အသက်ကြီးလာလျှင် ကင်ဆာဖြစ်နိုင်ခြေ များလာသည်၊ သွေးဆုံးပြီးသော အမျိုးသမီးများတွင် အဖြစ်များဆုံးဖြစ်သည်
- အပျိုဖော်ဝင်ချိန် စောခြင်းနှင့် သွေးဆုံးချိန်နောက်ကျခြင်း _ အသက် (၁၂) နှစ်မတိုင်ခင် အပျိုဖော်ဝင်သူများနှင့် အသက် (၅၂) နှစ်နောက်ပိုင်းမှ သွေးဆုံးသူများ၏ သားအိမ်အတွင်းနံရံသည် အီစတိုဂျင် (Oestrogen) ဟော်မုန်းနှင့် ထိတွေ့ချိန်များသဖြင့် ကင်ဆာဖြစ်နိုင်ခြေများသည်
- မျိုးရိုးလိုက်ခြင်း _ မိသားစုထဲတွင် သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်ဖူးသူများ ရှိပါက သားအိမ်အတွင်းနံရံကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်
- ခန္ဓာကိုယ်တွင်း အီစတိုဂျင်ဟော်မုန်း များသည့်ရောဂါများရှိခြင်း _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS)၊ ဆီးချိုရောဂါနှင့် အဝလွန်ခြင်းတို့တွင် ခန္ဓာကိုယ်အတွင်း အီစတိုဂျင် (Oestrogen) ဟော်မုန်းများ ဖြစ်ပေါ်မှု များနေသောကြောင့် ကင်ဆာဖြစ်နိုင်ခြေများသည်
- ဆေးဝါးများ _ သွေးဆုံးပြီးနောက်ပိုင်း အီစတိုဂျင် ဟော်မုန်းကုထုံးယူသူများ၊ ရင်သားကင်ဆာ ကုသသည့်ဆေး – Tamoxifen သောက်သူများတွင် သားအိမ်အတွင်းသားနံရံကင်ဆာ ဖြစ်နိုင်ခြေများသည်
- ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူထားခြင်း _ အမျိုးသမီးဝမ်းဗိုက်၏ အောက်ပိုင်း တင်ပါးဆုံရိုးကွင်းအတွင်းသို့ ဓာတ်ရောင်ခြည်ထိတွေ့မှုရှိခဲ့ပါက သားအိမ်အတွင်း ဆဲလ်၊ DNA များ ပျက်စီးရာမှ ကင်ဆာဖြစ်စေနိုင်သည်n) ဟော်မုန်းနှင့် ထိတွေ့ချိန်များသဖြင့် ကင်ဆာဖြစ်နိုင်ခြေများသည်
- မျိုးရိုးလိုက်ခြင်း _ မိသားစုထဲတွင် သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်ဖူးသူများရှိပါက သားအိမ်အတွင်းနံရံ ကင်ဆာ ဖြစ်နိုင်ခြေပိုများသည်။
- ခန္ဓာကိုယ်တွင်း အီစတိုဂျင်ဟော်မုန်း များသည့်ရောဂါများရှိခြင်း _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS)၊ ဆီးချိုရောဂါနှင့် အဝလွန်ခြင်းတို့တွင် ခန္ဓာကိုယ်အတွင်း အီစတိုဂျင် (Oestrogen) ဟော်မုန်းများ ဖြစ်ပေါ်မှုများနေသောကြောင့် ကင်ဆာဖြစ်နိုင်ခြေ များသည်
- ဆေးဝါးများ _ သွေးဆုံးပြီးနောက်ပိုင်း အီစတိုဂျင်ဟော်မုန်းကုထုံးယူသူများ၊ ရင်သားကင်ဆာ ကုသသည့်ဆေး – Tamoxifen သောက်သူများတွင် သားအိမ်အတွင်းသားနံရံ ကင်ဆာ ဖြစ်နိုင်ခြေများသည်
- ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူထားခြင်း _ အမျိုးသမီးဝမ်းဗိုက်၏ အောက်ပိုင်း တင်ပါးဆုံရိုးကွင်းအတွင်းသို့ ဓာတ်ရောင်ခြည်ထိတွေ့မှုရှိခဲ့ပါက သားအိမ်အတွင်း ဆဲလ်၊ DNA များ ပျက်စီးရာမှ ကင်ဆာဖြစ်စေနိုင်သည်
ရောဂါလက္ခဏာများ
ကင်ဆာဖြစ်ခါစအချိန်တွင် အောက်ပါလက္ခဏာများကို တွေ့ရသည်။
- မူမမှန် သွေးဆင်းခြင်း – ဓမ္မတာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဓမ္မတာသွေးဆင်းများခြင်း
- သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း
- ဆီးစပ်ကိုက်ခြင်း
ရောဂါဆက်လက်တိုးမြင့်လာသည့်အခါ
- ဆီးစပ်နားတွင် အလုံးစမ်းမိခြင်း
- သွေးဆင်းသည့်အခါ အနံ့နံခြင်း၊ ပြည်များဆင်းခြင်း
- အစားမစားနိုင်ခြင်း၊ ပိန်လာခြင်းတို့ကို ခံစားရနိုင်သည်။

နောက်ဆက်တွဲ ပြဿနာများ
- သားအိမ်ပိုးဝင်ခြင်း၊ သားအိမ်ပြည်တည်ခြင်း
- သွေးအားနည်းခြင်း
- ကင်ဆာပျံ့နှံ့ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများကို ခံစားရပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စမ်းသပ်မှုများပြုလုပ်ပြီး သားအိမ်ကင်ဆာဟု သံသယရှိပါက သက်ဆိုင်ရာ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
မိသားစုဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်ခြင်း၊ မိန်းမကိုယ်ကို ကြည့်ရှုစမ်းသပ်ခြင်း၊ လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးခြင်းနှင့် အာထရာဆောင်း (USG) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သားဖွားမီးယပ်ရောဂါ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ လိုအပ်ပါက ရောဂါရှာဖွေရန် မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း (Transvaginal ultrasound)၊ သားအိမ်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Hysteroscopy) နှင့် အသားစယူစစ်ဆေးခြင်း (Endometrial biopsy) တို့ကို ဆက်လက်ပြုလုပ်နိုင်သည်။
ကင်ဆာအမျိုးအစားခွဲခြားခြင်း
- သားအိမ်အတွင်းနံရံကင်ဆာ (Endometrial carcinoma)
- အမျိုးအစား (၁) သားအိမ်ကင်ဆာ (Endometrioid Adenocarcinoma)
အဖြစ်များသည်၊ အီစတိုဂျင် ဟော်မုန်းများခြင်းကြောင့် ဖြစ်ပွါးသည့် ကင်ဆာအမျိုးအစားဖြစ်ပြီး စောစီးစွာ ကုသနိုင်လျှင် ပျောက်ကင်းနိုင်ခြေများသည်။ - အမျိုးအစား (၂) သားအိမ်ကင်ဆာ (Serous Carcinomas & Clear Cell Carcinomas)
ကင်ဆာဆဲလ်ပွါးနှုန်းမြန်ပြီး ရောဂါပျံ့ပွါးလွယ်သော်လည်း ဖြစ်ပွါးမှုနှုန်း နည်းသည်
- အမျိုးအစား (၁) သားအိမ်ကင်ဆာ (Endometrioid Adenocarcinoma)
- သားအိမ်ကြွက်သားကင်ဆာ (Uterine Sarcoma)
ကင်ဆာအဆင့် သတ်မှတ်ခြင်း
သားအိမ်ကင်ဆာအဆင့်များမှာ_
- အဆင့် (၁) – သားအိမ် အတွင်းနံရံ၌သာ တည်ရှိခြင်း
- အဆင့် (၂) – သားအိမ်မှ သားအိမ်ခေါင်းထိ ပျံ့နှံ့ခြင်း
- အဆင့် (၃) – သားအိမ်နံရံကြွက်သားကို ဖောက်ထွက်ပြီး သားအိမ်နံရံ အပြင်သားထိ ရောက်ခြင်း (ဆီးအိမ်နှင့် အစာဟောင်းအိမ်သို့ မရောက်သေးပါ)၊ နီးစပ်ရာ ပြန်ရည်ကျိတ်များ သားအိမ်အပေါ်ယံအလွှာ၊ သားဥအိမ်၊ ယောနိလမ်းကြောင်းနှင့် ဝမ်းဗိုက်အောက်ပိုင်း တင်ပါးရိုးကွင်းအတွင်းရှိ အခြားနေရာများသို့ ပျံ့နှံ့ခြင်း
- အဆင့် (၄) – အစာဟောင်းအိမ် အတွင်းသား၊ အဆုတ်၊ အသည်း သို့မဟုတ် အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံခြင်း
ကင်ဆာပျံ့နှံ့သည့် နေရာများကို သိရှိနိုင်ရန်
- ရင်ဘတ်ဓာတ်မှန် (Chest X-ray)
- အရိုးပျံ့နှံ့ခြင်း စစ်ဆေးသည့် ဓာတ်မှန် (Bone scan)
- အာထရာဆောင်း
- ကွန်ပြူတာဓာတ်မှန် (CT scan)
- သံလိုက်ဓာတ်မှန် (MRI)
- ပီအီးတီစကင်န် (PET scan)
- သွေးစစ်ခြင်း စသည်တို့ကို အလျဥ်းသင့်သလို အသုံးပြု၍ ရှာဖွေနိုင်သည်။
အထက်ပါ စစ်ဆေးမှုအားလုံး ပြုလုပ်ရန် မလိုအပ်ဘဲ ဆရာဝန်မှ မိမိနှင့်အသင့်တော်ဆုံး စစ်ဆေးမှုကိုသာ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ပေးလိမ့်မည်။
ကုသခြင်း
သားအိမ်ကင်ဆာကုထုံးများတွင် အောက်ပါတို့ပါဝင်သည်။
- ခွဲစိတ်ကုသခြင်း
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)
- ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
- ဟော်မုန်းဖြင့်ကုသခြင်း
- ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunology)
- ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုထုံး (Targeted Therapy) စသည်တို့ဖြစ်သည်။
ခွဲစိတ်ကုသခြင်း
သားအိမ်ကင်ဆာရောဂါ သေချာပါက ဆရာဝန်မှ သားအိမ်ကို ခွဲစိတ်ဖြတ်ထုတ်ခြင်း (Hysterectomy) ပြုလုပ်လေ့ရှိသည်။ သားအိမ်ခေါင်းသို့ ပျံနှံ့နေပါက သားအိမ်နှင့် ဘေးဘက်ရှိ တစ်ရှူးများနှင့် ယောနိလမ်းကြောင်း အပေါ်ပိုင်းကိုပါ ဖြတ်ထုတ်ခြင်း (Radical hysterectomy) ကို ပြုလုပ်ရနိုင်သည်။ အဆိုပါ ခွဲစိတ်မှုများကို
- ဝမ်းဗိုက်အောက်ပိုင်းတွင် ခွဲကြောင်းပေး၍ ခွဲစိတ်ခြင်း
- ဝမ်းဗိုက်တွင် အပေါက်ငယ်များဖောက်၍ မှန်ပြောင်းထည့်သွင်းကာ ခွဲစိတ်ခြင်းစသည့် နည်းလမ်းများဖြင့် ပြုလုပ်နိုင်သည်။
သားအိမ်ကင်ဆာကို ခွဲစိတ်ရင်း သားဥအိမ်နှင့် သားဥပြွန်ကိုပါ တစ်ပါတည်း ဖြတ်ထုတ်လေ့ရှိသည်။ ပြန်ရည်ကျိတ်များကိုလည်း ဖယ်ထုတ်ပြီး ကင်ဆာဆဲလ် ပျံ့နှံ့နေခြင်း ရှိမရှိ ဓာတ်ခွဲစစ်ဆေးနိုင်သည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
ဓာတ်ရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ သားအိမ်ကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်။ ထိုသို့ ကုသရာတွင်
- ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာတည်နေရာကို ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပြခြင်းနှင့်
- ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာတည်နေရာကို ယောနိလမ်းကြောင်းမှတစ်ဆင့် ဓာတ်ရောင်ခြည်ပြခြင်း ဟူ၍ (၂) မျိုးရှိသည်။
အချို့ အခြေအနေများတွင် ယင်းကုထုံး (၂) မျိုးလုံးဖြင့် ကုသရန် လိုအပ်နိုင်သည်။
ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
ကင်ဆာဆဲလ်များကို သေစေနိုင်သော သောက်ဆေး၊ ထိုးဆေးများကို အသုံးပြု၍ ကုသခြင်းဖြစ်သည်။
- ကင်ဆာဆေးသွင်းခြင်းကို ခွဲစိတ်ပြီးနောက်ပိုင်းတွင် ခန္ဓာကိုယ်တွင်းရှိ လက်ကျန်ကင်ဆာဆဲလ်များကို ရှင်းလင်းရန် ပြုလုပ်ရသည်၊ ကင်ဆာဆဲလ်များ အခြားကိုယ်အင်္ဂါများသို့ ပျံ့နေသောအခါတွင်လည်း အသုံးပြုသည်
- ခွဲစိတ်ရာတွင် လွယ်ကူစေရန် ခွဲစိတ်မှု မပြုလုပ်မီ ကင်ဆာအကျိတ်အရွယ်အစား ကျုံ့အောင်လည်း တစ်ခါတစ်ရံ ကင်ဆာဆေးသွင်းခြင်းကို အသုံးပြုနိုင်သည်
- ခွဲစိတ်မှု ပြုလုပ်ရန် မဖြစ်နိုင်တော့သော အခြေအနေနှင့် ကုသပြီးနောက်မှ ပြန်ဖြစ်လာသော ကင်ဆာများတွင် ကင်ဆာဆေးသွင်းရန် အကြံပြုသည်
ဟော်မုန်းဖြင့် ကုသခြင်း
ကင်ဆာဆဲလ်များသည် ဟော်မုန်းကို မှီခိုပွါးများသည့်အတွက် ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းကို နည်းပါးအောင်ပြုလုပ်ခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေသည်။ ကင်ဆာသည် သားအိမ်မှ အခြားကိုယ်အင်္ဂါများသို့ ပျံ့နေသောအခါတွင်လည်း အသုံးပြုသည်။
ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း(Immunotherapy)
ခန္ဓာကိုယ်ခုခံအားကို ပြန်လည်အသုံးပြု၍ ကင်ဆာဆဲလ်များကို တိုက်ထုတ်ခြင်းဖြစ်သည်။ ခုခံအားဆဲလ်များကို ဗီဇပြုပြင်ပြီးဖြစ်စေ၊ အားကောင်းအောင်ဖြစ်စေ ပြုလုပ်ပြီး ကင်ဆာဆဲလ်များကို လိုက်လံနှိမ်နင်းခြင်းဖြစ်သည်။ ၎င်းကုထုံးကို ကင်ဆာသည် သားအိမ်မှ အခြားကိုယ်အင်္ဂါများသို့ ပျံ့နေပြီး အခြားကုထုံးများဖြင့် ကုသခြင်း မအောင်မြင်တော့သည့်အခါတွင် အသုံးပြုသည်။
ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
နောက်ဆုံးပေါ် ကင်ဆာကုထုံးတစ်မျိုးဖြစ်သည်။ ကင်ဆာဆဲလ်များကို အဓိကချေမှုန်းသော ဆေးဝါးများ အသုံးပြုကုသခြင်းဖြစ်သည်။ ၎င်းကုထုံးကို ကင်ဆာသည် သားအိမ်မှ အခြားကိုယ်အင်္ဂါများသို့ ပျံ့နေသောအခါတွင် ကင်ဆာဆေးသွင်းကုထုံးနှင့် တွဲဖက်၍ သုံးသည်။
ကာကွယ်ခြင်း
- သွေးဆုံးကိုင်ဝေဒနာကုသသည့် ဟော်မုန်းကုထုံးမယူမီ မိမိနှင့် သင့်တော်မှု ရှိမရှိ မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ
- ကိုယ်ဝန်တားဟော်မုန်းဆေး (OC Pill) သည် သားအိမ်အတွင်းနံရံ ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေသည်၊ သို့သော် မိမိနှင့် သင့်တော်မှု ရှိမရှိ မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ
- ကျန်းမာသော အစားအသောက်နှင့် နေထိုင်မှုကို လိုက်နာပါ
- သားအိမ်ကင်ဆာကို သားအိမ်ခေါင်းကင်ဆာကဲ့သို့ ကြိုတင်သိနိုင်ရန် စစ်ဆေးသည့် နည်းလမ်းမရှိပါ
References:
- Cleveland Clinic. (2025). Uterine cancer (endometrial cancer): Symptoms & treatment. Retrieved September 14, 2025, from https://my.clevelandclinic.org/health/diseases/16409-uterine-cancer
- Mayo Clinic. (n.d.). Endometrial cancer — Symptoms & causes. Retrieved September 14, 2025, from https://www.mayoclinic.org/diseases-conditions/endometrial-cancer/symptoms-causes/syc-20352461#:~:text=Endometrial%20cancer%20is%20a%20type,the%20uterus%2C%20called%20the%20endometrium
- American Cancer Society. (2025). Endometrial cancer — About. Retrieved September 14, 2025, from https://www.cancer.org/cancer/types/endometrial-cancer/about.html
- Johns Hopkins Medicine. (2024). Endometrial cancer. Retrieved September 14, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/endometrial-cancer
Published: 30 August 2024
Last updated: 3 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.