Hypercholesterolemia (သွေးတွင်းကိုလက်စထရောများခြင်း)

Hypercholesterolemia (သွေးတွင်းကိုလက်စထရောများခြင်း)

သွေးတွင်း ကိုလက်စထရောများခြင်း (Hypercholesterolemia) ဆိုသည်မှာ သွေးထဲတွင် ကျန်းမာ‌ရေး အတွက် မကောင်းသော ကိုလက်စထရော (Low density lipoprotein – LDL) ဓာတ် မြင့်တက်နေခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ကိုလက်စထရောသည် ကိုယ်တွင်းရှိဆဲလ်များ ထိန်းသိမ်းခြင်းနှင့် အချို့သော ဗီတာမင်များ၊ ဟော်မုန်းများ ထုတ်လုပ်ခြင်းတွင် ကူညီပေးသောအရာဖြစ်သည်။ သို့သော် ကိုလက်စထရောများလာပါက သွေးကြောနံရံများအတွင်း အဆီများစုပုံပြီး သွေးကြောကျဥ်းခြင်း (Atherosclerosis) မှတစ်ဆင့် ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး အသက်အန္တရာယ်ရှိနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွေးတွင်း ကိုလက်စထရောများခြင်း ဖြစ်စေနိုင်သော အကြောင်းရင်းမှာ အဓိကအားဖြင့် နှစ်မျိုးရှိသည်။

  1. မျိုးရိုးလိုက်၍ ဖြစ်သော သွေးတွင်း ကိုလက်စထရောများခြင်း (Familial hypercholesterolemia)
  2. အခြားအကြောင်းတစ်ခုခုကြောင့် သွေးတွင်း ကိုလက်စထရောများခြင်း (Acquired hypercholesterolemia)
  1. မျိုးရိုးလိုက်၍ဖြစ်သော သွေးတွင်း ကိုလက်စထရောများခြင်း (Familial hypercholesterolemia)
    သွေးထဲမှ LDL ကိုလက်စထရောကို ဖယ်ရှားရန် တာ၀န်ရှိသော မျိုးဗီဇချို့ယွင်းခြင်း (Gene mutation) ကြောင့် ဖြစ်ပေါ်လာသည်။ မိသားစု မျိုးရိုးစဥ်ဆက်တစ်လျှောက်တွင် ဖြစ်ပေါ်တတ်သည်။
  2. အခြားအကြောင်း တစ်ခုခုကြောင့် သွေးတွင်း ကိုလက်စထရောများခြင်း (Acquired hypercholesterolemia)
    ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားသုံးခြင်းကြောင့် ပို၍အဖြစ်များသည်။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များတွင် အချိုဓာတ်များသော၊ ပြည့်၀ဆီနှင့် ပြန်ကြော်ဆီများပါသော၊ အနီ‌ရောင်ရှိသော အသားများ၊ စည်သွတ်ဘူးနှင့် အသင့်စားသုံးနိုင်သော အစာများ၊ ဆီနှင့်ကြော်ထားသောအစာများ ပါ၀င်သည်။

သွေးတွင်း ကိုလက်စထရောများခြင်း ဖြစ်နိုင်ခြေများသူများမှာ_

သွေးတွင်း LDL ကိုလက်စထရော ပမာဏပေါ် မူတည်ပြီး အောက်ပါဇယားအတိုင်း ခွဲခြားထားသည်။

LDL ကိုလက်စထရော ပမာဏအဆင့်အမျိုးအစား
100 mg/dL အောက်ပုံမှန်အရှိသင့်ဆုံးပမာဏ (Optimal)
100 to 129 mg/dLပုံမှန်ထက် အနည်းငယ်များသော ပမာဏ (Near optimal/above optimal)
130 to 159 mg/dLအတော်အသင့် မြင့်တက်သော ပမာဏ (Borderline high)
160 to 189 mg/dLမြင့်မားသော ပမာဏ (High)
190 mg/dL နှင့်အထက်အလွန်မြင့်မားသော ပမာဏ (Very high)
ရောဂါလက္ခဏာများ

အများအားဖြင့် သွေးတွင်း ကိုလက်စထရောများခြင်းသည် နောက်ဆက်တွဲ ပြဿနာများ မဖြစ်မချင်း မည်သည့်ရောဂါလက္ခဏာမှ မပြတတ်ပါ။ အချို့သောသူများသည် ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း အစရှိသော နောက်ဆက်တွဲပြသနာများ ဖြစ်ပေါ်သည့်အချိန်မှသာ သွေးတွင်း ကိုလက်စထရောများခြင်းကို သိရှိကြသည်။ ထို့ကြောင့် သွေးတွင်း ကိုလက်စထရော ပုံမှန်စစ်ရန် အရေးကြီးသည်။ သွေးတွင်း ကိုလက်စထရော အလွန်များလျှင် ထိုကိုလက်စထရောအခဲများသည် အရေပြားအောက်တွင် စုမိပြီး အဆီဖု (Xanthoma) ထွက်ပေါ်ခြင်း၊ မျက်ခွံတွင် ကိုလက်စထရော ပါ၀င်သောအဖတ်များ (Xanthelasma) ထွက်ခြင်း စသည်တို့ဖြစ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

သွေးတွင်း ကိုလက်စထရောများလျှင် အောက်ဖော်ပြပါ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း (Stroke)
  • နှလုံးသွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်းရောဂါ (Coronary artery disease)
  • ခြေထောက်သို့သွားသော သွေးကြောတွင် ကျဉ်းခြင်း၊ ပိတ်ခြင်း (Peripheral artery disease)
ဆေးရုံ၊ ဆေးခန်းပြသရန်

သွေးတွင်း ကိုလက်စထရောများခြင်းသည် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်နိုင်သောကြောင့် မိမိ၏ မိသားစုဆရာ၀န်နှင့် တိုင်ပင်ပြသပြီး သွေးတွင်းရှိ ကိုလက်စထရောကို ပုံမှန်စစ်ဆေးရန်၊ အကယ်၍ ကိုလက်စထရောများနေပါက လိုအပ်လျှင် ဆေးကုသမှုခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

သွေးတွင်း ကိုလက်စထရောများခြင်းကို အနည်းဆုံး (၈)နာရီ မှ (၁၂)နာရီအကြာ အစာမစားဘဲ မနက်စောစောတွင် သွေးတွင်းအဆီဓာတ် (Fasting lipid profile) စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ သွေးတွင်းအဆီဓာတ် စစ်ဆေးခြင်းတွင်

  • သွေးတွင်းရှိ စုစုပေါင်း ကိုလက်စထရော (Total cholesterol)
  • ကျန်းမာရေးကို အထောက်အကူပြုသော အဆီဓာတ် (High Density Lipoprotein – HDL cholesterol)
  • ကျန်းမာရေးအတွက် မကောင်းသော အဆီဓာတ် (Low Density Lipoprotein – LDL cholesterol)
  • အဆီချိုး (Triglyceride -TG ) တို့ပါ၀င်သည်။

သွေးတွင်း ကိုလက်စထရော တက်စေနိုင်သော အကြောင်းရင်းများကို ရှာဖွေရန် လိုအပ်သော စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရမည်။ မည်သည့်အကြောင်းမျှ ရှာမတွေ့ပါက မျိုးရိုးလိုက်၍ဖြစ်သော သွေးတွင်း ကိုလက်စထရောများခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် မျိုးဗီဇစစ်ဆေးခြင်း (Genetic testing) ပြုလုပ်နိုင်သည်။ အကယ်၍ မျိုးရိုးလိုက်၍ဖြစ်သော သွေးတွင်း ကိုလက်စထရောများခြင်းရှိပါက မိသားစု၀င်များကိုပါ ဆက်လက်စစ်ဆေးသင့်သည်။

သွေးတွင်း ကိုလက်စထရော အဆီဓာတ်ကို ပုံမှန်စစ်ဆေးရာတွင်

  • အမျိုးသားများတွင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများသူများအတွက် အသက် (၂၅)နှစ် မှ (၃၀)နှစ်ကြားနှင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေနည်းသူများတွင် အသက် (၃၅) နှစ်မှ စတင်စစ်ဆေးသင့်သည်
  • အမျိုးသမီးများတွင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများသူများအတွက် အသက် (၃၀)နှစ် မှ (၃၅)နှစ်ကြားနှင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေနည်းသူများတွင် အသက် (၄၅) နှစ်မှ စတင်စစ်ဆေးသင့်သည်

ကျန်းမာရေးကောင်းမွန်သောသူအတွက် သွေးတွင်း ကိုလက်စထရောကို ငါးနှစ်လျှင် တစ်ကြိမ် ပုံမှန်ထပ်မံစစ်ဆေးသင့်သည်။ သွေးတွင်း ကိုလက်စထရော များနိုင်ခြေရှိသူများတွင် ပို၍အကြိမ်ရေစိပ်စိပ် စစ်သင့်သည်။

နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများသူများမှာ_

  • ဆီးချိုရောဂါရှိသူများ
  • သွေးတိုးရောဂါရှိသူများ
  • မိသားစုမျိုးရိုးတွင် အသက်ငယ်ငယ် [အမျိုးသားများတွင် (၅၅) နှစ်အောက်၊ အမျိုးသမီးများတွင် (၆၅) နှစ်အောက်] နှင့် နှလုံးသွေးကြောကျဥ်းရောဂါရှိသူများ
  • နာတာရှည် ကျောက်ကပ်ရောဂါရှိသူများ
  • ဆေးလိပ်သောက်သူများ
  • အသက်ကြီးသူများ
  • အမျိုးသားများနှင့်
  • အ၀လွန်သူများ စသူတို့ဖြစ်ကြသည်။
ကုသခြင်း
  1. ကျန်းမာသော နေထိုင်စားသောက်မှုပုံစံ (Healthy lifestyle) သို့ ပြောင်းလဲခြင်း
    ကျန်းမာသော နေထိုင်စားသောက်မှုပုံစံ (Healthy lifestyle) သို့ပြောင်းလဲခြင်းသည် အရေးအကြီးဆုံးကုသမှုဖြစ်သည်။
    • ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို တစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀) နှင့် တစ်ပတ်လျှင် ငါးရက် ပြုလုပ်ပါ
    • ကိုယ်အလေးချိန် လျှော့ချပါ
    • အချို၊ ပြည့်၀ဆီနှင့် ပြန်ကြော်ဆီ ပါ၀င်မှုနည်းသော အစာများကို စားပါ (အသီးအနှံ နှင့် အစေ့အဆန် များများစားပါ)
    • ဆေးလိပ်ဖြတ်ပါ
    • အရက်လျှော့သောက်ပါ
    • သွေးတိုးရောဂါနှင့် ဆီးချိုရောဂါကို ထိန်းသိမ်းပါ
    • စိတ်ဖိစီးမှုကို လျှော့ချပါ
  2. သွေးတွင်း ကိုလက်စထရော အဆီချဆေးများပေးခြင်း
    မျိုးရိုးလိုက်၍ဖြစ်သော သွေးတွင်း ကိုလက်စထရောများခြင်း (Familial hypercholesterolemia) ဖြစ်ပါက သွေးတွင်း LDL ကိုလက်စထရော (190 mg/dl နှင့်အထက်) အလွန်မြင့်တက်နေသောကြောင့် အဆီချဆေးများကို မဖြစ်မနေ စတင်ပေးရမည်ဖြစ်သည်။ LDL ကိုလက်စထရော အလွန်မြင့်တက်နေသူများတွင် စက်ကို အသုံးပြု၍ သွေးထဲမှအဆီများကို ဖယ်ရှားခြင်း (Lipoprotein apheresis) ကို ပြုလုပ်နိုင်သည်။
    မျိူးရိုးကြောင့် မဟုတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့် သွေးတွင်း ကိုလက်စထရောများခြင်း (Acquired hypercholesterolemia) ဖြစ်ပါက ကိုလက်စထရော အဆီချဆေးပေးရန်နှင့် အဆီပမာဏ မည်မျှချရမည်ကို အောက်ပါအချက်များပေါ် မူတည်၍ စဥ်းစားရသည်။
    • လက်ရှိစစ်ဆေးထားသော အဆီဓာတ်ပမာဏ
    • နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် နှလုံးသွေးကြောရောဂါ
    • နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေနှင့်
    • သွေးတွင်း ကိုလက်စထရောများခြင်း ဖြစ်နိုင်ခြေတို့ပေါ် မူတည်၍ ဆုံးဖြတ်သည်။

သို့ဖြစ်၍ အောက်ဖော်ပြပါ အုပ်စုကြီး (၄) ခုတွင် သွေးတွင်း ကိုလက်စထရော အဆီချဆေးပေးရန် လိုအပ်သည်။

  1. မည်သူမဆို LDL ကိုလက်စထရော ပမာဏ 190 mg/dl နှင့်အထက်များသူများ
  2. မည်သူမဆို နောက်ဆက်တွဲပြသနာများဖြစ်သည့် နှလုံးသွေးကြောပိတ်၊ ကျဥ်းခြင်း၊ လေဖြတ်ခြင်း ဖြစ်ဖူးသူများ
  3. အသက် (၄၀) မှ (၇၅) နှစ်ကြား ဆီးချိုရောဂါရှိသူများနှင့် LDL ကိုလက်စထရော 70 မှ 189 mg/dl ကြားရှိသူများ
  4. အသက် (၄၀) မှ (၇၅) နှစ်ကြားတွင် မည်သည့်ရောဂါမှမရှိသော်လည်း LDL ကိုလက်စထရော 70 မှ 189 mg/dl ကြားတွင်ရှိပြီး နှလုံးသွေးကြော‌ရောဂါ ဖြစ်နိုင်ခြေ (၇.၅) ရာခိုင်နှုန်းနှင့် အထက် ရှိသူများတွင် သွေးတွင်း အဆီချဆေး (statin) ကို စတင်ပေးရန် လိုအပ်သည်။

နောက်ဆက်တွဲပြဿနာ ခံစားနေရသူများတွင် statin ဆေး ပမာဏများများပေးရန်လိုအပ်သည်။ ဆေးစတင်ပေးပြီးနောက် (၂)လ မှ (၃)လအကြာတွင် သွေးတွင်းအဆီဓာတ်ကို ထပ်မံစစ်ဆေးရမည်။ သွေးတွင်းအဆီဓာတ် LDL ကိုလက်စထရောမှာ ကျသင့်သော ပမာဏသို့ မ‌ရောက်သေးလျှင် statin နှင့်အတူ နောက်ထပ် သွေးတွင်းအဆီချဆေး အခြားအမျိုးအစားများကို တွဲဖက်၍ပေးရသည်။ နောက်ဆက်တွဲပြဿနာ ခံစားနေရသူများ နှင့် အသက် (၄၀) မှ (၇၅) နှစ်ကြား ဆီးချိုရောဂါရှိသူများတွင် LDL ကိုလက်စထရော ကို 70mg/dlအောက် ကျအောင် ချပေးရမည်။ ဖြစ်နိုင်လျှင် 55mg/dl အောက်ချနိုင်လျှင် ပိုကောင်းသည်။

သွေးတွင်းအဆီချဆေးများမှာ_

  1. Statins (e.g., Atorvastatin, Rosuvastatin, Pravastatin, Simvastatin)
  2. PCSK9 inhibitors
  3. Ezetimibe
  4. Bile acid sequestrants
  5. Niacin
  6. Bempedoic acid တို့ဖြစ်ကြသည်။
သွေးတွင်းအဆီချဆေးများ၏ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများ
  • ကြွက်သားနှင့် အဆစ်များတွင် နာကျင်ခြင်း
  • ၀မ်းချုပ်ခြင်း (သို့မဟုတ်) ၀မ်းလျှောခြင်း
  • အစာအိမ်နာခြင်း
  • ခေါင်းကိုက်ခြင်း
  • အသည်းရောင်ခြင်းတို့ ဖြစ်တတ်သည်။

သွေးတွင်း ကိုလက်စထရောများခြင်းကို ကုသရာတွင် ရာသက်ပန်ကုသရန် လိုအပ်သည်။ ဆေးသောက်ပြီး သွေးတွင်း ကိုလက်စထရော ပုံမှန်ပြန်ဖြစ်သောကြောင့် သွေးတွင်းအဆီချဆေးကို ရပ်လိုက်ပါက အဆီပမာဏ ပြန်လည်မြင့်တက်လာပြီး နှလုံးသွေးကြော‌ရောဂါ ဖြစ်နိုင်ခြေ ပြန်လည် မြင့်တက်လာမည် ဖြစ်သည်။ ထို့ကြောင့် သွေးတွင်း ကိုလက်စထရောများခြင်းကို ကုသရာတွင် အဆီချဆေးများ ပုံမှန်သောက်ပြီး၊ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံဖြင့် ရာသက်ပန်နေထိုင်သွားရန် အလွန်အရေးကြီးသည်။

ကာကွယ်ခြင်း

ကျန်းမာသော နေထိုင်စားသောက်မှုပုံစံ (Healthy lifestyle)ဖြင့် နေထိုင်ပါက သွေးတွင်း ကိုလက်စထရော အဆီများခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

မျိုးရိုးလိုက်၍ဖြစ်သော သွေးတွင်း ကိုလက်စထရောများခြင်း (Familial hypercholesterolemia) ကိုမူ ကာကွယ်၍ ရနိုင်သောနည်လမ်း ယနေ့ထိမရှိသေးပါ။ သို့သော် ကျန်းမာသော နေထိုင်စားသောက်မှုပုံစံဖြင့် နေထိုင်ပြီး ဆေးကုသမှု ပုံမှန်ခံယူပါက နောက်ဆက်တွဲ ပြဿနာများ မဖြစ်အောင် ကာကွယ်နိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Hypercholesterolemia: Causes, symptoms & treatment. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/23921-hypercholesterolemia
  2. Mayo Clinic. (2025). High blood cholesterol: Diagnosis & treatment. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/high-blood-cholesterol/diagnosis-treatment
  3. UpToDate. (2024). High cholesterol and lipids (Beyond the Basics). Retrieved July 26, 2025, from https://www.uptodate.com/contents/high-cholesterol-and-lipid-treatment-options-beyond-the-basics
  4. Healthline. (2022). Hypercholesterolemia (high cholesterol). Retrieved July 26, 2025, from https://www.healthline.com/health/high-cholesterol/hypercholesterolemia

Published: 30 August 2024

Last updated: 17 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.