Bell’s palsy (ပါးတခြမ်းရွဲ့ အာရုံကြော​လေဖြန်းရောဂါ)

Bell’s palsy (ပါးတခြမ်းရွဲ့ အာရုံကြော​လေဖြန်းရောဂါ)

ပါးတခြမ်းရွဲ့ အာရုံကြောလေဖြန်းရောဂါ (Bell’s palsy) ဆိုသည်မှာ သိသာထင်ရှားသော အကြောင်းရင်းမရှိဘဲ မျက်နှာတစ်​ခြမ်းရှိ ကြွက်သားများ ရုတ်တရက် အားနည်းသွားခြင်းကို ခေါ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပါးတခြမ်းရွဲ့ အာရုံကြော​လေဖြန်း​ ရောဂါဖြစ်ရသော အကြောင်းရင်းကို အတိအကျ မပြောနိုင်ပါ။ မျက်နှာရှိ ကြွက်သားများကို ထိန်းချုပ်သည့် ဦးခေါင်းပိုင်းဆိုင်ရာ အာရုံကြော နံပါတ် (၇) (Seventh cranial nerve) ရောင်ရမ်းခြင်းကြောင့် ဖြစ်သည်ဟု ယူဆရသည်။ ရေယုန် ဗိုင်းရပ်စ်ပိုးများဖြစ်သော Herpes simplex နှင့် Herpes zoster အပါအဝင် အခြားဗိုင်းရပ်စ်ပိုးများကြောင့်လည်း အဆိုပါအာရုံကြော ရောင်ရမ်းနိုင်သည်ဟု ယူဆသည်။

ပါးတခြမ်းရွဲ့ အာရုံကြော လေဖြန်းရောဂါ အဖြစ်များသူများမှာ_

ရောဂါလက္ခဏာများ

ပါးတခြမ်းရွဲ့ အာရုံကြောလေဖြန်းရောဂါ၏ လက္ခဏာများသည် ရုတ်တရက် ဖြစ်ပေါ်လာပြီး (၄၈)နာရီ မှ (၇၂)နာရီအတွင်း အဆိုးဆုံးဖြစ်နိုင်သည်။ အဆိုပါလက္ခဏာများမှာ_

  • မျက်နှာတစ်ခြမ်းရှိ ကြွက်သားများ အားနည်းခြင်းကြောင့် ပါးတစ်ခြမ်းရွဲ့ခြင်း၊ မျက်နှာအမူအရာများ (ဥပမာ- မျက်လုံးမှိတ်ခြင်း၊ ပြုံးခြင်း) ပြုလုပ်ရန် ခက်ခဲခြင်း၊ နဖူးမတွန့်နိုင်ခြင်း၊ ပါးစပ်ထောင့်မှ သွားရည်များကျခြင်း
Bell's palsy img1
  • မျက်နှာတစ်ခြမ်း ထုံခြင်း၊ နာခြင်း၊ ခေါင်းကိုက်ခြင်း
  • သာမန်ပြောသော အသံကို ပုံမှန်ထက်ပို၍ ကျယ်လောင်စွာ ကြားနေခြင်း
  • မျက်လုံးပိတ်၍ မရသောကြောင့် မျက်ရည်ထွက်ခြင်း (သို့မဟုတ်) မျက်လုံးခြောက်ခြင်း
  • စကားပြော၊ အစာစား၊ ရေသောက်ရန် ခက်ခဲခြင်း
  • လျှာအရသာခံစားမှု လျော့နည်းခြင်း စသည်တို့ဖြစ်သည်။

ရောဂါလက္ခဏာများမှာ နှစ်ပတ်အတွင်း စတင်သက်သာလာပြီး အများစုမှာ သုံးလမှ ခြောက်လ အတွင်းတွင် ပုံမှန်အတိုင်း ပြန်ဖြစ်လေ့ရှိသည်။ လူနည်းစုတွင်မူ ရောဂါလက္ခဏာများ ဆက်လက် ကျန်ရှိနေတတ်သည်။

နောက်ဆက်တွဲပြဿနာများ
  • ရောင်ရမ်းခဲ့သော အာရုံကြောမျှင်များ၏ ပုံမှန်မဟုတ်ဘဲ ပြန်လည် ဆက်စပ် ကြီးထွားလာမှုကြောင့် Synkinesis ဟုခေါ်သော မျက်နှာကြွက်သားတစ်ခု လှုပ်ရှားမှု ပြုလုပ်တိုင်း အခြားသော ကြွက်သားများပါ အလိုအလျောက် တွဲဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်း (ဥပမာ_ အစာစားလျှင် မျက်ရည်ကျခြင်း၊ ပြုံးလိုက်တိုင်း မျက်လုံးတစ်ဖက်ပိတ်သွားခြင်း)
  • မျက်လုံးပိတ်၍ မရသောကြောင့် မျက်လုံးအခြောက်လွန်ပြီး မျက်ကြည်လွှာကို ထိခိုက်သည့်အတွက် အမြင်အာရုံချို့တဲ့ခြင်းတို့ ဖြစ်ပေါ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ထိုရောဂါသည် ပုံမှန်အားဖြင့် ပြင်းထန်သောရောဂါ မဟုတ်ပါ။ အများစုမှာ အချိန်တစ်ခုအတွင်း အလိုအလျောက် ပျောက်ကင်းသက်သာနိုင်သည်။ သို့သော် အရေးကြီးသော လေဖြတ်ခြင်း (Stroke) ၏ ရောဂါလက္ခဏာများနှင့် တူညီနေခြင်းကြောင့် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ပါးတခြမ်းရွဲ့ အာရုံကြော လေဖြန်းရောဂါကို သေချာစေရန် ဆရာဝန်များမှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည်။ အများစုတွင် ထိုရောဂါအတွက် သီးသန့်သွေးစစ်ဆေးရန်၊ ဓါတ်မှန်ရိုက် စစ်ဆေးရန် မလိုအပ်ပါ။ သို့သော် ပါးတခြမ်းရွဲ့ အာရုံကြော လေဖြန်းရောဂါ၏ လက္ခဏာများနှင့် တူညီနေတတ်သည့် လေဖြတ်ခြင်း၊ ပိုးဝင်ခြင်း၊ ခုခံအားဆိုင်ရာ ရောဂါများနှင့် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ ရှိမရှိ လိုအပ်လျှင် စမ်းသပ်စစ်ဆေးရမည်။

ကုသခြင်း

ပါးတခြမ်းရွဲ့ အာရုံကြော​ လေဖြန်း​ရောဂါဖြစ်လျှင် အများစုမှာ ကုသမှု ခံယူရန် မလိုဘဲ သက်သာပျောက်ကင်းနိုင်သည်။ သို့သော် သက်သာပျောက်ကင်းမှုကို ပိုမိုမြန်ဆန်စေရန် အောက်ပါကုသမှုများ ပေးနိုင်သည်။

  • Prednisolone ဟုခေါ်သည့် စတီးရွိုက် အရောင်ကျဆေးကို လက္ခဏာစပြချိန်မှ သုံးရက်အတွင်း ပေးလျှင် အာရုံကြောရောင်ရမ်းမှုကို လျော့ကျစေပြီး ရောဂါလက္ခဏာများ လျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်သည်၊ သို့သော် မိမိသဘောအလျောက် မသောက်သင့်ပါ
  • ပြင်းထန်သော ပါးတခြမ်းရွဲ့ အာရုံကြော ​လေဖြန်း​ရောဂါတွင် ဗိုင်းရပ်စ်ပိုးသတ်ဆေး (Antiviral drugs) များကို စတီးရွိုက် (prednisolone) နှင့်တွဲဖက်ပေးရသည်
  • မျက်နှာနာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးများ သောက်သုံးနိုင်သည်
  • မျက်လုံး ပိတ်မရသည့်အတွက် မျက်လုံးများခြောက်လျှင် မျက်ရည်တုမျက်စဥ်း ခပ်ပေးနိုင်သည် မျက်လုံးကို ထိခိုက်မှုမှ ကာကွယ်ရန် နေ့ဘက်တွင် နေကာမျက်မှန် တပ်ခြင်း၊ ညဘက်တွင် မျက်စိအကာ အသုံးပြု၍ အိပ်ခြင်းများ ပြုလုပ်ရမည်
  • မျက်နှာကြွက်သားများ ပုံမှန် ပြန်လည်လှုပ်ရှားနိုင်ရန် မျက်နှာလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရမည်
  • ကာလကြာရှည်တိုင် မသက်သာပါက Plastic surgery ဟုခေါ်သည့် မျက်နှာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်နိုင်သည်
ကာကွယ်ခြင်း

ပါးတခြမ်းရွဲ့ အာရုံကြော​ လေဖြန်း​ရောဂါကို ကာကွယ်၍ ရနိုင်သော နည်းလမ်း ယနေ့အထိ မရှိသေးပါ။

References:

  1. Cleveland Clinic. (n.d.). Bell’s palsy. Retrieved August 11, 2025, from https://my.clevelandclinic.org/health/diseases/5457-bells-palsy
  2. Johns Hopkins Medicine. (n.d.). Bell’s palsy. Retrieved August 11, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/bells-palsy
  3. Mayo Clinic. (n.d.). Bell’s palsy. Retrieved August 11, 2025, from https://www.mayoclinic.org/diseases-conditions/bells-palsy
  4. WebMD. (n.d.). Bell’s palsy. Retrieved August 11, 2025, from https://www.webmd.com/brain/understanding-bells-palsy

Published: 30 August 2024

Last updated: 17 September 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.