ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက်မူးဝေခြင်း (BPPV) ဆိုသည်မှာ အဖြစ်များသော နားအတွင်းပိုင်းဆိုင်ရာ ခေါင်းမူးရောဂါတစ်ခုဖြစ်သည်။ ဦးခေါင်းလှုပ်ရှားမှု ပြုလုပ်တိုင်း ရုတ်တရက် ချာချာလည်အောင် မူးဝေလာတတ်သည်။ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ပြီး အသက် (၅၀) နှင့်အထက်တွင် အများဆုံး ဖြစ်တတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နား၏ အတွင်းဆုံးအပိုင်းတွင် ခရုပတ်ခွေ ပုံသဏ္ဌာန်ရှိသော အကြားအာရုံခံအင်္ဂါ (Cochlea)ရှိသည်။ ပုံမှန်အားဖြင့် Otoconia ဟုခေါ်သည့် သေးငယ်သော အမှုန်လေးများသည် နားထဲရှိ ခန္ဓာကိုယ်ဟန်ချက်ထိန်းသော အာရုံခံအင်္ဂါ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အခန်း (Utricle) ထဲတွင် တည်ရှိသည်။ ခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ အကြားအာရုံကြောရောင်ခြင်း (Vestibular neuritis)၊ အကြားအာရုံခံအင်္ဂါ အတွင်းသားရောင်ခြင်း (Labyrinthitis)၊ အာရုံကြောအကျိတ်ဖြစ်ခြင်း (Acoustic neuroma) အစရှိသော နားအတွင်းပိုင်းဆိုင်ရာရောဂါများနှင့် အသက်အရွယ်ကြီးခြင်း အစရှိသည့် အကြောင်းအမျိုးမျိုးကြောင့် ထိုအမှုန်လေးများ အခန်းထဲမှ ပြုတ်ထွက်နိုင်သည်။ ပြုတ်ထွက်လာသော အမှုန်လေးများသည် ဦးခေါင်း ရုတ်တရက်လှုပ်ရှားချိန်တွင် ခန္ဓာကိုယ်၏ ဟန်ချက်ညီညီ လှုပ်ရှားမှုကို ထိန်းချုပ်ပေးသော နားအတွင်းပိုင်း နောက်ထပ်နေရာတစ်ခုဖြစ်သည့် စက်ဝိုင်းခြမ်းပုံ အင်္ဂါငယ်သို့ ရောက်ရှိသွားသည်။ ထိုအခါ ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး မူးဝေသည့်ခံစားမှု ဖြစ်ပေါ်လာသည်။
ရောဂါလက္ခဏာများ
များသောအားဖြင့် အိပ်ရာပေါ်တွင် ရုတ်တရက် လှဲချသောအခါ၊ ထ၍ထိုင်သောအခါ၊ ဘယ်ညာလှည့်သောအခါများတွင် အောက်ပါရောဂါလက္ခဏာများ ပေါ်လာတတ်သည်။
- ခေါင်း ချာချာလည်အောင်မူးခြင်း
- ပတ်၀န်းကျင်ရှိ ပစ္စည်းများ ငလျင်လှုပ်သကဲ့သို့ လည်နေသည်ဟု ခံစားရခြင်း
- ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်ရန် ခက်ခဲခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- သူငယ်အိမ်လှုပ်ရှားမှု မူမမှန်ခြင်း (Nystagmus) တို့ဖြစ်သည်။
ရောဂါလက္ခဏာများမှာ ပေါ်လာလိုက်၊ လုံးဝပျောက်သွားလိုက်၊ ပြန်ဖြစ်လာလိုက် ဖြစ်တတ်သော သဘာဝမျိုးရှိပြီး တစ်ဦးနှင့် တစ်ဦး ကွဲပြားနိုင်သည်။ လက္ခဏာမပြသောအချိန်တွင် ပုံမှန်လူတစ်ဦးအတိုင်း နေထိုင်သွားလာစားသောက်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ရုတ်တရက် ချာချာလည်အောင်မူးသဖြင့် လူအများစုမှာ ကြောက်လန့်တုန်လှုပ်သွားနိုင်သော်လည်း နောက်ဆက်တွဲပြသနာများ မရှိပါ။ မူးနေချိန်တွင် ရုတ်တရက်ထမိပါက မိမိကိုယ်ကို ဟန်ချက်ညီညီ မထိန်းနိုင်ဘဲ လဲကျ၍ ထိခိုက်ဒဏ်ရာရရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်နိုင်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်လျှင် မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
မူးဝေခြင်းနှင့်အတူ ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အကြားအာရုံ ချို့တဲ့ခြင်း၊ စကားပြောခက်ခဲခြင်း၊ ခြေ၊ လက်အားနည်းခြင်း၊ သတိလစ်ခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်း၊ ထုံကျဥ်ခြင်းတို့ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသ တိုင်ပင်သင့်သည်။ အကြောင်းမှာ အထက်ပါရောဂါမဟုတ်ဘဲ အခြားဦးနှောက်အာရုံကြောရောဂါများ ဖြစ်နေနိုင်သောကြောင့်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် ရောဂါရာဇ၀င်ကို သေချာစွာ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ ဦးခေါင်း လှုပ်ရှားမှုကြောင့် ရုတ်တရက် ဖြစ်တတ်သော ခေါင်းမူးရောဂါကို သေချာစေရန် Dix-Hallpike maneuver ဟုခေါ်သည့် နည်းလမ်းဖြင့် စစ်ဆေးသိရှိနိုင်သည်။
Dix-Hallpike maneuver တွင် လုပ်ဆောင်ရမည့် အချက်များမှာ အောက်ပါ အစီအစဥ်အတိုင်းဖြစ်သည်။
- လူနာစမ်းသပ်သည့် ကုတင်ပေါ်တွင် ဦးခေါင်းကို ဘယ်ဘက် (သို့မဟုတ်) ညာဘက်သို့ (၄၅) ဒီဂရီ လှည့်ပြီး ထိုင်ပါ၊ မျက်လုံးကို ဖွင့်ထားရမည်
- ကျန်းမာရေး၀န်ထမ်း၏ အကူအညီဖြင့် ခန္ဓာကိုယ်ကို နောက်သို့ လှဲချလိုက်ပြီး ဦးခေါင်းကို အောက်ဖော်ပြပါပုံတွင် ပြထားသည့်အတိုင်း ကုတင်အစွန်းတွင်ချ၍ နားတစ်ဘက်ကို ကြမ်းပြင်ဘက်သို့ ဦးတည်ပြီး လှည့်ထားပါ၊ ထိုအနေအထားအတိုင်း တစ်မိနစ်မှ နှစ်မိနစ်အထိ နေပါ၊ ထိုအနေအထားတွင် ကျန်းမာရေး၀န်ထမ်းမှ သင်၏ မျက်လုံးတွင် Nystagmus ဟုခေါ်သော မျက်လုံးအိမ် လှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်း ရှိမရှိကို စစ်ဆေးလိမ့်မည်၊ ထိုကဲ့သို အလိုလိုဖြစ်ပေါ် လာသည့်၊ လျှင်မြန်သော မျက်လုံးလှုပ်ရှားမှုများ ရှိပါက ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက်မူးဝေခြင်း ရောဂါရှိသည်ဟု သတ်မှတ်သည်
ထိုနည်းလမ်းဖြင့် ရောဂါရှာဖွေခြင်းမှာ ပုံမှန်အားဖြင့် အန္တရာယ်ကင်းသည်။ သို့သော် ကျောကုန်းနှင့် လည်ပင်းတွင် ပြသနာတစ်ခုခုရှိသူများ၊ ကိုယ်၀န်ဆောင်သည်များ၊ လတ်တလောလေဖြတ်ထားသူများ မပြုလုပ်သင့်ပါ။
ကုသခြင်း
ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက် မူးဝေခြင်းကို ကုသရာတွင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အထိရောက်ဆုံးသော ကုသမှုဖြစ်သည်။ Epley maneuver (Canalith Repositioning Procedure) ဟုခေါ်သော လေ့ကျင့်ခန်းသည် ပြုတ်ထွက်လာသော သေးငယ်သည့် အမှုန်လေးများကို သူ၏ နဂိုမူလနေရာသို့ ပြန်လည်ရောက်ရှိစေသည်။
Epley maneuverတွင် လုပ်ဆောင်ရမည့်အချက်များမှာ အောက်ပါ အစီအစဥ်အတိုင်းဖြစ်သည်။
- ကုတင်ပေါ်တွင် ခါးနှင့်ဦးခေါင်းကို မတ်မတ်ထားပြီး ပုံတွင် ပြထားသည့်အတိုင်းထိုင်ပါ
- သင်၏ ဦးခေါင်းကို မူးဝေခြင်း ခံစားရသည့်ဘက်သို့ (၄၅) ဒီဂရီ လှည့်ပါ
- နောက်သို့ လျှင်မြန်စွာ လှဲချလိုက်ပြီး ဦးခေါင်းကို ကုတင်အစွန်းတွင် ချထားပြီး မူးဝေသည့်ဘက်သို့ (၉၀) ဒီဂရီ ရောက်အောင် ဆက်လှည့်ထားပါ၊ ထိုခဏတွင် မူးဝေခြင်းပိုဆိုးလာနိုင်သည်
- သင်၏ ဦးခေါင်းကို ဆန့်ကျင်ဘက်သို့ တဖြည်းဖြည်းချင်း (၉၀) ဒီဂရီလှည့်ပြောင်းပါ
- သင်၏ ခန္ဓာကိုယ်ကို ဦးခေါင်းဘက်သို့ တပြေးညီဖြစ်အောင် လိုက်လှည့်ပါ
- ခဏနေပြီး မတ်မတ်ထထိုင်ပါ
လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ (၅)မိနစ် မှ (၁၀)မိနစ်ခန့် ကြာမြင့်နိုင်ပြီး ပိုမိုသက်သာစေရန် လေ့ကျင့်ခန်းကို ထပ်ခါထပ်ခါ ပြုလုပ်ပေးရသည်။ လေ့ကျင့်ခန်းကို ရောဂါလက္ခဏာများ တစ်ရက်တိတိ လုံးဝ သက်သာသွားသည်အထိ တစ်ရက်လျှင် အများဆုံး (၃) ကြိမ်အထိ ပြုလုပ်နိုင်သည်။ တစ်ကြိမ်နှင့်တစ်ကြိမ်အကြားတွင် (၁၅) မိနစ်ခန့် အနားယူနိုင်သည်။ ထိုလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းဖြင့် အများစုမှာ သက်သာသွားကြသော်လည်း တစ်ခါတစ်ရံတွင် ပြန်လည်ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် လေ့ကျင့်ခန်း ပြုလုပ်ရမည့် နည်းလမ်းကို ကျန်းမာရေး၀န်ထမ်းများထံမှ သင်ယူပြီး ထပ်မံဖြစ်ပေါ်ပါက အိမ်တွင် မိမိကိုယ်တိုင် ပြုလုပ်နိုင်သည်။ Epley maneuverမှာ များသောအားဖြင့် အန္တရာယ်မရှိသော်လည်း လုပ်နေစဥ်အတွင်း မူးဝေခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများ ဖြစ်ပေါ်တတ်သည်။ လေ့ကျင့်ခန်း နည်းလမ်းများကို မှန်ကန်စွာ မလုပ်ဆောင်ပါက လည်ပင်းကို ထိခိုက်မိပြီး ပိုမိုမူးဝေလာနိုင်သည်။ ထိုသို့မဖြစ်စေရန် မိမိဘာသာ အိမ်တွင် မပြုလုပ်မီ လုပ်ရမည့်နည်းလမ်းများကို ကျန်းမာရေး၀န်ထမ်းများထံမှ စနစ်တကျ သေချာစွာ သင်ယူပြီးမှသာ အိမ်တွင် လုပ်ဆောင်သင့်သည်။ အမူးပြေဆေးများကို တစ်ခါတစ်ရံတွင် သောက်သုံးနိုင်သော်လည်း ရေရှည် စွဲသောက်ခြင်းမှ ရှောင်ကြဥ်ပါ။
ကာကွယ်ခြင်း
ဦးခေါင်းလှုပ်ရှားမှုကြောင့် ချာချာလည်အောင် မူးဝေခြင်းကို ကာကွယ်နိုင်သော နည်းလမ်း ယနေ့ထိ မရှိသေးပါ။
References:
- Better Health Channel. (n.d.). Benign paroxysmal positional vertigo (BPPV). Retrieved July 26, 2025, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/benign-paroxysmal-positional-vertigo-bppv
- Cleveland Clinic. (n.d.). Benign paroxysmal positional vertigo (BPPV). Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/11858-benign-paroxysmal-positional-vertigo-bppv
- Hopkins Medicine. (n.d.). Benign paroxysmal positional vertigo (BPPV). Retrieved July 26, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/benign-paroxysmal-positional-vertigo-bppv
- Mayo Clinic. (n.d.). Vertigo: Symptoms and causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/vertigo/symptoms-causes
- Meniere’s Society. (n.d.). BPPV – Symptoms and conditions. Retrieved July 26, 2025, from https://www.menieres.org.uk/information-and-support/symptoms-and-conditions/bppv
Published: 30 August 2024
Last updated: 18 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.