ကလေးများတွင် အတက်လက္ခဏာများ ဖြစ်ပေါ်လာပါက မိဘများအနေဖြင့် အလွန်စိုးရိမ်ပူပန်လေ့ရှိသည်။ အတက်လက္ခဏာများကို ဖြစ်စေသော နောက်ခံရောဂါအချို့နှင့် အတက်ရောဂါ၏ နောက်ဆက်တွဲပြဿနာများသည် ကလေးဘဝတစ်လျှောက်လုံးကို ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် အတက်လက္ခဏာ (Seizures) နှင့် အတက်ရောဂါ (Epilepsy) မတူညီကြောင်း သိရှိထားသင့်သည်။ ဦးနှောက်၏ Cerebral cortex ဟုခေါ်သော အပြင်ဘက်အလွှာတွင် မူမမှန်သော လျှပ်စီးကြောင်းများ ထွက်ပေါ်လာသောအခါ အတက်လက္ခဏာ (seizures)များကို ဖြစ်ပေါ်စေသည်။
အတက်လက္ခဏာ ဖြစ်နိုင်သည့်အကြောင်းရင်းများ
ကလေးများတွင် အတက်လက္ခဏာကို ဖြစ်ပေါ်စေသော ရောဂါ သို့မဟုတ် အခြေအနေများစွာရှိသည်။
- သာမန်အဖျားကြီး၍ တက်ခြင်း (Febrile seizure)
အသက် ၆လ မှ ၅နှစ်အတွင်း ပုံမှန်ကလေးများတွင် အဖြစ်များသည်။ အများစုမှာ အသက် (၆) နှစ်မတိုင်မီ ပျောက်ကင်းလေ့ရှိပြီး ဦးနှောက်၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် ဖွံ့ဖြိုးမှုများကို မထိခိုက်စေနိုင်ပေ။ - လတ်တလောဖြစ်သည့် ရောဂါကြောင့် တက်ခြင်း (Acute symptomatic seizures)
အောက်ပါကဲ့သို့သော လတ်တလော ဖြစ်နေသည့် ကျန်းမာရေးပြဿနာများကြောင့် တက်ခြင်းဖြစ်သည်။- ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis)၊ ဦးနှောက်ရောင်ရောဂါ (Encephalitis)
- ဦးခေါင်းထိခိုက်မိထားခြင်း
- ဦးနှောက်သွေးယိုခြင်း သို့မဟုတ် သွေးကြောပိတ်ခြင်း
- သွေးတွင်း အချိုဓာတ်၊ ဆိုဒီယမ်ဓာတ် အလွန်အမင်းကျဆင်းခြင်း သို့မဟုတ် များပြားခြင်း
- သွေးပေါင်ချိန် အလွန်အမင်း တက်နေခြင်း
ဖြစ်စေသော အကြောင်းရင်းကို စနစ်တကျ ကုသပါက နောက်ဆက်တွဲပြဿနာများ နည်းပါးနိုင်သော်လည်း အကြောင်းရင်းပြင်းထန်ပါက အချို့တွင် နောက်ဆက်တွဲဆိုးကျိုးများ ကျန်ရှိနိုင်သည်။
- အတက်ရောဂါ (Epilepsy)
အထက်ပါအခြေအနေများ မဟုတ်ဘဲ အောက်ပါအချက်များနှင့် ကိုက်ညီသော သီးခြားရောဂါတစ်မျိုးဖြစ်သည်။- ဦးနှောက်ကို ထိခိုက်စေသော လတ်တလော ရောဂါအခြေအနေမရှိခြင်း
(သို့သော် ယခင်ကရောဂါအခြေအနေတစ်ခုခု သို့မဟုတ် မျိုးဗီဇစသည်တို့ ရှိနိုင်သည်) - အထက်တွင်ဖေါ်ပြခဲ့သော သာမန်အဖျားကြီး၍ တက်ခြင်းမျိုး မဟုတ်ခြင်း
- အနည်းဆုံး (၂) ကြိမ် တက်ခြင်း
- ထို (၂) ကြိမ်သည် အနည်းဆုံး (၂၄) နာရီခြားခြင်း
- ဦးနှောက်ကို ထိခိုက်စေသော လတ်တလော ရောဂါအခြေအနေမရှိခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အတက်ရောဂါ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဦးနှောက်၏ အစိတ်အပိုင်းများမှ ဖြစ်ပေါ်လာသော မူမမှန်လှုံ့ဆော်မှုများ (Epileptiform discharges) ကြောင့်ဖြစ်သည်။ ယခင်ရောဂါအခြေအနေများကြောင့် ကျန်ခဲ့သော အမာရွတ်များ၊ မွေးရာပါ ဦးနှောက်တည်ဆောက်ပုံ မမှန်ခြင်းများ စသည်တို့ကြောင့်လည်း မူမမှန်လှုံ့ဆော်မှုများ ဖြစ်လာနိုင်သည်။
- မွေးဖွားစဉ် ပြဿနာများ
ဥပမာ _ မွေးချိန်ကြာခြင်း၊ မွေးရခက်ခြင်းတို့ကြောင့် ဦးနှောက်ထိခိုက်ခြင်း (Birth asphyxia) - ဦးနှောက်ပိုးဝင်ခဲ့ဖူးခြင်း
ဦးနှောက်အမြှေးရောင် သို့မဟုတ် ဦးနှောက်ရောင်ရောဂါ - မျိုးဗီဇ (Genetic)
ကလေး၏ မျိုးဗီဇ သို့မဟုတ် မိဘများ၏ မျိုးဗီဇအရ ဖြစ်ပေါ်လာခြင်း - အခြားအကြောင်းရင်းများ
ကိုယ်ဝန်ဆောင်စဉ် ဦးနှောက်ထိခိုက်ခဲ့ခြင်း၊ မွေးရာပါ ဦးနှောက်ဖွဲ့စည်းပုံ မမှန်ခြင်း၊ ခဲဆိပ်တက်ခြင်း စသည်တို့လည်း ပါဝင်သည်။
ရောဂါလက္ခဏာများ
အတက်ပုံစံသည် ရောဂါဖြစ်ပွားသော ဦးနှောက်နေရာနှင့် ကလေး၏ အသက်အရွယ်ပေါ် မူတည်ပြီး ကွဲပြားနိုင်သည်။ အတက်ဖြစ်စဉ်ကို အဓိကအားဖြင့် အဆင့်သုံးဆင့် ခွဲခြားနိုင်သည်။
တက်ခါနီးအဆင့် (Pre-ictal / Aura)
ဤအဆင့်တွင် အတက်မစတင်မီ ကြိုတင်လက္ခဏာများ ခံစားရတတ်သည်။ အားလုံးတွင် မဖြစ်ပွားတတ်သော်လည်း အချို့ကလေးများသည် အမြင်၊ အကြား၊ အနံ့နှင့် အရသာတို့၌ ထင်ယောင်ထင်မှားဖြစ်ခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း စသည်တို့ကို ကြိုတင်ခံစားရတတ်သည်။
တက်နေစဉ်အဆင့် (Ictal)
ဤအဆင့်သည် တကယ်တမ်း အတက်လက္ခဏာများ ဖြစ်ပေါ်နေသည့်အချိန်ဖြစ်သည်။ အတက်ကို ဦးနှောက်၏ မည်သည့်နေရာမှ စတင်သည်ကိုလိုက်၍ အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။
- ဦးနှောက်အစိတ်အပိုင်းတစ်နေရာ သို့မဟုတ် တစ်ခြမ်းမှ စတင်တက်ခြင်း (Focal Seizures)
၎င်းသည် ဦးနှောက်၏ တစ်ဖက်ခြမ်း (ဥပမာ _ တစ်နေရာတည်း) မှ မူမမှန်လှုံ့ဆော်မှုများ စတင်သောကြောင့် ဖြစ်သည်။ ရောဂါလက္ခဏာများသည် ထိုလှုံ့ဆော်မှု ဖြစ်ပေါ်သည့် ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး လက်တုန်ခြင်း၊ ခြေထောက်တောင့်ခြင်း စသည့် ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းတွင်သာ ဖြစ်ပေါ်လေ့ရှိသည်။ - ဦးနှောက်တစ်ခုလုံး တက်ခြင်း (Generalized Seizures)
၎င်းသည် ဦးနှောက်၏ နှစ်ဖက်ခြမ်းစလုံးတွင် မူမမှန်လှုံ့ဆော်မှုများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သောကြောင့် ဖြစ်ပွါးသည်။ အတက်လက္ခဏာများသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြစ်ပွါးလေ့ရှိသည်။ ဘယ်ညာနှစ်ဖက်လုံး တစ်ပြိုင်နက်တက်လေ့ရှိသည်။
အတက်ပုံစံအမျိုးမျိုး
- တောင့်၍ တက်ခြင်း (Tonic)
- တုန်၍ တက်ခြင်း (Clonic)
- တောင့်-တုန်ပြီး တက်ခြင်း (Tonic clonic)
- ပျော့ခွေကျခြင်း (Atonic)
- ရုတ်တရက် ဆတ်ကနဲ တုန်သွားခြင်း (Myoclonic)
- ငေးစိုက်ကြည့်ပြီး တက်ခြင်း (Absence)
- မွေးကင်းစကလေးများတွင် မသိမသာ တက်ခြင်း (Neonatal subtle seizures)
- ဥပမာ _ မျက်လုံးလန်ခြင်း၊ မျက်လုံးစောင်းခြင်း၊ တစ်ခုခုကို ဝါးနေသကဲ့သို့ ပြုမူခြင်း
- တစ်နှစ်အောက် ကလေးများတွင် ခြေ၊ လက်၊ ခေါင်းများ ကွေး၍ သို့မဟုတ် ဆန့်၍ တက်ခြင်း (Infantile spasm/ epileptic spasm)
တက်ပြီးနောက်အဆင့် (Post-ictal)
အတက်ရပ်သွားပြီးနောက် ကလေးသည် သတိပြန်လည်ရန် သို့မဟုတ် ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အချိန်ယူရသည်။ ဤအဆင့်တွင် သတိလစ်ခြင်း၊ အသက်ရှူနှင့် နှလုံးခုန်နှုန်းမြန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အလွန်အမင်း အိပ်ငိုက်ခြင်း စသည်တို့ ဖြစ်ပွားနိုင်သည်။ ခြေလက်တစ်ဖက်တည်း အချိန်ကြာကြာတက်ပါက ထိုခြေ သို့မဟုတ် လက်တစ်ဖက် ခေတ္တလှုပ်မရဘဲ ကျန်ခဲ့နိုင်သည်။
အတက်သည် (၅) မိနစ်ထက်ပို၍ ကြာခြင်း သို့မဟုတ် တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်တက်ခြင်း (Status epilepticus) ဖြစ်ပါက အရေးပေါ်အခြေအနေဖြစ်ပြီး အချိန်မီ ကုသမှုမရရှိပါက အသက်ဆုံးရှုံးနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အတက်ရောဂါရှိသော ကလေးများသည် တက်သည့်အချိန်တွင် လဲကျခြင်းကြောင့် ထိခိုက်ဒဏ်ရာများ ရနိုင်ခြေ မြင့်မားသည်။ အတက်ရောဂါရှိသူ သုံးပုံနှစ်ပုံခန့်သည် ဆေးကုသမှုဖြင့် ပျောက်ကင်းနိုင်သော်လည်း သုံးပုံတစ်ပုံခန့်မှာမူ အောက်ပါနောက်ဆက်တွဲပြဿနာများ ကျန်ရှိနိုင်သည်။
- ဖွံ့ဖြိုးမှု နောက်ကျခြင်း (Global developmental delay)
- အသိဉာဏ် ဖွံ့ဖြိုးမှုအားနည်းခြင်း (Intellectual disability)
- စကားပြောဆိုဆက်သွယ်မှုဆိုင်ရာ ပြဿနာများ (Speech and language disorders)
- အမူအကျင့်ဆိုင်ရာ ပြဿနာများ (Behavior disorders)
- အိပ်မပျော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း
- ရုတ်တရက် အသက်ဆုံးရှုံးနိုင်ခြင်း (Sudden unexpected death in epilepsy – SUDEP)
- အတက်ကျဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ခံစားရခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးတွင် အတက်လက္ခဏာများ ရှိလျှင် မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်နှင့် ချက်ချင်းပြသတိုင်ပင်ရမည်။ ကလေးတက်နေချိန်ကို ဗီဒီယိုရိုက်ထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ လိုအပ်ပါက ကလေးဦးနှောက်အာရုံကြော အထူးကုဆရာဝန်နှင့် ဆက်လက်ပြသရန် ညွှန်းပို့လိမ့်မည်။
ရောဂါရှာဖွေခြင်း
- စမ်းသပ်စစ်ဆေးခြင်း
အတက်၏ ပုံစံ၊ ကြာချိန်၊ ဖြစ်ပွားပုံတို့ကို တိကျစွာ မေးမြန်းခြင်း၊ ကလေး၏ ဦးနှောက်အာရုံကြောစနစ်ကို အသေးစိတ်စစ်ဆေးခြင်းနှင့် အတက်ဗီဒီယိုကြည့်ရှုခြင်းတို့သည် ရောဂါရှာဖွေရာတွင် အရေးကြီးသည်။ - အီးအီးဂျီ စမ်းသပ်ခြင်း
အတက်ရောဂါကို ဆက်လက်စစ်ဆေးရန် ဦးနှောက်လှိုင်းပုံဖော်စက် (EEG) ကို အသုံးပြုနိုင်သည်။ သို့သော် အတက်ရောဂါရှိသူအချို့တွင် EEG အဖြေသည် ပုံမှန်ဖြစ်နေနိုင်သည်။ - အခြားစစ်ဆေးမှုများ
သွေးစစ်ခြင်း၊ ဦးနှောက်ပုံရိပ်ဖော်စစ်ဆေးခြင်းများဖြစ်သော CT Scan၊ MRI တို့ကို လိုအပ်သလို ထပ်မံပြုလုပ်နိုင်သည်။ အတက်ရောဂါနှင့် ဆက်စပ်သော မျိုးဗီဇများကိုလည်း ရှာဖွေနိုင်ပြီဖြစ်သည်။
ကုသခြင်း
အတက်ရောဂါကို ကုသရာတွင် ရှေးဦးကုသခြင်း၊ ဆေးဝါးကုသခြင်းနှင့် အခြားတွဲဖက်ကုထုံးများဖြင့် စနစ်တကျ ကုသရန်လိုအပ်သည်။
- ရှေးဦးကုသခြင်း (First aid)
ကလေးတက်နေစဉ်တွင် အောက်ပါ ရှေးဦးကုသနည်းများဖြင့် ပြုစုပေးရသည်။ အတက်အများစုသည် (၅) မိနစ်အတွင်း ကျလေ့ရှိသည်။- ကလေးကို ဘေးတစ်စောင်းလှဲပေးပါ
- အဝတ်အစားတင်းကျပ်နေပါက ဖြေလျော့ပေးပါ
- ဘေးအန္တရာယ်ရှိသော ပစ္စည်းများကို ဖယ်ရှားပါ
- ပါးစပ်ထဲသို့ မည်သည့်အရာမှ ထည့်သွင်းခြင်းမပြုရ
- ဖြစ်နိုင်လျှင် ကလေးတက်နေပုံကို video ရိုက်ထားပါ
- (၅) မိနစ်အတွင်း အတက်မကျပါက အနီးဆုံးဆေးရုံသို့ အမြန်ဆုံးသွားရောက်ရမည် သို့မဟုတ် ဆရာဝန်ညွှန်ကြားထားသော Diazepam, midazolam ကဲ့သို့သော အရေးပေါ်အတက်ကျဆေးကို ထည့်ပေးရမည်
- ဆေးဝါးကုသမှု
အတက်ရောဂါဟု သတ်မှတ်ပါက အတက်ကျဆေးများကို နေ့စဉ်မှန်မှန် နှစ်နှင့်ချီ၍ သောက်ရန်လိုသည်။ အတက်အမျိုးအစား၊ အသက်အရွယ်နှင့် အခြားရောဂါများပေါ်မူတည်၍ ဆေးအမျိုးအစား ရွေးချယ်အသုံးပြုသည်။ - အခြားကုထုံးများ
ဆေးဖြင့်မထိန်းနိုင်သော အတက်ရောဂါများကို အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။- ခွဲစိတ်ကုသခြင်း (Epilepsy surgery)
- Ketogenic diet ဟုခေါ်သော အဆီဓာတ်များပြီး ကာဘိုဟိုက်ဒရိတ်နည်းပါးသည့် အထူးအစားအသောက်ပုံစံဖြင့် ကုသခြင်း
- တွဲဖက်ပြဿနာများအတွက် ကုသမှု (Comorbidity Treatment)
- အတက်ရောဂါသည် တစ်ခါတစ်ရံတွင် သင်ယူမှု၊ အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ (ဥပမာ _ အာရုံစူးစိုက်မှု အားနည်းခြင်း၊ အသိဉာဏ်ဖွံ့ဖြိုးမှုနောက်ကျခြင်း) တို့နှင့် တွဲ၍ဖြစ်ပွားနိုင်သည်
- ထိုအခါ အတက်ကို ထိန်းချုပ်ရုံသာမက ဤပြဿနာများကိုပါ ပူးတွဲကုသရန် လိုအပ်သည်
[ဥပမာ _ သင်ယူမှုနှင့် အမူအကျင့်ဆိုင်ရာ ပြဿနာများအတွက် အထူးပညာရေးအစီအမံများ (Special education) နှင့် အမူအကျင့်ဆိုင်ရာ ကုထုံးများ (Behavioral therapy) လိုအပ်နိုင်သည်]
အတက်ရောဂါရှိသော ကလေးများနှင့် မိဘများ လိုက်နာရန်
- ကလေးကို ကျန်းမာရေးချို့တဲ့သူတစ်ဦးပမာ မဆက်ဆံဘဲ သာမန်ကလေးများကဲ့သို့ တန်းတူအခွင့်အရေးပေးပါ
- ရေကူးခြင်းနှင့် သာမန်အားကစားလှုပ်ရှားမှုများကို မတားဆီးဘဲ လူကြီးတစ်ဦးက အနီးကပ်စောင့်ရှောက်ပေးပါ၊ စက်ဘီးစီးလျှင် ဦးထုပ်ဆောင်းစေပါ
- အတက်ကို ပိုမိုဖြစ်စေနိုင်သည့်အရာများ (ဥပမာ _ အိပ်ရေးမဝခြင်း၊ စူးရှသော အလင်းရောင်များ) မှ ကာကွယ်ပေးပါ
- အတက်ကျဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း နေ့စဉ်မှန်မှန် တိုက်ပါ
- ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ ဆေးကို မိမိဘာသာ ရပ်ခြင်း သို့မဟုတ် ပမာဏ အတိုးအလျှော့လုပ်ခြင်း မပြုလုပ်ရ
- နေမကောင်းဖြစ်နေစဉ်တွင်လည်း ဆေးကို ဆက်လက်တိုက်ရမည်၊ အခြားဆေးများ (ပါရာစီတမော၊ ပိုးသတ်ဆေး) နှင့်လည်း တွဲဖက်သောက်သုံးနိုင်သည်၊ သို့သော် ဆရာဝန်အား သောက်နေသည့်ဆေးများအကြောင်း ပြောပြသင့်သည်
- ပျို့အန်ခြင်း၊ မျက်စိဝါခြင်း၊ အရေပြားနီရဲခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ
- ကုသမှုစစချင်းတွင် အတက်လက္ခဏာများ ကျန်ရှိနိုင်သဖြင့် စိတ်ရှည်စွာ ကုသမှုခံယူပါ
- အတက် ပုံစံ၊ ဖြစ်သည့်နေ့နှင့် အချိန်များကို မှတ်သားထားပါ
- ဆရာဝန်နှင့် ချိန်းဆိုထားသည့်အတိုင်း ပုံမှန်ပြသပြီး ဆေးပမာဏကို ချိန်ဆရန် လိုအပ်သည်
ကာကွယ်ခြင်း
အတက်ရောဂါသည် အပြည့်အဝကာကွယ်၍ မရနိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။
- ကိုယ်ဝန်ဆောင်မိခင်သည် အာဟာရပြည့်ဝစွာ စားသောက်ပြီး ဆေးလိပ်၊ အရက် ရှောင်ကြဉ်ရမည်
- ကျန်းမာရေးဝန်ထမ်းများနှင့် ကိုယ်ဝန်ကို စောစီးစွာ အပ်နှံ၍ ပုံမှန်ပြသစစ်ဆေးပါ
- ဆေးရုံ၊ ဆေးခန်းများတွင်သာ မီးဖွားရန်
- ကလေးအတွက် လိုအပ်သော ကာကွယ်ဆေးများ အပြည့်အစုံထိုးနှံရန်
ပြောင်းလဲတိုးတက်မှုများ
မကြာသေးမီက ကလေးများ၏ အတက်ရောဂါ ရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာ တိုးတက်မှုများသည် ကလေးများနှင့် ၎င်းတို့၏ မိသားစုများအတွက် ပိုမိုမျှော်လင့်ချက်ကောင်းများ ရရှိစေသည်။ ဤတိုးတက်မှုများကို အဓိက နယ်ပယ်သုံးခုအဖြစ် ခွဲခြားနိုင်သည်။
- မျိုးဗီဇနှင့် တိကျကုထုံးများ
- မျိုးဗီဇစစ်ဆေးခြင်း
Next-generation sequencing (NGS) ကဲ့သို့သော နည်းပညာများဖြင့် အတက်ရောဂါဖြစ်စေသော သီးခြားမျိုးဗီဇပြောင်းလဲမှုများကို ရှာဖွေဖော်ထုတ်နိုင်လာသည်။ - တိကျကုထုံးများ (Precision Medicine)
မျိုးဗီဇအချက်အလက်များကို အခြေခံ၍ ကလေး၏ အတက်အမျိုးအစားနှင့် ကိုက်ညီသော ဆေးဝါးများကို တိကျစွာ ရွေးချယ်ကုသနိုင်လာသည် (ဥပမာ – Dravet syndrome ကဲ့သို့သော မျိုးရိုးဗီဇကြောင့်ဖြစ်သည့် အတက်ရောဂါများအတွက် သီးခြားထုတ်လုပ်ထားသော ဆေးဝါးများဖြင့် ကုသနိုင်သည်)။
- မျိုးဗီဇစစ်ဆေးခြင်း
- ခေတ်မီခွဲစိတ်မှုနှင့် အစားထိုးကုထုံးများ
- အသေးစားခွဲစိတ်မှုနည်းပညာ (Minimally Invasive Surgery)
ဦးနှောက်ခွဲစိတ်မှုကို ပိုမိုလွယ်ကူစေရန် လေဆာရောင်ခြည်သုံး Laser Interstitial Thermal Therapy (LITT) ကဲ့သို့သော နည်းလမ်းများကို အသုံးပြုလာသည်။ ၎င်းသည် ရောဂါဖြစ်စေသော ဦးနှောက်တစ်သျှူးကို လေဆာဖြင့် အတိအကျ ဖျက်ဆီးပေးခြင်းဖြင့် ခွဲစိတ်ဒဏ်ရာကို သေးငယ်စေပြီး အချိန်တိုအတွင်း ပြန်လည်သက်သာစေသည်။ - Stereo-EEG (SEEG)
ဤနည်းပညာသည် ဦးနှောက်အတွင်းပိုင်းသို့ လျှပ်စစ်လျှပ်ကူးပစ္စည်း အသေးစားများ ထည့်သွင်း၍ အတက်စတင်ရာနေရာကို အတိအကျ ရှာဖွေပေးနိုင်သောကြောင့် ခွဲစိတ်ကုသမှုအတွက် ပိုမိုတိကျသော ပစ်မှတ်ကို ရရှိစေသည်။ - Responsive Neurostimulation (RNS)
ဦးနှောက်ထဲတွင် တပ်ဆင်ထားသော ဤကိရိယာသည် မူမမှန်လှိုင်းများကို သိရှိနိုင်ပြီး အတက်မဖြစ်မီ ရပ်တန့်စေရန် သို့မဟုတ် ပြင်းအားကို လျှော့ချရန် လျှပ်စစ်လှိုင်းများ ထုတ်လွှတ်ပေးသည်။
- အသေးစားခွဲစိတ်မှုနည်းပညာ (Minimally Invasive Surgery)
- ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သော နည်းပညာနှင့် အဝေးမှ စောင့်ကြည့်မှု
- အတက်ကို ဖော်ထုတ်နိုင်သော ဝတ်ဆင်ကိရိယာများ (Seizure Detection Devices)
လက်ပတ်နာရီ သို့မဟုတ် လက်ပတ်ကိရိယာများသည် လှုပ်ရှားမှု သို့မဟုတ် နှလုံးခုန်နှုန်းပြောင်းလဲမှုများအပေါ် အခြေခံ၍ အတက်လက္ခဏာကို ဖော်ထုတ်နိုင်ပြီး မိသားစုဝင်များအား သတိပေးနိုင်သည်။ - အဝေးမှ စောင့်ကြည့်ခြင်း (Remote Monitoring)
ဤကိရိယာများသည် ကလေး၏ အခြေအနေကို အိမ်မှပင် ဆက်တိုက်စောင့်ကြည့်နိုင်သောကြောင့် အတက်ဖြစ်ပွားမှုအကြိမ်ရေနှင့် ပုံစံကို တိကျစွာ မှတ်တမ်းတင်နိုင်ပြီး ဆရာဝန်များအား ပိုမိုကောင်းမွန်သော ကုသမှုဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အထောက်အကူပြုသည်။
- အတက်ကို ဖော်ထုတ်နိုင်သော ဝတ်ဆင်ကိရိယာများ (Seizure Detection Devices)
ဆက်လက်ဖတ်ရှုရန်
- တက်ခြင်း သို့မဟုတ် အတက်လက္ခဏာ (Fits)
- ကလေးများ အဖျားကြီး၍ တက်ခြင်း (Febrile seizure)
- တက်နေသောကလေးကို ရှေးဦးကုသခြင်း (First aid for seizures in children)
- အတက်နှင့်တူသောရောဂါအခြေအနေများ (Seizures mimics)
- အီးအီးဂျီ စမ်းသပ်ခြင်း (EEG)
References:
- Cleveland Clinic. (2023). Epilepsy in children: Causes, symptoms, treatment & types. Retrieved July 14, 2025, from https://my.clevelandclinic.org/health/diseases/12252-epilepsy-in-children
- Great Ormond Street Hospital (GOSH). (n.d.). Epilepsy – Conditions and treatments. Retrieved July 14, 2025, from https://www.gosh.nhs.uk/conditions-and-treatments/conditions-we-treat/epilepsy/
- International League Against Epilepsy (ILAE). (n.d.). Childhood epilepsy. Retrieved July 14, 2025, from https://www.ilae.org/patient-care/childhood-epilepsy
- Sydney Children’s Hospitals Network. (n.d.). Seizures and epilepsy factsheet. Retrieved July 14, 2025, from https://www.schn.health.nsw.gov.au/seizures-and-epilepsy-factsheet
- Berg, A. T., Berkovic, S. F., Brodie, M. J., Buchhalter, J., Cross, J. H., van Emde Boas, W., Engel, J., French, J., Glauser, T. A., Mathern, G. W., Moshé, S. L., Nordli, D., Plouin, P., & Scheffer, I. E. (2010). Revised terminology and concepts for organization of seizures and epilepsies. Epilepsia, 51(4), 676–685. https://doi.org/10.1111/j.1528-1167.2010.02522.x
- Glauser, T., Shinnar, S., Ben-Menachem, E., Chadwick, D., Guerreiro, C., Kälviäinen, R., Mattson, R., Perucca, E., Tomson, T., & French, J. (2021). Updated ILAE evidence review of antiepileptic drug efficacy and effectiveness as initial monotherapy for pediatric epilepsy. Epilepsia, 62(5), 1179–1199. https://doi.org/10.1111/epi.16867
- Perucca, E. (2020). A new era in the treatment of drug-resistant epilepsy. Epilepsia Open, 5(3), 363–371. https://doi.org/10.1002/epi4.12408
- Smith, S., Patel, A., Kumar, R., & Brown, L. (2019). A review of surgical options for pediatric epilepsy. Journal of Pediatric Neurology, 17(4), 211–220. https://doi.org/10.1055/s-0039-1700588
Published: 30 August 2024
Last updated: 22 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.