မိန်းမကိုယ် ငါးညှီနံ့နံခြင်း (Bacterial vaginosis) သည် အမျိုးသမီးတို့၏ မျိုးပွားလမ်းကြောင်း (ယောနိလမ်းကြောင်း – vagina) တွင် သဘာဝအားဖြင့်ရှိနေသည့် ဘက်တီးရီးယားပိုးများ အကြောင်းတစ်ခုခုကြောင့် ပိုမိုပွါးများလာခြင်း၏ လက္ခဏာဖြစ်သည်။ ၎င်းအခြေအနေသည် ကိုယ်ဝန်ရှိနေစဉ်ဖြစ်ပါက ရောဂါပိုးကူးစက်မှုကြောင့် သန္ဓေသားကို ထိခိုက်နိုင်ခြေရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အပျိုဖော်ဝင်ပြီးနောက်ပိုင်း အမျိုးသမီးများတွင် အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း မျိုးပွားနိုင်သည့် သက်တမ်းတစ်လျှောက် ပိုဖြစ်လေ့ရှိသည်။ အမျိုးသမီးတို့၏ မျိုးပွားလမ်းကြောင်း (ယောနိလမ်းကြောင်း) တွင် မကောင်းသော ဘက်တီးရီးယားပိုးများ (anaerobes)သည် အခြားကောင်းသော ဘက်တီးရီးယားပိုးများ (ဥပမာ _ lactobacilli) ထက် ပိုမိုပေါက်ပွါးလာသောအခါ ထိုပိုးများမှထွက်သော ဓာတုပစ္စည်းများကြောင့် ငါးညှီနံ့ထွက်လာခြင်းဖြစ်သည်။ ၎င်းသည် လိင်မှတစ်ဆင့် ကူးစက်သည့်ရောဂါ မဟုတ်ပါ။ သို့သော် အိမ်ထောင်သည်များနှင့် လိင်ဆက်ဆံဖက်ရှိသည့် အမျိုးသမီးများတွင် ပို၍အဖြစ်များသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း (IUCD) ထည့်ထားခြင်းနှင့် မိန်းမကိုယ်အတွင်းပိုင်းသို့ ဆေးခြင်း (douching) တို့ ပြုလုပ်လျှင် ပိုဖြစ်သည်ကို တွေ့ရသည်။ ရေကူးကန်များ၊ အများသုံးသန့်စင်ခန်းများ စသည်တို့မှတစ်ဆင့် မကူးစက်ပါ။

ရောဂါလက္ခဏာများ
ဤသို့မကောင်းသော ဘက်တီးရီးယားပိုးများ များပြားလာတိုင်း လက္ခဏာမပြပါ။ အဖြစ်များသော လက္ခဏာများမှာ_
- ငါးညှီနံ့ကဲ့သို့ ညှီစို့စို့ အနံ့ပြင်းပြင်း နံနေခြင်း (ထိုအနံ့သည် လိင်ဆက်ဆံပြီးချိန်တွင် ပိုမိုသိသာစွာ နံနေတတ်သည်)
- အဖြူခပ်နောက်နောက်၊ မီးခိုးရောင်ညစ်ညစ် သို့မဟုတ် အစိမ်းရောင်သမ်းသည့် ခပ်ကျဲကျဲချွဲအဖြူများ ဆင်းခြင်း (အဖြူဆင်းခြင်း အမြဲမရှိတတ်ပါ)
- တစ်ခါတစ်ရံတွင် မိန်းမကိုယ် အနည်းငယ်ယားခြင်းနှင့် ဆီးသွားလျှင် ပူစပ်စပ်ဖြစ်ခြင်းတို့ ရှိတတ်သည်
နောက်ဆက်တွဲပြဿနာများ
ငါးညှီနံ့နံသည့် ရောဂါအခြေအနေရှိလာပါက လိင်မှတစ်ဆင့် ကူးစက်သည့် အခြားရောဂါများ ဖြစ်နိုင်ခြေပိုများသည်ဟု တွေ့ရှိရသည်။ အချို့အမျိုးသမီးများတွင် ရောဂါပိုးသည် မျိုးပွားလမ်းကြောင်းအပေါ်ဘက်သို့ တက်သွားပြီး သားအိမ်ရောင်ခြင်းဖြစ်တတ်သည်။
ကိုယ်ဝန်ဆောင်ချိန်တွင် ၎င်းရောဂါဖြစ်ပွားပါက သန္ဓေသားသို့ ကူးစက်နိုင်ပြီး
- လမစေ့မီ ကလေးစောမွေးခြင်း
- ပေါင်မပြည့်ကလေးမွေးခြင်း
- အချိန်မတိုင်မီ ရေမြွှာစော၍ပေါက်ခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- ရေမြွှာအိတ်ပိုးဝင်ခြင်း
- မွေးပြီးနောက် မီးနေစဉ်ကာလတွင်း သားအိမ်ပိုးဝင်ခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အမျိုးသမီးများအနေနှင့် အထက်ပါလက္ခဏာများ ခံစားရပါက ရှက်ကြောက်ဖုံးကွယ်ထားခြင်း မပြုဘဲ မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ကုသမှု ခံယူသင့်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်ခြင်းနှင့် လိုအပ်ပါက မိန်းမကိုယ်ကို ကြည့်ရှုစမ်းသပ်ခြင်းများ ပြုလုပ်လိမ့်မည်။ မိန်းမကိုယ် ယောနိလမ်းကြောင်းအတွင်းမှ တို့ဖတ် (Vaginal swab) ယူ၍ ပိုးစစ်ဆေးခြင်း ပြုလုပ်နိုင်သည်။
ကုသခြင်း
၎င်းရောဂါသည် တစ်ခါတစ်ရံတွင် ဆေးကုသစရာမလိုဘဲ အလိုအလျောက် ပျောက်သွားတတ်သည်။ မပျောက်ပါက ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။ သောက်ဆေး (သို့မဟုတ်) မိန်းမကိုယ်အတွင်းထည့်သော ဆေးများဖြင့် ကုသနိုင်သည်။ အချို့ဆေးများသည် အရက်သောက်ခြင်းနှင့် မတည့်သဖြင့် ဆရာဝန်ထံမှ ညွှန်ကြားချက်ကို ဂရုစိုက်လိုက်နာရန် လိုအပ်သည်။ ဆေးကို ညွှန်ကြားသည့်အတိုင်း ရက်ပြည့်အောင် ကုသခြင်းဖြင့် ရောဂါပြန်ဖြစ်ခြင်းကို ကာကွယ်နိုင်သည်။
ဘက်တီးရီးယားပိုးဝင်ခြင်းသည် ကုသပြီးနောက် မကြာခဏ ပြန်ဖြစ်တတ်သော ရောဂါဖြစ်သောကြောင့် မကြာသေးမီက သုတေသနများမှာ ရောဂါပြန်ဖြစ်မှုကို တားဆီးရန် အဓိကထား၍ လေ့လာလျက်ရှိသည်။
- ပရိုဘိုင်အိုတစ် (Probiotics) ဖြင့် ကုသခြင်း
ပိုးသတ်ဆေးဖြင့် ကုသပြီးနောက် Lactobacillus ကဲ့သို့သော အကျိုးပြု ဘက်တီးရီးယားများ ပြန်လည်ဖြည့်တင်းပေးရန် ပရိုဘိုင်အိုတစ် ဆေးများကို သောက်ဆေး သို့မဟုတ် မိန်းမကိုယ်အတွင်းထည့်သော ဆေးအဖြစ် တွဲဖက်အသုံးပြုလာကြသည်။ ဤနည်းလမ်းသည် မိန်းမကိုယ်၏ ပုံမှန် ပိုးမွှားမျှခြေကို ပြန်လည်ကောင်းမွန်စေရန် အထောက်အကူပြုသည်။ - ဘိုင်အိုဖလင် (Biofilm) ကို ပစ်မှတ်ထားခြင်း
ဘက်တီးရီးယားပိုးများသည် ဘိုင်အိုဖလင် ဟုခေါ်သော အလွှာတစ်ခုကို ဖန်တီးကာ ပိုးသတ်ဆေး၏ အာနိသင်ကို ခံနိုင်ရည်ရှိလာတတ်သည်။ လက်ရှိတွင် ဤ ဘိုင်အိုဖလင်များကို ဖျက်ဆီးကာ ဆေးဝါးများ ပိုမိုထိရောက်စေမည့် နည်းလမ်းသစ်များကို ရှာဖွေလျက်ရှိသည်။
ကာကွယ်ခြင်း
၎င်းရောဂါသည် အမျိုးသမီးများတွင် ဖြစ်ပွါးပါက အမျိုးသားများသို့ မကူးစက်ပါ။ အချို့အမျိုးသမီးများတွင်မူ မကြာခဏ ပြန်ဖြစ်လေ့ရှိသည်။
အောက်ပါနည်းများဖြင့် ကာကွယ်နိုင်သည်။
- ပေါ့ပါးသော ချည်သားအတွင်းခံ ဝတ်ဆင်ပါ
- အနံ့ပါသော ဆပ်ပြာအပြင်းများနှင့် သန့်ရှင်းရေးပစ္စည်းများကို ရှောင်ကြဉ်ပါ
- မိန်းမကိုယ်အတွင်းပိုင်းသို့ အလွန်အကျွံဆေးခြင်း (douching) ရှောင်ကြဉ်ပါ
- ဆီးသွားပြီးလျှင် ရှေ့မှနောက်သို့ ဆေးကြောပါ၊ သန့်ရှင်းသောရေကိုသာ သုံးပါ
- အိမ်သာသွားစဉ် မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ပါ
- လိင်အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ပါ
- လိင်ဆက်ဆံစဉ် အကာအကွယ် (ကွန်ဒုံး) သုံးပါ

References:
- Cleveland Clinic. (2023). Bacterial vaginosis (BV). Retrieved September 14, 2025, from https://my.clevelandclinic.org/health/diseases/3963-bacterial-vaginosis
- Mayo Clinic. (n.d.). Bacterial vaginosis — symptoms & causes. Retrieved September 14, 2025, from https://www.mayoclinic.org/diseases-conditions/bacterial-vaginosis/symptoms-causes/syc-20352279
- NHS. (2022). Bacterial vaginosis. Retrieved September 14, 2025, from https://www.nhs.uk/conditions/bacterial-vaginosis/
- WebMD. (2024). What is bacterial vaginosis (BV)? Retrieved September 14, 2025, from https://www.webmd.com/women/what-is-bacterial-vaginosis
- Iurovskiy, Y., Gerasimov, V., Shulpekova, Y., & Deryabin, Y. (2023). Probiotics for the prevention of bacterial vaginosis recurrence: A meta-analysis of randomized controlled trials. Journal of Gynecology Obstetrics and Human Reproduction, 52(10), 102660. https://doi.org/10.1016/j.jogoh.2023.102660
- Hickey, R. J., Zhou, X., Pietrzak, A., et al. (2021). Bacterial vaginosis biofilm is a host-associated reservoir of Chlamydia trachomatis. Molecular Oral Microbiology, 36(3), 189–199. https://doi.org/10.1111/omi.12317
- Srinivasan, S., & Fredricks, D. N. (2024). The human vaginal microbiome and its relationship to bacterial vaginosis. Current Molecular Biology Reports, 10(1), 1–10. https://doi.org/10.1007/s40610-024-00184-5
Published: 30 August 2024
Last updated: 2 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.