ပါကင်ဆန်ရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ လှုပ်ရှားမှုများကို ထိန်းချုပ်ပေးသော ဦးနှောက်အစိတ်အပိုင်းကို ထိခိုက်သောရောဂါဖြစ်သည်။ (၁၈၁၇) ခုနှစ်တွင် အင်္ဂလိပ်သမားတော် ဂျိမ်းပါကင်ဆန် (James Parkinson) က စတင်ရေးသားဖော်ပြခဲ့သည့်အတွက် ပါကင်ဆန်ရောဂါဟု အမည်ပေးထားခြင်းဖြစ်သည်။ အသက် (၆၀) နှစ်နှင့်အထက်တွင် ပိုမိုဖြစ်ပွါးလေ့ရှိသော်လည်း အသက်ငယ်သူများတွင်လည်း စတင်ဖြစ်ပေါ်နိုင်သည်။ ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း စတင်ဖြစ်ပေါ်လာပြီး အစပိုင်းတွင် သတိမပြုမိကြဘဲ အချိန်ကြာလာသောအခါ ပိုမိုပြင်းထန် ဆိုးရွားလာသည်။ ပါကင်ဆန်ရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သော်လည်း ရောဂါလက္ခဏာများကို သက်သာစေရန် ကုသနိုင်သော နည်းလမ်းများစွာရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်လူတစ်ယောက်၏ ဦးနှောက်ထဲတွင် အာရုံကြောဆဲလ် (Neurons) မြောက်များစွာရှိသည်။ ထိုဆဲလ်များ အချင်းချင်း ဆက်သွယ်အလုပ်လုပ်ရန် အချက်ပြဓာတ်ပစ္စည်း (Neurotransmitters) များအသုံးပြု၍ အချင်းချင်း ဆက်သွယ်ကြသည်။ ကြွက်သားများလှုပ်ရှားရန် ဦးနှောက်မှ အမိန့်ပေးသည့်အခါ အာရုံကြောဆဲလ်များမှတစ်ဆင့် ထိုဓာတ်ပစ္စည်းများကို အသုံးပြု၍ လိုအပ်သလို ထိန်းညှိကာ ကြွက်သားများ လှုပ်ရှားကြသည်။ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များ ထိခိုက်ခြင်း (သို့မဟုတ်) သေဆုံးခြင်းဖြစ်ပေါ်သောအခါ ဓာတ်ပစ္စည်းများ (Dopamine, Norepinephrine) လျော့နည်းသွားသောကြောင့် ပါကင်ဆန်ရောဂါဖြစ်ပေါ်လာသည်။ ထိုအာရုံကြောဆဲလ်များ မည်သည့်အကြောင်းကြောင့် သေဆုံးရသည်ကို အတိအကျ မသိရှိနိုင်သေးပေ။ သို့သော် ပါကင်ဆန်ရောဂါသည် မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်မှုရှိသည်ဟု လေ့လာတွေ့ရှိထားကြသည်။
ထို့အပြင် ပါကင်ဆန်ရောဂါ အစစ်အမှန်မဟုတ်သော်လည်း အောက်ဖော်ပြပါ အခြေအနေများတွင် ပါကင်ဆန်ရောဂါနှင့် ဆင်တူသော ရောဂါလက္ခဏာများကို ခံစားရနိုင်သည်။
- အချို့သောဆေးဝါးများ သောက်သုံးနေရသူများ (ဥပမာ _ အအန်ပျောက်ဆေး၊ စိတ်ရောဂါတွင်အသုံးပြုသော ဆေးဝါးများ)
- ဦးနှောက်ရောင်ခြင်း
- မကြာခဏ ဦးခေါင်းကို ထိခိုက်ဒဏ်ရာရသူများတို့ ဖြစ်ကြသည်။
ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေများသူများမှာ_
- အသက်ကြီးသူများ
- မိသားစုမျိုးရိုးတွင် ပါကင်ဆန်ရောဂါရှိသူများ
- အမျိုးသားများ
- ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့် ထိတွေ့မှုရှိသူများတို့ ဖြစ်ကြသည်။
နောက်ဆုံးလေ့လာတွေ့ရှိချက်များအရ ဖြစ်ပေါ်ရသော အကြောင်းရင်းများသည် များပြားကျယ်ပြန့်လှသော ဖြစ်နိုင်ခြေများမှ တိကျသော မျိုးဗီဇ၊ အာရုံကြောရောင်ရမ်းခြင်းနှင့် ဦးနှောက်ဖွံဖြိုးမှုဆိုင်ရာ အရင်းအမြစ်များဆီသို့ ဦးတည်လျှက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။
ရောဂါလက္ခဏာများ
ပါကင်ဆန်ရောဂါတွင် ခံစားရသော ရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်။ ရောဂါအစောပိုင်းလက္ခဏာများသည် သာမန်မျှသာဖြစ်ပြီး အစပိုင်းတွင် သတိမပြုမိဘဲ ရှိနေနိုင်သည်။ ရောဂါလက္ခဏာများသည် ခန္ဓာကိုယ်တစ်ခြမ်းတွင် စတင်ဖြစ်ပေါ်ပြီး၊ နောက်ပိုင်းတွင် ခန္ဓာကိုယ်နှစ်ဘက်လုံး၌ ဖြစ်ပေါ်လာသည်။ ပါကင်ဆန်ရောဂါတွင် ကြွက်သားအား ထိန်းချုပ်နိုင်စွမ်းအား လျော့နည်းခြင်းဆိုင်ရာ အောက်ဖော်ပြပါရောဂါလက္ခဏာများကို အဓိကခံစားရသည်။
- လှုပ်ရှားမှု နှေးကွေးခြင်း (slowed movements)
- ကြွက်သားများ လှုပ်ရှားမှုမပြုလုပ်ဘဲ အနားယူနေစဉ် တုန်ခြင်း (resting tremor)
- ကြွက်သားများ တောင့်တင်းခြင်း (rigidity or stiffness)
- လမ်းလျှောက်လျှင် ဟန်ချက်မထိန်းနိုင်ခြင်း (poor posture and balance) ကြောင့် မကြာခဏ လဲကျခြင်းတို့ကို အဓိကခံစားရနိုင်သည်။ ထို့အပြင် စာရေးလျှင် ပုံမှန်ရေးနေကျနှင့်မတူဘဲ စာလုံးများသေးခြင်း၊ သွားရည်ကျခြင်း၊ မျက်နှာအမူအရာ တစ်သမတ်တည်းဖြစ်ခြင်း (မပြုံးမရယ်နှင့် မျက်နှာဖုံးစွပ်ထားသကဲ့သို့ဖြစ်ခြင်း)၊ အစာမျိုရခက်ခြင်း၊ စကားခပ်တိုးတိုးပြောခြင်း အစရှိသည်တို့ကိုလည်း ခံစားရနိုင်သည်။
လှုပ်ရှားမှုနှင့် မသက်ဆိုင်ဘဲ အခြားဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ_
- အလိုအလျောက် အာရုံကြောတုံ့ပြန်စနစ်ကို ထိခိုက်သောကြောင့် မတ်တတ်ရပ်သည့်အခါ သွေးပေါင်ကျခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ လိင်ပိုင်းဆိုင်ရာပြဿနာများ ခံစားရခြင်း
- စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း
- အနံ့မရခြင်း
- အိပ်မပျော်ခြင်း
- အာရုံစူးစိုက်ရန် ခက်ခဲခြင်းတို့ ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿာနာများ
ပါကင်ဆန်ရောဂါရှိသူအများစုသည် ပုံမှန်နီးပါး အသက်ရှင်နေထိုင်နိုင်သော်လည်း လူနေမှုဘဝကို များစွာထိခိုက် ပြောင်းလဲစေနိုင်သည်။ အချို့သူများတွင် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ပြီး အလွန်မပြင်းထန်သော်လည်း အချို့သူများတွင်မူ ရောဂါလက္ခဏာများ အလွန်ပြင်းထန်ကာ နေ့စဥ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်လာစေသည်။ ရောဂါအခြေအနေ ဆိုးလာသည်နှင့်အမျှ အိပ်ရာထခြင်း၊ အစာစားခြင်း၊ စကားပြောခြင်း၊ ရေချိုးခြင်း၊ အလုပ်သွားခြင်း အစရှိသည့် နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် ခက်ခဲလာသည်။ နောက်ပိုင်းတွင် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း (Dementia) တို့ကိုပါ ဖြစ်ပေါ်စေနိုင်သည်။ ပါကင်ဆန်ရောဂါသည် ရောဂါလက္ခဏာများကို ဂရုစိုက်မကုသပါက နောက်ဆက်တွဲပြဿနာများ (ဥပမာ _ အစာသီးခြင်း) ဖြစ်လာနိုင်ပြီး သက်တမ်းတိုနိုင်သည်။ သေချာစွာ စနစ်တကျကုသမှုခံယူပါက ပုံမှန်သက်တမ်းအထိ နေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ ဦးနှောက်အာရုံကြော အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းကုသပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ပါကင်ဆန်ရောဂါရှာဖွေရာတွင် ပထမဦးစွာ ရောဂါလက္ခဏာများကို သေချာစွာမေးမြန်းခြင်း၊ ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း၊ အာရုံကြောစနစ်ကို စမ်းသပ်ခြင်း ပြုလုပ်ရန် လိုအပ်သည်။ ပါကင်ဆန်လက္ခဏာများ ရှိနိုင်သည့် အခြားရောဂါများ (ဥပမာ _ ဦးနှောက်ရောင်ခြင်း၊ လေဖြတ်ခြင်း၊ အချို့ဆေးများ၊ ခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ မျိုးရိုးလိုက်သည့်ရောဂါများ) နှင့် ခွဲခြားရန် အထူးကုဆရာဝန်မှ အောက်ဖော်ပြပါ စမ်းသပ်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။
- သွေးစစ်ဆေးခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း
- PET စကန်ရိုက်ခြင်း
- မျိုးဗီဇ စစ်ဆေးခြင်းတို့ကို အခြားရောဂါများနှင့် ခွဲခြားနိုင်ရန် ပြုလုပ်နိုင်သည်။
လက်ရှိအချိန်တွင် ပါကင်ဆန်ရောဂါကို အဖြေရှာနိုင်သည့် တိကျသော စစ်ဆေးမှုများ မရှိသေးသဖြင့် ရောဂါအတည်ပြုနိင်ရန် အချိန်ယူ၍ ရောဂါအခြေအနေများကို အချိန်နှင့်အမျှ စောင့်ကြည့်ခြင်းနှင့် ပုံမှန်ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့်သာ ရောဂါရှာဖွေတွေ့ရှိနိုင်သည်။
ကုသခြင်း
ပါကင်ဆန်ရောဂါကို ပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးသော်လည်း ရောဂါလက္ခဏာများသက်သာရန် အောက်ပါနည်းလမ်းများအတိုင်း ကုသမှုခံယူနိုင်သည်။ ခံစားရသော ရောဂါလက္ခဏာများပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး ကုသမှုနည်းလမ်းများ ကွဲပြားနိုင်သည်။ ပထမဦးစွာ ဆေးဝါးများဖြင့် ကုသမှုခံယူနိုင်ပြီး အချို့သူများတွင် ဆေးဝါးများဖြင့် မသက်သာပါက ခွဲစိတ်ကုသမှု ခံယူနိုင်သည်။
ဆေးဝါးများဖြင့်ကုသခြင်း
ဦးနှောက်တွင်း dopamine ဓာတ်ပစ္စည်းများ နည်းနေသောကြောင့် dopamine ပမာဏ မြင့်တက်လာစေရန် ဆေးဝါးများပေးခြင်းဖြင့် လှုပ်ရှားမှုဆိုင်ရာ ပြဿနာများကို သက်သာစေနိုင်သည်။ ဆေးဝါးများ စတင်အသုံးပြုပြီးနောက် လက္ခဏာများ အလွန်သိသာစွာ တိုးတက်ကောင်းမွန် လာနိုင်သော်လည်း အချိန်ကြာလာသောအခါ အာနိသင်အနည်းငယ် လျော့နည်းလာနိုင်သည်။ သို့သော်လည်း ရောဂါလက္ခဏာများကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သည်။
- Carbidopa-levodopa
ဤဆေးသည် သောက်ပြီးနောက် သွေးမှတစ်ဆင့် ဦးနှောက်ထဲရောက်သည့်အခါ ဒိုပါမင်း (Dopamine) အဖြစ် ပြောင်းလဲသွားသည်။ အစာနှင့်ခပ်ဝေးဝေးသောက်လျှင် ပိုကောင်းသည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ မတ်တပ်ရပ်လျှင် သွေးပေါင်ချိန်ကျခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ဆေးပမာဏများများ သောက်သုံးသောအခါ စိတ်ဖြင့် ထိန်းချုပ်၍မရသော လှုပ်ရှားမှုများ (Involuntary movement) ဖြစ်ပေါ်လာနိုင်သည်။ ထိုသို့ဖြစ်ပေါ်ပါက ဆေးပမာဏ ချိန်ဆရန် လိုအပ်သဖြင့် ဆရာဝန်နှင့် ချက်ချင်း ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။ - Dopamine agonist (Pramipexole, Rotigoline, Apomorphine)
Dopamine အဖြစ်သို့ ပြောင်းမသွားဘဲ ဦးနှောက်အတွင်း dopamine နှင့်တူသော အာနိသင်ပေးသည်။ ထိုဆေးများသည် ရောဂါလက္ခဏာများကို ထိန်းချုပ်ရာတွင် levodopa မျှ အာနိသင်မရှိသော်လည်း အချိန်ကြာရှည်စွာ အာနိသင်ရနိုင်သောကြောင့် အလုပ်ပိုမိုကောင်းမွန်စွာ လုပ်နိုင်စေရန် Levodopa နှင့် တွဲပေးနိုင်သည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းမူခြင်း၊ ပျို့ခြင်း၊ လှုံ့ဆော်မှုမဲ့ အာရုံမှားများ ခံစားရခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဖြင့် ထိန်းချုပ်၍မရသော လှုပ်ရှားမှုများ၊ အတွင်းစိတ်မှ မထိန်းနိုင်သော အပြုအမူများ (ဥပမာ _ လိင်စိတ်လွန်ကဲခြင်း၊ လောင်းကစားခြင်း၊ အစားအသောက်လွန်ကဲခြင်း) ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထိုဆေးများကို သောက်သုံးနေစဥ် ပုံမှန်မဟုတ်သော အပြုအမူများ ဖြစ်ပေါ်နေသည်ကို သတိပြုမိပါက ဆရာဝန်ကို အသိပေး၍ ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။ - Monoamine oxidase B (MAO B) inhibitors (Selegiline, Rasagiline, Safinamide)
ဤဆေးများသည် ဒိုပါမင်းဓာတ်ဖျက်ဆီးသည့် အင်ဇိုင်းကို တားမြစ်သောဆေးများ ဖြစ်ကြသည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အိပ်မပျော်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းတို့ ဖြစ်ကြသည်။ ထို့အပြင် လှုံ့ဆော်မှုမဲ့ အာရုံမှားများ ဖြစ်ပေါ်နိုင်ပြီး carbidopa-levodopa ဆေးများနှင့် တွဲဖက်၍ သောက်သုံးပါက ပိုမိုဖြစ်နိုင်ခြေများသည်။ ထိုဆေးများသောက်သုံးပါက အခြားသောဆေးများ (ဥပမာ _ စိတ်ကျရောဂါတွင် အသုံးပြုသော ဆေးဝါးများနှင့် အနာသက်သာသော ဆေးဝါးများ) နှင့်အတူ သောက်သုံးမိပါက ပြင်းထန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဘာသာ သောက်သုံးခြင်းမပြုရန် အရေးကြီးသည်။ - Catechol O-methyltransferase (COMT) inhibitors (Entacapone, Opicapone, Tolcapone)
ဒိုပါမင်းဓာတ်ဖျက်ဆီးသည့် အင်ဇိုင်းကို တားမြစ်သောဆေးများဖြစ်ကြပြီး levodopa ၏အာနိသင် ပိုမိုကြာရှည်ခံအောင် ထောက်ပံ့ပေးသည်။ သို့သော် အသည်းကို ပြင်းထန်စွာ ထိခိုက်နိုင်ပြီး အသည်းလုပ်ငန်းပျက်စီးခြင်း ဖြစ်ပေါ်နိုင်သောကြောင့် အလွယ်တကူ အသုံးပြုလေ့မရှိပါ။ - Anticholinergics (Benztropine, Trihexyphenidyl)
ပါကင်ဆန်တွင် ခံစားရသည့် ပြင်းထန်သော တုန်ခြင်းများကို သက်သာစေရန် အသုံးပြုနိုင်သည်။ မှတ်ဉာဏ်လျော့နည်းခြင်း၊ ဆီးမသွားနိုင်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ အမြင်ဝေဝါခြင်း၊ ဝမ်းချုပ်ခြင်း အစရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။ - Amantadine
ဤဆေးသည် ပါကင်ဆန်ရောဂါ အစောပိုင်းအဆင့် ရောဂါလက္ခဏာ အနည်းငယ်သာရှိသော အခြေအနေများအတွက် ခဏတာ သက်သာစေရန် အသုံးပြုနိုင်သည့်ဆေးဖြစ်သည်။ ပါကင်ဆန်ရောဂါ ရင့်လာသောအခါတွင် ထိုဆေးများကို carbidopa-levodopa ဆေးများနှင့် တွဲဖက်အသုံးပြုလေ့ရှိပြီး စိတ်ဖြင့် ထိန်းချုပ်၍မရသော လှုပ်ရှားမှုများကို ထိန်းချုပ်ရာတွင် အထောက်အကူ ဖြစ်စေသည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ အရေပြားအရောင်မညီဘဲ ပိုက်ကွန်ပုံစံဖြစ်ပေါ်ခြင်း၊ အတွေးအခေါ်နှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ၊ ခြေကျင်းဝတ်ရောင်ရမ်းခြင်း၊ လှုံ့ဆော်မှုမဲ့ အာရုံမဲ့များ ဖြစ်ပေါ်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ - Adenosine receptor antagonists
ဦးနှောက်အတွင်း ဒိုပါမင်း လျော့နည်းပျက်စီးလာခြင်းကို ကာကွယ်ပေးပြီး ဒိုပါမင်း ပိုမိုထွက်ရှိစေရန် ကူညီပေးသည်။
ခွဲစိတ်ခြင်းဆိုင်ရာ ကုသမှုများ (Surgical procedures)
ဦးနှောက်အတွင်း လျှပ်စစ်နှိုးဆွမှုကုထုံး (Deep Brain Stimulation) သည် ဦးနှောက်အတွင်း လျှပ်စစ်ခေါင်းများ (electrodes) ထည့်သွင်း၍ ညှပ်ရိုးအနီး အရေပြားအောက်တွင် ထည့်ထားသော စက်တစ်ခုနှင့် ဆက်သွယ်ထားသည်။ ထိုစက်မှတစ်ဆင့် လျှပ်စီးကြောင်းများကို ဦးနှောက်သို့ ပို့ဆောင်ပေးပြီး ပါကင်ဆန်ရောဂါလက္ခဏာများကို သက်သာစေသည်။ ပြင်းထန်သော တုန်ခြင်းနှင့် စိတ်ဖြင့် ထိန်းချုပ်၍မရသော လှုပ်ရှားမှုများ (အထူးသဖြင့် ဆေးဝါးများနှင့် မသက်သာသော) ကို သက်သာစေရန် များစွာအထောက်အကူပြုသည်။ ယခင်က levodopa ဆေးများနှင့် တုံ့ပြန်မှုကောင်းမွန်သော်လည်း အချိန်ကြာလာသောအခါ levodopa ၏ အာနိသင် လျော့နည်းလာသည့်အချိန်တွင် အဓိကအသုံးပြုခြင်းဖြစ်သည်။ ဤကုသမှုနည်းလမ်းသည် ရောဂါလက္ခဏာများကို ရေရှည်သက်သာစေနိုင်သော်လည်း ပါကင်ဆန်ရောဂါ ပိုမိုဆိုးရွားလာခြင်းကို မတားဆီးနိုင်ပါ။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ဦးနှောက်တွင်း သွေးထွက်ခြင်း၊ တစ်ရှူးများ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ကြွက်သားများ တုန်ခါခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စကားပြောခြင်းနှင့် အကြားအာရုံဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်သည်။
အခြားအဆင့်မြင့်ကုသမှုများ
MRI-guided focused ultrasound – သံလိုက်ဓာတ်မှန်အကူအညီဖြင့် အာထရာဆောင်းလှိုင်းများကို ဦးနှောက်အတွင်းရှိ တုန်ခါမှု စတင်ဖြစ်ပေါ်သောနေရာသို့ လွှတ်ပေးသည်။ ထိုလှိုင်းများသည် အပူချိန်အလွန်မြင့်မားပြီး တုန်ခါမှုဖြစ်စေသောနေရာများကို လောင်ကျွမ်းပျက်စီးစေသည်။
ကာကွယ်ခြင်း
ရောဂါဖြစ်စေသောအကြောင်းရင်းကို သေချာစွာ မသိရှိသေးသောကြောင့် ကာကွယ်၍မရနိုင်ပါ။
References:
- Cleveland Clinic. (n.d.). Parkinson’s disease: An overview. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/8525-parkinsons-disease-an-overview
- Mayo Clinic. (n.d.). Parkinson’s disease: Symptoms and causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/parkinsons-disease/symptoms-causes/syc-20376055
Published: 30 August 2024
Last updated: 18 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.