အရေပြားအောက်ရှိ အဆီတစ်ရှူးများမှ ဖြစ်သော အကျိတ်အဖုဖြစ်သည်။ ကိုင်ကြည့်ပါက ရာဘာကဲ့သို့ ခပ်ပျော့ပျော့ရှိသည်။ အရေပြားအောက်တွင် လွတ်လပ်စွာ ရွေ့နေတတ်သည်။ အဆီကျိတ်များသည် နာကျင်ခြင်းမရှိဘဲ ကျန်းမာရေးကို မထိခိုက်စေသဖြင့် ကုသရန် မလိုအပ်ပေ။ မကြာခဏ ထိခိုက်မိခြင်း၊ ဖိမိခြင်း၊ အရေပြားကိုကြည့်လိုက်ပါက မျက်နှာပြင် မညီညာဘဲ အဖုအထစ်ဖြစ်နေသဖြင့် အလှအပ ထိခိုက်ခြင်း စသည်တို့ကြောင့် ခွဲစိတ်ထုတ်ပစ်ရန် လူနာများမှတောင်းဆိုတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆီကျိတ်များ ဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်သည်။ အဆီကျိတ်သည် မျိုးရိုးလိုက်တတ်သည်။ အချို့သောရောဂါများသည် အဆီကျိတ်နှင့် တွဲဖြစ်တတ်သည်။
ရောဂါလက္ခဏာများ
အဆီကျိတ်များသည် ကိုယ်ခန္ဓာနေရာတိုင်းတွင် ဖြစ်ပေါ်တတ်သည်။ အထူးသဖြင့် ကျောပြင်၊ ဝမ်းဗိုက်၊ လက်မောင်း၊ ပခုံး၊ လည်ပင်းကုပ်ပိုး၊ နဖူး စသည့်နေရာများတွင် အဖြစ်များသည်။
၄င်းသည် သာမာန်အကျိတ်အမျိုးအစားဖြစ်ပြီး ကင်ဆာမဟုတ်ပါ။ နှစ်ပေါင်းများစွာကြာမှ အရွယ် အနည်းငယ်သာ ကြီးလာတတ်သည်။ သွင်ပြင်အားဖြင့် ခပ်ဝိုင်းဝိုင်း (သို့မဟုတ်) ဘဲဥပုံ ညီညာစွာ လုံးဝန်းနေတတ်သည်။ အရေပြားအောက်တွင်ရှိပြီး ထိကိုင်လိုက်လျှင် ရွေ့သွားတတ်သည်။ အရွယ်အားဖြင့် (၂) လက်မအောက်သာ အဖြစ်များပြီး (၆) လက်မကျော်သည်အထိ ကြီးထွားတတ်သည်။ အများအားဖြင့် အဆီကျိတ်တစ်လုံးတည်းသာ တွေ့ရတတ်ပြီး အချို့တွင်သာ အဆီကျိတ် တစ်လုံးထက်ပို၍ ရှိနေတတ်သည်။ အဆီကျိတ်သည် နာကျင်ခြင်း မရှိသော်လည်း အာရုံကြောကိုဖိနေသော အဆီကျိတ်များသည် နာကျင်တတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အဆီကျိတ်ဟုယူဆရသည့် အလုံးရှိနေပြီး အထက်ပါရောဂါလက္ခဏာများ ခံစားနေရပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အဆီကျိတ်တွင် အောက်ပါလက္ခဏာများ ပြောင်းလဲမှုများ တွေ့ရှိပါက ဆရာဝန်နှင့် ဆောလျင်စွာ ပြသရမည်ဖြစ်သည်။
- တစ်ပတ်၊ နှစ်ပတ်အတွင်း အလျင်အမြန် ကြီးလာခြင်း
- ရုတ်တရက် ကြီးလာခြင်း
- ရုတ်တရက် နာကျင်လာခြင်း
- မာခဲလာခြင်း
- အဆီကျိတ်ပေါ်တွင် သွေးကြောများ ဖြာလာခြင်း
- အရေပြားအောက်တွင် အဆီကျိတ်ကို ကိုင်လှုပ်ကြည့်ပါက မရွေ့တော့ခြင်း စသည့်အချက်များကို သတိပြုရမည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် အဆီကျိတ် ဟုတ်မဟုတ် အောက်ပါအတိုင်း စစ်ဆေးမည်ဖြစ်သည်။
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Physical examination)
- အသားစယူ စစ်ဆေးခြင်း (Biopsy)
- ကိုယ်တွင်းကလီစာများရှိ အဆီကျိတ်များ၊ ကြွက်သားများကြားမှ အဆီကျိတ်များကို ဓာတ်မှန် (X ray) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
အဆီကျိတ်သည် ကင်ဆာမဟုတ်သော်လည်း အဆီကျိတ်ကင်ဆာတစ်မျိုးဖြစ်သော (Liposarcoma) နှင့် မှားတတ်သည်။ အဆိုပါအဆီကျိတ်ကင်ဆာများသည် လျင်မြန်စွာ ကြီးထွားခြင်းနှင့် အရေပြားအောက်တွင် ရွေ့လျားမှုမရှိခြင်းစသည့် ကွာခြားချက်များ ရှိနိုင်သည်။
ကုသခြင်း
ပုံမှန်အားဖြင့် အဆီကျိတ်များသည် ကုသရန် မလိုအပ်ပေ။ အဆီကျိတ်၏ တည်နေရာ၊ အရွယ်အစားနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ အကယ်၍ အဆီကျိတ်သည် နာကျင်လာခြင်း၊ ရုတ်တရက်ကြီးထွားလာခြင်းရှိပါက လိုအပ်လျှင် ခွဲစိတ်အထူးကုဆရာဝန်နှင့် လွှဲပြောင်းကုသနိုင်ရန် ညွှန်ကြားလိမ့်မည်။
- ခွဲစိတ်ကုသခြင်း (Surgical Removal)
အဆီကျိတ်ခွဲစိတ်ခြင်းကို ထုံဆေး (Local anaesthesia) (သို့မဟုတ်) မေ့ဆေး (General anaesthesia) ဖြင့် ပြုလုပ်နိုင်သည်။ ရောဂါကို ထိရောက်စွာပျောက်ကင်းစေသော ခွဲစိတ်မှုဖြစ်သည်။ ဆေးရုံတက်ရန် မလိုအပ်ဘဲ ခွဲစိတ်ပြီးပါက အိမ်ပြန်နိုင်သည်။ - အဆီစုပ်ထုတ်ခြင်း (Liposuction)
အဆီကျိတ်မှ အဆီတစ်ရှူးများကို အပ်ချောင်းဖြင့် စုပ်ထုတ်ကုသခြင်းဖြစ်သည်။
လူအများစုသည် အဆီကျိတ်ရှိမှန်း သတိမပြုတတ်ကြပေ။ အဆီကျိတ်အများစုသည် ခွဲစိတ်ကုသပြီးသော် ခွဲစိတ်ထားသည့်နေရာတွင် ပြန်မဖြစ်သော်လည်း အခြားကိုယ်ခန္ဓာတစ်နေရာတွင် ထပ်မံဖြစ်ပွါးတတ်ကြောင်း သတိပြုသင့်သည်။
ကာကွယ်ခြင်း
အဆီကျိတ်မဖြစ်အောင် ကာကွယ်၍ မဖြစ်နိုင်ပါ။
References:
- Cleveland Clinic. (2025). Lipoma. Retrieved June 11, 2025, from https://my.clevelandclinic.org/health/diseases/15008-lipomas
- Mayo Clinic. (2025). Lipoma: Diagnosis & treatment. Retrieved June 11, 2025, from https://www.mayoclinic.org/diseases-conditions/lipoma/diagnosis-treatment/drc-20374474
Published: 30 August 2024
Last updated: 21 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.