ဖောလိတ် (Folate) သည် ဗီတာမင်ဘီ အုပ်စုဝင် အမျိုးအစားဖြစ်သည်။ ဗီတာမင် B 9 ဟုလည်း ခေါ်သည်။ ဖောလိတ်သည် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သည့် သဘာဝဗီတာမင်ဖြစ်ပြီး ဖောလစ်အက်စစ်သည် လူတို့ဖန်တီးထုတ်လုပ်ထားသည့် ဖောလိတ်နှင့် အလားတူပစ္စည်းဖြစ်သည်။
ဖောလိတ်ချို့တဲ့ခြင်းဆိုသည်မှာ သွေးထဲတွင်လုံလောက်သည့် ဖောလိတ် (ဗီတာမင် B9) မရှိခြင်းကို ဆိုလိုသည်။ ဖောလိတ်သည် ခန္ဓာကိုယ်အတွက် သွေးနီဥအသစ်များထုတ်လုပ်ခြင်း၊ မျိုးဗီဇအတွက် အရေးကြီးသော ဒီအန်အေ တည်ဆောက်ခြင်းများတွင် လိုအပ်သည်။ ဖောလိတ်သည် သန္ဓေသား ကြီးထွားဖွံ့ဖြိုးရန်အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် အဓိကလိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖောလိတ်ချို့တဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ အစားအစာကို ညီညွတ်မျှတအောင် မစားသောကြောင့်ဖြစ်သည်။ တခြားအကြောင်းရင်းများကြောင့်လည်း ဖောလိတ်ချို့တဲ့နိုင်သည်။
၎င်းအကြောင်းရင်းများမှာ_
- ဟင်းသီးဟင်းရွက်များကို အကျက်လွန်အောင် ချက်ပြုတ်ခြင်း
အကျက်လွန်အောင်ချက်ပြုတ်ခြင်းသည် အသီးအရွက်များတွင် ပါဝင်သော ဖောလိတ်ကို ပျက်စီးဆုံးရှုံးစေသည်။ - အရက်အလွန်အကျွံသောက်သုံးခြင်း
အစာမစားဘဲ အရက်အလွန်အကျွံ သောက်သုံးသောကြောင့် ဖောလိတ်ချို့တဲ့ခြင်းဖြစ်သည်။ - အစာခြေဖျက်ခြင်းဆိုင်ရာရောဂါများ
အစာခြေဖျက်မှုစနစ် မကောင်းသောကြောင့် ဖောလိတ်ကို ခန္ဓာကိုယ်မှမစုပ်ယူနိုင်ခြင်းဖြစ်သည် (ဥပမာ နာတာရှည်အူရောင်ရမ်းနာရောဂါများ Inflammatory bowel disease၊ အူကို ဖြတ်တောက်ခွဲစိတ်ထားခြင်း) - သွေးနီဥပျက်စီးခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်း (Haemolytic Anaemia)
သွေးနီဥများ ပျက်စီးခြင်းကြောင့် သွေးနီဥအသစ်ထုတ်လုပ်ရန် ဖောလိတ်အများအပြား သုံးစွဲလာရသဖြင့် ဖောလိတ်ချို့တဲ့ခြင်းဖြစ်သည်။ - ကျောက်ကပ်ဆေးနေသောလူနာများ
- တချို့သောဆေးဝါးများ (ဥပမာ – Methotrexate, Sulfasalazine) စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
ဖောလိတ်ချို့တဲ့ခြင်းကြောင့် ပထမဦးဆုံးခံစားရမည့် ရောဂါလက္ခဏာတစ်ခုမှာ အလွန်ပင်ပန်းနွမ်းနယ်ခြင်းဖြစ်သည်။ တခြားရောဂါလက္ခဏာများမှာ_
- သွေးအားနည်းရောဂါလက္ခဏာများ
- မောပန်းခြင်း
- ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
- ခေါင်းမူးခြင်း
- အားနည်းခြင်း
- ပါးစပ်တွင် တွေ့ရသော ရောဂါလက္ခဏာများ
- လျှာနီမြန်း၍နာကျင်ခြင်း
- ပါးစပ်တွင်အနာဖြစ်ခြင်း
- အရသာခံစားမှု လျော့နည်းခြင်း
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ
- မှတ်ဉာဏ်အားနည်းလာခြင်း
- အာရုံစူးစိုက်၍မရခြင်း
- စိတ်ရှုပ်ထွေးခြင်း
- ဆုံးဖြတ်နိုင်စွမ်း ကျဆင်းခြင်း
- တခြားရောဂါလက္ခဏာများ
- အားအင်ကုန်ခန်းခြင်း
- ကြွက်သားအားနည်းခြင်း
- စိတ်ဓာတ်ကျခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ဝမ်းလျှောခြင်းစသည့် ရောဂါလက္ခဏာများ ခံစားရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ
- ကိုယ်ဝန်ဆောင်နေစဥ် ဖောလိတ်ချို့တဲ့ပါက
သန္ဓေသားတွင် ဦးနှောက်၊ အာရုံကြော၊ ကျောရိုးမနှင့်သက်ဆိုင်သော ရောဂါဖြစ်ခြင်း (e.g., Spina bifida, Anencephaly)၊ လမစေ့မီ မွေးဖွားခြင်း၊ ကလေးပေါင်ချိန်မပြည့်ခြင်းနှင့် မိခင်တွင် အချိန်မတိုင်မီ အချင်းစောကွာခြင်းများ ဖြစ်ပေါ်နိုင်သည်။ - သွေးအားနည်းရောဂါဖြစ်ခြင်း
- သားသမီးမရနိုင်ခြင်း
- ကင်ဆာဖြစ်နိုင်ခြေများလာခြင်း
- နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ များလာခြင်း
- စိတ်ဓာတ်ကျခြင်း
- သတိမေ့ခြင်း
- အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အထက်ပါ ရောဂါလက္ခဏာများ ခံစားနေရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာ၀န်သည် လူနာ၏ ရောဂါရာဇဝင် မေးမြန်းခြင်း၊ အစားအသောက် နေထိုင်မှုပုံစံကို မေးမြန်းခြင်း၊ ရောဂါအခံ ရှိမရှိ မေးမြန်းခြင်းနှင့် လူနာကို စမ်းသပ်ခြင်းများ ပြုလုပ်လိမ့်မည်။ သွေးစစ်ပြီး Complete blood count ဟုခေါ်သော သွေးတွင်း သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား ပမာဏကို စစ်ဆေးခြင်း၊ သွေးတွင်းဖောလိတ်ပမာဏကို တိုင်းတာခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
ဖောလိတ်ချို့တဲ့ခြင်းကို ကုသရာတွင် ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါ် မူတည်၍ ကုသရသည်။ အာဟာရချို့တဲ့ခြင်းကြောင့် ဖောလိတ်ချို့တဲ့ခြင်းကို ဖောလစ်အက်စစ်အားဆေး သောက်သုံးခြင်းဖြင့် ကုသနိုင်သည်။ ပုံမှန်လူကြီးတစ်ယောက်အတွက် ဖောလစ်အက်စစ်သည် တစ်နေ့တွင် 400mcg လိုအပ်သည်။ ထို့ကြောင့် အစားအစာကို ညီညွတ်မျှတအောင် စားဖို့ အရေးကြီးသည်။
ကာကွယ်ခြင်း
ဖောလိတ်ချို့တဲ့ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းမှာ အစားအစာကို ညီညွတ်မျှတအောင် စားသုံးပေးခြင်းဖြစ်သည်။ ဖောလိတ်ကြွယ်ဝစွာပါဝင်သော အစိမ်းရောင်ရှိသောအရွက်များ၊ လိမ္မော်သီး၊ အခွံမာသီး၊ ပဲအမျိုးမျိုး၊ ပင်လယ်စာ၊ ဥ၊ နို့ထွက်ပစ္စည်း၊ အသားနှင့် အစေ့အဆန်များကို စားသုံးရမည်။
ဖောလိတ်ကြွယ်ဝစွာ ပါဝင်သော အစားအစာများမှာ_
- ပဲအမျိုးမျိုး
- ချဉ်သောအသီးများ
- အစိမ်းရောင်ရှိသော အသီးအရွက်များ
- အသည်း
- ပင်လယ်စာ
- ဥနှင့် နို့ထွက်ပစ္စည်းများ
- အသားများ စသည်တို့ဖြစ်သည်။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်နေချိန်တွင် ဖောလစ်အက်စစ်အားဆေး ကို တစ်နေ့ တစ်လုံး သောက်သုံးပေးခြင်းဖြင့် ဖောလိတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်သည်။
References:
- Cleveland Clinic. (2021). Folate deficiency: Symptoms, causes & prevention. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/22198-folate-deficiency
- WebMD. (n.d.). Folic acid deficiency anemia. Retrieved July 26, 2025, from https://www.webmd.com/a-to-z-guides/folic-acid-deficiency-anemiaanemia
Published: 30 August 2024
Last updated: 17 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.