ပီလောပီနံသည် ဆန်၊ ဂျုံ၊ ပြောင်းများနည်းတူ ကစီဓာတ်နှင့်အာဟာရဓာတ် ပြည့်ဝသော သီးနှံပင်တစ်မျိုးဖြစ်သည်။ ပီလောပီနံ၏ အရွက်၊ ဥနှင့် ပင်စည်ကို တိုက်ရိုက်သော်လည်းကောင်း၊ ပြင်ဆင်ချက်ပြုတ်ပြီးသော်လည်းကောင်း စားသုံးကြသည်။ ပီလောပီနံကို ဆန်အစားထိုးသီးနှံအဖြစ်လည်းကောင်း၊ အမြစ်ဥတစ်ခုလုံးကို ချက်ပြုတ်ကြော်ချက်၍ ဟင်းအဖြစ်လည်းကောင်း၊ အခြောက်လှမ်း၊ အမှုန့်ကြိတ်ကာ မုန့်အဖြစ်လည်းကောင်း၊ ဟင်းချို၊ ဖျော်ရည်စသော သရေစာအဖြစ်လည်းကောင်း စားသုံးသည်။ သို့သော် ပီလောပီနံတွင် ဆိုင်ရာနိုက်ဓာတ်ပေါင်းများ (cyanide) ပါဝင်နေခြင်းကြောင့် ကောင်းစွာပြင်ဆင်ချက်ပြုတ်ခြင်းမရှိဘဲ စားသုံးမိပါက အဆိပ်သင့်ခြင်း ဖြစ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပီလောပီနံတွင် ပါဝင်သော ဆိုင်ရာနိုက်ဓာတ်ပေါင်းများ (cyanide) သည် အဆိပ်သင့်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ အကြမ်းအားဖြင့် ပီလောပီနံတွင် ချိုသောအမျိုးအစားနှင့် ခါးသောအမျိုးအစားဟူ၍ နှစ်မျိုးရှိပြီး ပိုခါးလျှင် ဆိုင်ရာနိုက်အဆိပ်ဓာတ် ပိုများသည်ဟု ယေဘုယျသတ်မှတ်နိုင်သည်။ ဆိုင်ရာနိုက်ဓာတ်ပေါင်းပါရှိသည့် ပမာဏပေါ် မူတည်၍ အဆိပ်ပြင်းထန်မှု ကွာခြားနိုင်သည်။ ပီလောပီနံပင်များ ရှင်သန်ကြီးထွားသည့် ပတ်ဝန်းကျင်အခြေအနေများ (ဥပမာ_မြေအမျိုးအစား၊ ရာသီဥတု၊ စိုက်ပျိုးနည်းစနစ်) နှင့် သိုလှောင်ပုံများသည် ပီလောပီနံ၏ ဆိုင်ရာနိုက်ဓာတ်ပေါင်းပါဝင်မှုအပေါ် အကျိုးသက်ရောက်မှုရှိသည် (ဥပမာ_မိုးခေါင်ခြင်းသည် အဆိပ်ဓာတ်များ ပါဝင်မှု ပိုမိုများပြားစေသည်)။ ဆိုင်ရာနိုက်ဓာတ်ပေါင်းအပြင် ပီလောပီနံဥတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ၊ သတ္တုဓာတ်များ (ဥပမာ_ပြဒါး) စသော ဘေးပတ်ဝန်းကျင်မှ ဓာတ်ပစ္စည်းများကိုလည်း စုပ်ယူထားနိုင်သောကြောင့် အဆိပ်သင့်ခြင်းကို ပိုမိုဆိုးဝါးစေနိုင်သည်။
ရောဂါလက္ခဏာများ
ကောင်းစွာပြုလုပ်ပြင်ဆင်ထားခြင်းမရှိသော ပီလောပီနံနှင့် ပြုလုပ်သည့် အစားအစာများ စားသုံးမိပါက အောက်ပါ လတ်တလော အဆိပ်သင့်ခြင်း (Acute poisoning) လက္ခဏာများကို နာရီအနည်းငယ်အတွင်း ခံစားရနိုင်သည်။
- ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း
- မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း
- သွေးပေါင်ကျခြင်း
- အသက်ရှူမမှန်ခြင်း၊ ပြာခြင်း
- ပြင်းထန်လျှင် အသက်သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။
ပမာဏအနည်းငယ်ကို ရေရှည်စားသုံးမိလျှင်လည်း နာတာရှည် အဆိပ်သင့်ခြင်း (Chronic poisoning) ဖြစ်ပေါ်နိုင်သည်။ အဓိကအားဖြင့်_
- အာရုံကြောစနစ်ထိခိုက်ခြင်း (ဥပမာ _ ကြွက်သားများ တောင့်တင်းခြင်း – spastic paralysis)
- ဟော်မုန်းဓာတ်များ မူမမှန်ဖြစ်ခြင်း (ဥပမာ _ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း – cretinism၊ လည်ပင်းကြီးခြင်း – goitre) စသည်တို့ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ကုသခြင်း
ပီလောပီနံ (ဆိုင်ရာနိုက်) အဆိပ်သင့်ခြင်းတွင် အချိန်မီကုသခြင်းသည် အရေးအကြီးဆုံးဖြစ်သည်။ ဆေးရုံတွင် ရောဂါလက္ခဏာပေါ် မူတည်၍ လိုအပ်သောကုသမှုများ ခံယူရမည်။ အဆိပ်သင့်ခြင်း ပြင်းထန်လျှင် ဆိုင်ရာနိုက်အဆိပ်ဖြေဆေးထိုးခြင်း၊ အသက်ရှူစက်တင်ခြင်းများ လိုအပ်နိုင်သည်။ ထိရောက်သော ကုသမှုကို အချိန်မီရရှိပါက နောက်ဆက်တွဲပြဿနာများ နည်းပါးသည်။
ကာကွယ်ခြင်း
ဆိုင်ရာနိုက်ဓာတ်သည် အလွန်အငွေ့ပျံလွယ်သည်။ ရေအေး (သို့မဟုတ်) ရေနွေးတွင် ကောင်းစွာပျော်ဝင်သည်။ အချိုဓာတ်နှင့် ပေါင်းမိလျှင် အဆိပ်အာနိသင်ပြယ်သည်။ ကောင်းစွာအခြောက်ခံ၊ အမှုန့်ကြိတ်၍ သုံးစွဲလျှင် အဆိပ်ဓာတ်ကို ဘေးဥပဒ်မဖြစ်နိုင်သော ပမာဏအထိ လျှော့ချနိုင်သည်။ ပီလောပီနံကို ချက်ပြုတ်စားသောက်ရာတွင် ဆိုင်ရာနိုက်ဓာတ်ပါဝင်မှုနည်းစေရန် အောက်ပါတို့ကို လိုက်နာကျင့်သုံးသင့်သည်။
- အခွံခွာခြင်း
(အခွံတွင် အဆိပ်ဓာတ်များ အဓိကစုစည်းပါဝင်လေ့ရှိသဖြင့် သေချာစွာ အခွံခွာ၍ အသုံးပြုရမည်) - အတုံးအသေးများတုံးခြင်း
(ရေစိမ်ရာ၊ ပြုတ်ရာတွင် ရေနှင့်ထိတွေ့သည့် မျက်နှာပြင်များစေသည်) - အချိန်ကြာကြာရေစိမ်ခြင်း၊ မကြာခဏရေလဲပေးခြင်း
- ရေများများနှင့် အချိန်ကြာကြာ (ကျက်သည်အထိ) ပြုတ်၍ချက်ခြင်း
(အဆိပ်ဓာတ်များ ပြိုကွဲ၍ အငွေ့များအဖြစ် ထွက်သွားစေသည်) - ချက်ပြုတ်ရာတွင် အဖုံးဖွင့်ထားခြင်း
(အဖုံးဖွင့်ပြုတ်ခြင်းသည် ထွက်ပေါ်လာသော အငွေ့များ ငွေ့ရည်ဖွဲ့၍ ပြန်ဝင်ခြင်း မဖြစ်စေဘဲ ထွက်သွားစေသည်) - ပြုတ်ထားသောရေကို ပြန်မသုံးဘဲ စွန့်ပစ်ခြင်း
- အချဥ်ဖောက်၊ အချဥ်စိမ်၍ စားသုံးခြင်း
(အချဥ်ဖောက်ရာမှ ထွက်လာသော ဘက်တီးရီးယားများမှ အဆိပ်ဓာတ်ပေါင်းများကို ဖြိုခွဲခြင်းဖြင့် အဆိပ်ဓာတ်များလျော့နည်းစေသည်) - နေလှန်းခြင်း
(ရက်အတန်ကြာ နေပူလှန်းခြင်းဖြင့် အဆိပ်ဓာတ်များ အငွေ့အဖြစ် ပြန်ထွက်စေသည်) - ကြိတ်ခွဲခြင်း
(ကြိတ်ခွဲအမှုန့်ကြိတ်ခြင်းရာမှ ထွက်လာသောအရည်တွင် ဆိုင်ရာနိုက်အဆိပ်ဓာတ်များ စွန့်ပါသွားသည်) - စနစ်တကျပြင်ဆင်ထုတ်လုပ်ခြင်း
[ပီလောပီနံပါသော အစားအစာ (ပီလောပီနံအမှုန့်များ) ထုတ်လုပ်ရာတွင် အဆိပ်ဓာတ်များ ပါဝင်မှုမရှိရန် သတ်မှတ်ထားသော နည်းစနစ်များနှင့်အညီ ထုတ်လုပ်ခြင်း) - အသိပညာပေးခြင်း၊ နှိုးဆော်ခြင်း
(အဆိပ်သင့်ခြင်းလျော့နည်းစေရန် စိုက်ပျိုးနည်းစနစ်များ၊ ပြင်ဆင်ချက်ပြုတ်နည်း၊ ပြုပြင်ထုတ်လုပ်နည်းများ စနစ်တကျလိုက်နာနိုင်ရေး ပညာပေးလှုံ့ဆော်ရမည်) ပီလောပီနံကို မချက်ပြုတ်ဘဲ အစိမ်း လုံးဝမစားသင့်ပါ။
ပီလောပီနံအမှုန့်ကို သုံးစွဲလျှင် စိတ်ချရသော အမျိုးအစားကို ရွေးချယ်ရန်၊ ထုတ်လုပ်သူ၏အညွှန်းကို တိကျစွာ လိုက်နာရန်လည်း လိုအပ်သည်။ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်းသည် အာဟာရချို့တဲ့လျှင် (အထူးသဖြင့် အသားဓာတ်ချို့တဲ့သူများတွင်) ပိုမိုပြင်းထန်နိုင်သောကြောင့် အာဟာရစုံလင်အောင် စားသုံးရန် လိုအပ်သည်။
References:
- Alitubeera, P. H., Eyu, P., Kwesiga, B., Ario, A. R., & Zhu, B. (2019). Outbreak of cyanide poisoning caused by consumption of cassava flour — Kasese District, Uganda, September 2017. MMWR Morbidity and Mortality Weekly Report, 68(13), 308–311. Retrieved June 10, 2025, from https://doi.org/10.15585/mmwr.mm6813a3
- Centre for Food Safety. (2018). Cyanide poisoning and cassava. Retrieved June 10, 2025, from https://www.cfs.gov.hk/english/multimedia/multimedia_pub/multimedia_pub_fsf_19_01.html
- Booth, S. (2023). What is tapioca? Benefits, uses, and recipes. WebMD. Retrieved June 10, 2025, from https://www.webmd.com/diet/tapioca-health-benefits-nutrition-uses
- Vinmec International Hospital. (2025). Symptoms of cassava poisoning. Vinmec International Hospital. Retrieved June 10, 2025, from https://www.vinmec.com/eng/blog/symptoms-of-cassava-intoxication-cassava-poisoning-en
- Schaffer, D. H., Poole, N. D., & Traylor, J. (2025). Cyanide toxicity. In StatPearls. StatPearls Publishing. Retrieved June 10, 2025, from https://www.ncbi.nlm.nih.gov/books/NBK507796/
- Maciel, A. C., Pena, R. da S., do Nascimento, L. D., de Oliveira, T. A., Chagas‑Junior, G. C. A., & Lopes, A. S. (2023). Health exposure risks and bioremediation of cyanide in cassava processing effluents: An overview. Journal of Water Process Engineering, 55, Article 104079. https://doi.org/10.1016/j.jwpe.2023.104079
- Cassava Value Chain. (n.d.). Cyanide poisoning from cassava. Retrieved June 20, 2025, from https://cassavaluechain.com/cyanide-poisoning-from-cassava/
Published: 30 August 2024
Last update: 11 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.