Acne (ဝက်ခြံ)

Acne (ဝက်ခြံ)

ဝက်ခြံ (Acne) သည် အဖြစ်များသော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး မျက်နှာ၊ လည်ပင်း၊ ကျောကုန်းနှင့် ရင်ဘတ်နေရာရှိ အရေပြားချွေးပေါက်များ ပိတ်ဆို့ကာ ရောင်ရမ်းလာခြင်းကို ဆိုလိုသည်။ ထိုသို့ဖြစ်ခြင်းကြောင့် အဆီဖု၊ ဆားဝက်ခြံ နှင့် ဝက်ခြံပုံစံအမျိုးမျိုးတို့ အရေပြားတွင် ဖြစ်ပေါ်လာသည်။ အရေပြား နာကျင်ရောင်ရမ်းခြင်းများ ဖြစ်နိုင်သည်။ ဝက်ခြံသည် အပျိုဖော်ဝင်စအရွယ်များတွင် အဓိကဖြစ်ပွားလေ့ရှိသော်လည်း မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပြီး နေ့စဉ်ဘဝနှင့် စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဝက်ခြံဖြစ်ပေါ်ရခြင်း၏ အဓိကအချက် (၄) ချက်မှာ_

  1. အဆီ (Sebum) အလွန်အကျွံ ထွက်ရှိခြင်း
    အရေပြားအောက်ရှိ အဆီဂလင်းများသည် sebum ဟုခေါ်သော အဆီများကို အလွန်အကျွံ ထုတ်လုပ်သည်။ ၎င်းအဆီသည် အရေပြားနှင့် ဆံပင် သို့မဟုတ် အမွေးငယ်များကို စိုစွတ်စေသည်။ အဆီများလွန်းသောအခါ မွေးညင်းပေါက်များကို ပိတ်ဆို့စေသည်။
  2. မွေးညင်းပေါက်များ ပိတ်ဆို့ခြင်း
    အရေပြားပေါ်ရှိ ဆဲလ်သေများသည် အဆီများနှင့် ပေါင်းစပ်ကာ မွေးညင်းပေါက်အတွင်း ပိတ်ဆို့နေသော အခဲများ ဖြစ်ပေါ်လာသည်။
  3. ဘက်တီးရီးယားပိုးများ ပေါက်ပွားခြင်း
    ပိတ်ဆို့နေသော မွေးညင်းပေါက်အတွင်းတွင် Propionibacterium acnes ဟုခေါ်သော ဘက်တီးရီးယားပိုးများ ရှင်သန်ပေါက်ပွါးလာသည်။
  4. အရေပြား ရောင်ရမ်းခြင်း
    ပိုးပေါက်ပွါးမှုကြောင့် အရေပြားရောင်ရမ်းလာပြီး နာကျင်ခြင်း၊ အရောင်ပြောင်းခြင်းနှင့် ပြည်တည်ခြင်းများ ဖြစ်ပေါ်လာသည်။

အထက်ပါအချက်များအပြင် အောက်ပါအခြေအနေများနှင့် အလေ့အကျင့်များသည်လည်း ဝက်ခြံပိုမိုဖြစ်ပွားစေနိုင်သည်။

  • ဟော်မုန်းများ
    ဆယ်ကျော်သက်နှင့် လူပျိုဖော်ဝင်စအရွယ်များတွင် ကျားဟော်မုန်း (Testosterone) မြင့်တက်ခြင်းကြောင့် ဝက်ခြံပို၍ အဖြစ်များသည်။ အမျိုးသမီးများတွင်မူ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် မျိုးဥအိမ်တွင် ရေအိတ်တည်ခြင်းရောဂါစု (PCOS) ကဲ့သို့သော ဟော်မုန်းအပြောင်းအလဲများကြောင့် ဝက်ခြံများ ဖြစ်နိုင်သည်။ PCOS တွင် ဝက်ခြံအပြင် အဝလွန်ခြင်းနှင့် အမွှေးထူခြင်းစသည့် လက္ခဏာများပါ တွဲ၍ တွေ့ရတတ်သည်။
  • စိတ်ဖိစီးမှုများခြင်း
  • အလှကုန်ပစ္စည်းများ – အဆီပါဝင်မှုများသော အလှကုန်ပစ္စည်းများ အသုံးပြုခြင်း
  • ရာသီဥတု – စိုထိုင်းဆများသော ရာသီဥတုအခြေအနေ
  • တင်းကြပ်သော အဝတ်အစားများ – ဦးထုပ်ကဲ့သို့ တင်းကြပ်သော အသုံးအဆောင်များ သုံးခြင်း
  • ဆေးဝါးများ – စတီးရွိုက် (Steroid) ဆေးဝါးများ အသုံးပြုခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အစားအသောက် – ဆား၊ သကြားဓာတ်များသော အစားအသောက်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်း တို့ကြောင့်လည်း ဝက်ခြံဖြစ်စေနိုင်သည်။
ရောဂါလက္ခဏာများ

ဝက်ခြံ၏ လက္ခဏာများသည် ရောဂါအခြေအနေအလိုက် ကွဲပြားပြီး မျက်နှာ၊ နဖူး၊ ကျောနှင့် ရင်ဘတ်တို့ကဲ့သို့ အဆီဂလင်းများ ပေါများသည့် နေရာများတွင် အများဆုံး တွေ့ရှိရသည်။ အမျိုးမျိုးသော ဝက်ခြံပုံစံများမှာ_

  • အဆီဖု (Whiteheads) – အရေပြားအောက်တွင်ရှိသော အဆီဖုငယ်များ
  • ဆားဝက်ခြံ (Blackheads) – အရေပြားပေါ်တွင် ပွင့်နေပြီး ထိပ်ဖျားသည် မည်းနေသော အဖုငယ်များ
  • အနီရောင်အဖုငယ်များ (Papules) – နီရဲပြီး နာကျင်သော အဖုသေးများ
  • ပြည်တည်ဝက်ခြံများ (Pustules) – ပြည်ပါဝင်ပြီး ထိပ်တွင် အဖြူရောင်ရှိသော အဖုများ
  • အလုံးကြီးဝက်ခြံများ (Nodules) – အရေပြားအောက်တွင်ရှိပြီး နာကျင်ကာ မာကျောသော အဖုကြီးများ
  • အရည်အိတ်များ (Cysts) – ပြင်းထန်သော နာကျင်မှုနှင့်အတူ အရေပြားအောက်တွင် ပြည်နှင့်အရည်များ ပါဝင်သည့် အဖုကြီးများ

အချို့ဝက်ခြံများသည် ရိုးရိုးရောင်ရမ်းခြင်းမှသည် အရေပြားတစ်ခုလုံး နီရဲရောင်ရမ်းခြင်းအထိ ဖြစ်ပေါ်နိုင်သည်။

Acne img1
နောက်ဆက်တွဲပြဿနာများ

ဝက်ခြံသည် စနစ်တကျ မကုသပါက သို့မဟုတ် ပြင်းထန်ပါက အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်စေနိုင်သည်။

  • အမာရွတ်များ
    မည်သည့်ဝက်ခြံအမျိုးအစားမဆို အမာရွတ် ကျန်နိုင်သော်လည်း၊ အထူးသဖြင့် အလုံးကြီးဝက်ခြံ (Nodules) နှင့် အရည်အိတ်ဝက်ခြံ (Cysts) တို့သည် အမာရွတ်ပိုမိုဖြစ်စေသည်။ ဝက်ခြံများကို ညှစ်ခြင်း သို့မဟုတ် ကုတ်ခြစ်ခြင်းသည် ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေပြီး အမာရွတ်များကို ပို၍ထင်ရှားစေသည်။
  • အသားအရေအရောင် ပြောင်းလဲခြင်း
    ဝက်ခြံပျောက်သွားပြီးနောက်တွင် အမာရွတ်မကျန်သော်လည်း အရေပြားပေါ်တွင် ပုံမှန်အရောင်ထက် ပိုရင့်သော အမည်းစက်များ (Hyperpigmentation) သို့မဟုတ် အရောင်ဖျော့သော အစက်အပြောက်များ (Hypopigmentation) ကျန်ရှိနိုင်သည်။
  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
    ဝက်ခြံကြောင့် မျက်နှာအလှအပကို ထိခိုက်စေသည့်အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းခြင်း၊ စိတ်အားငယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဖိစီးမှုများလည်း ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အိမ်တွင် ကိုယ်တိုင်ကုသသော နည်းလမ်းများဖြင့် မသက်သာပါက သို့မဟုတ် ဝက်ခြံပြင်းထန်လာပါက ဆရာဝန်နှင့် ပြသသင့်သည်။ အထူးသဖြင့် နာကျင်သော၊ ပြည်တည်နေသော သို့မဟုတ် အရေပြားကို ထိခိုက်စေသည့် ဝက်ခြံမျိုးဖြစ်ပါက အရေပြားအထူးကုဆရာဝန်နှင့် ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ဝက်ခြံရောဂါကို အရေပြားအထူးကုဆရာဝန်က လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် အရေပြားကို စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် ရှာဖွေအတည်ပြုသည်။ ထို့နောက် ဝက်ခြံ၏ ပုံစံ၊ ဖြစ်ပွားသည့်နေရာနှင့် ပြင်းထန်မှုကို အခြေခံ၍ အဆင့်သတ်မှတ်ပေးသည်။

  1. အဆင့် (၁) – အပျော့စား
    ဆားဝက်ခြံ၊ အဆီဖုနှင့် အနီဖုငယ်များသာ ရှိနေသည့် အခြေအနေဖြစ်သည်။
  2. အဆင့် (၂) – အလယ်အလတ်
    မျက်နှာပေါ်တွင် ပြည်တည်နေသော အဖုများ အများအပြား တွေ့ရသည့် အခြေအနေဖြစ်သည်။
  3. အဆင့် (၃) – အတန်အသင့် ပြင်းထန်
    အရွယ်အစားပိုကြီးသော ပြည်တည်အဖုများ၊ အလုံးကြီးဝက်ခြံများ ဖြစ်လာပြီး အရေပြား ရောင်ရမ်းနီမြန်းနေသည်။ ကျောနှင့် ရင်ဘတ်တို့တွင်ပါ တွေ့ရှိနိုင်သည်။
  4. အဆင့် (၄) – အလွန်ပြင်းထန်
    ကြီးမား၍ ရောင်ရမ်းနာကျင်သော ပြည်တည်ဝက်ခြံကြီးများ (Cysts) ဖြစ်နေသည့် အခြေအနေဖြစ်သည်။
ကုသခြင်း

ဝက်ခြံကုသမှုသည် ရောဂါ၏ အမျိုးအစားနှင့် ပြင်းထန်မှုအဆင့်ပေါ် မူတည်ပြီး ကွဲပြားသည်။ ကုသမှုတွင် လိမ်းဆေးများ၊ သောက်ဆေးများနှင့် အခြားကုထုံးများ ပါဝင်သည်။ အသက် (၁၂) နှစ်အောက် ကလေးများအတွက်မူ အရေပြားအထူးကုဆရာဝန်၏ လမ်းညွှန်ချက်အတိုင်းသာ ကုသသင့်သည်။

  1. လိမ်းဆေးများ
    • Benzoyl Peroxide နှင့် Retinoid ကဲ့သို့သော လိမ်းဆေးများသည် အဆီပိုများကို လျှော့ချပြီး မွေးညင်းပေါက်များ ပိတ်ဆို့ခြင်းကို ကာကွယ်သည်
    • ပဋိဇီဝပိုးသတ်ဆေးလိမ်းဆေးများသည် အရေပြားပေါ်ရှိ ပိုးများကို ထိန်းချုပ်ပေးသည်
      ဤလိမ်းဆေးများသည် ဘေးထွက်ဆိုးကျိုးအနေဖြင့် အရေပြားနီရဲခြင်း၊ ယားယံခြင်း သို့မဟုတ် ရောင်ရမ်းခြင်းများ ဖြစ်စေနိုင်သည်။
    • ပိုးသတ်ဆေးမဟုတ်သော အခြားလိမ်းဆေးအများ
      ဝက်ခြံဖြစ်စေသော အဓိကအချက်များဖြစ်သည့် အဆီထုတ်လုပ်မှုနှင့် ရောင်ရမ်းမှုကို ပိုမိုထိရောက်စွာ ပစ်မှတ်ထားသည် (ဥပမာ – Trifarotene, Clascoterone)
  2. သောက်ဆေးများ
    • အလယ်အလတ် သို့မဟုတ် ပြင်းထန်သော ဝက်ခြံအတွက် ပဋိဇီဝပိုးသတ်ဆေးသောက်ဆေးများ၊ ဟော်မုန်းဆိုင်ရာဆေးများနှင့် Retinoid သောက်ဆေးများကို အသုံးပြုနိုင်သည်
    • Retinoid သောက်ဆေးများသည် သန္ဓေသားကို ထိခိုက်နိုင်သဖြင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသော အမျိုးသမီးများအနေဖြင့် ဆရာဝန်နှင့် ဦးစွာတိုင်ပင်ရန် အထူးအရေးကြီးသည်
  3. အခြားကုထုံးများ
    • အလင်းဖြင့် ကုသခြင်း (Light Therapy) – သက်ဆိုင်ရာ ကုထုံးအလင်းရောင်များဖြင့် ပိုးများကို ဖယ်ရှားကုသခြင်း
    • ဓာတုပစ္စည်းဖြင့် ကုသခြင်း (Chemical Peel) – ဓာတုဆေးရည်များဖြင့် ဝက်ခြံကို ကုသခြင်းနှင့် အရေပြားကို ပြန်လည်ကောင်းမွန်စေခြင်း
    • ဝက်ခြံဆွဲထုတ်ဖယ်ရှားခြင်း (Drainage and Extraction) – ပြင်းထန်သော ဝက်ခြံအတွင်းမှ ပြည်များနှင့် အရည်များကို ဖေါက်ထုတ် ဖယ်ရှားပေးခြင်း
    • စတီးရွိုက်ဆေးထိုးခြင်း (Steroid Injection) – နာကျင်ပြီး ရောင်ရမ်းနေသော ဝက်ခြံကြီးများအတွင်းသို့ တိုက်ရိုက် ဆေးထိုး၍ ရောင်ရမ်းမှုကို လျင်မြန်စွာ သက်သာစေခြင်း
    • လေဆာကုထုံး (Laser Therapy) – ဝက်ခြံအမာရွတ်များကို ကုသရန်အတွက် အသုံးပြုခြင်း

ဝက်ခြံကုသမှုနည်းလမ်းများမှာ ဆက်လက်တိုးတက်နေပြီး ရောဂါ၏ အရင်းခံအကြောင်းများကို ပိုမိုပစ်မှတ်ထားသည့် နည်းလမ်းသစ်များ ပေါ်ထွက်လာသည်။

  • အရေပြားဆိုင်ရာ ပိုးမွှားများ (Microbiome) ကို အခြေခံသည့် ကုထုံးများ
    အရေပြားဆိုင်ရာ ပိုးမွှားများ (microbiome) ၏ မျှခြေကို ပြန်လည်ထိန်းညှိပေးခြင်းဖြင့် ဝက်ခြံဖြစ်စေသော ပိုးမွှားများ၏ ရှင်သန်မှုကို ဟန့်တားပြီး အကျိုးပြုပိုးမွှားများကို အားပေးခြင်းဖြင့် ဝက်ခြံကို ပိုမိုထိရောက်စွာ ရေရှည်ကာကွယ်နိုင်ရန် ရည်ရွယ်သည်။
ကာကွယ်ခြင်း

ဝက်ခြံဖြစ်ခြင်းကို အပြည့်အဝ တားဆီးရန် ခက်ခဲသော်လည်း အောက်ပါနည်းလမ်းများဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

  • မျက်နှာကို တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ သင့်လျော်သော မျက်နှာသစ်ဆေးရည် သို့မဟုတ် နူးညံ့သော ဆပ်ပြာဖြင့် သန့်စင်ပါ၊ လေ့ကျင့်ခန်းလုပ်ပြီးချိန် သို့မဟုတ် ချွေးထွက်ချိန်များတွင် သန့်ရှင်းရေးလုပ်ပါ
  • အိပ်ရာမဝင်မီ မိတ်ကပ်များကို သေချာစွာ ဖျက်ပါ၊ ထို့နောက် မျက်နှာသစ်ပြီး အဆီမပါသော မျက်နှာလိမ်းခရင်မ်ကို လိမ်းပေးပါ
  • ဝက်ခြံများကို လက်ဖြင့် မညှစ်ပါနှင့်၊ မကုတ်ပါနှင့်၊ ၎င်းသည် ပိုးဝင်ခြင်းနှင့် အမာရွတ်များကို ပိုမိုဆိုးရွားစေသည်
  • အရေပြားနှင့် ဓာတ်မတည့်သော၊ ယားယံစေသော၊ Alcohol ပါသော အလှကုန်ပစ္စည်းများနှင့် မွေးညင်းပေါက်များကို ပိတ်စေနိုင်သော (non-comedogenic) မဟုတ်သည့် အဆီပါဝင်မှုများသော ပစ္စည်းများကို ရှောင်ပါ
  • စိတ်ဖိစီးမှုကို လျှော့ချပြီး အဆီ၊ ဆားနှင့် သကြားဓာတ်များသော အစားအစာများကို လျှော့စားခြင်းဖြင့်လည်း ဝက်ခြံဖြစ်ခြင်းကို လျှော့ချနိုင်သည်

References:

  1. Cleveland Clinic. (n.d.). Acne. Retrieved July 14, 2025, from https://my.clevelandclinic.org/health/diseases/12233-acne
  2. NHS. (n.d.). Acne. Retrieved July 14, 2025, from https://www.nhs.uk/conditions/acne/
  3. Mayo Clinic. (n.d.). Acne: Symptoms and causes. Retrieved July 14, 2025, from https://www.mayoclinic.org/diseases-conditions/acne/symptoms-causes/syc-20368047
  4. Zouboulis, C. C., & Katsarou, A. (2023). Novel treatments for acne: New topical agents and their use in combination therapy. Journal of the European Academy of Dermatology and Venereology, 37(Suppl 4), 3–10.
  5. Dall’Oglio, F., Micali, G., et al. (2022). The role of the skin microbiome in acne vulgaris. Dermatology and Therapy (Heidelberg), 12(11), 2381–2395.
  6. Akanbi, L., Anupama, S., et al. (2023). Advances in acne treatment: A review of novel therapeutics. Journal of Drugs in Dermatology, 22(2), 142–150.
  7. Garg, T., Sinha, S., et al. (2022). Lasers and light devices for the treatment of acne and acne scars: A concise update. Journal of Cosmetic Dermatology, 21(10), 5062–5072.

Published: 30 August 2024

Last updated: 26 November 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.