Corns and calluses (အသားမာများ)

Corns and calluses (အသားမာများ)

အသားမာများ (Corns and calluses) သည် အရေပြားကို ထပ်ခါတလဲလဲ ပွတ်တိုက်ခြင်းနှင့် ဖိအားများဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာသည်။ ခန္ဓာကိုယ်နေရာအနှံ့တွင် ဖြစ်နိုင်သော်လည်း ခြေဖဝါး၊ လက်၊ ခြေချောင်းနှင့် လက်ချောင်းများတွင် အများဆုံး ဖြစ်ပေါ်သည်။ အများစုသည် ပြင်းထန်သော ရောဂါလက္ခဏာ မပြသော်လည်း အချို့အခြေအနေများတွင် နာကျင်ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများကြောင့် ကုသမှု ခံယူရန် လိုအပ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အသားမာ ဖြစ်ပေါ်ရသည့် အဓိကအကြောင်းရင်းများသည် နေ့စဉ်ဘဝနေထိုင်မှုပုံစံနှင့် သက်ဆိုင်သည်။

  • မသင့်လျော်သော ဖိနပ်များ စီးခြင်း
  • တင်းကျပ်လွန်းသော သို့မဟုတ် ဒေါက်မြင့်ဖိနပ်များ စီးခြင်းသည် ခြေထောက်ကို ပွတ်တိုက်မှုနှင့် ဖိအားများ ဖြစ်စေသဖြင့် အသားမာဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။
  • ခြေဗလာဖြင့် သွားလာခြင်း
  • ခြေအိတ်မပါဘဲ ဖိနပ်စီးခြင်း
  • မသင့်လျော်သော ကိုယ်ဟန်အနေအထားဖြင့် လမ်းလျှောက်ခြင်း
  • ခြေဖဝါးတည်ဆောက်ပုံ မမှန်ခြင်း
  • အလုပ်နှင့် အားကစားလှုပ်ရှားမှုများ
  • ခြေဖဝါး၊ လက်နှင့် လက်ချောင်းများကို ထပ်ခါတလဲလဲ အသုံးပြုရသော လှုပ်ရှားမှုများ (ဥပမာ _ အားကစားသမားများ သို့မဟုတ် လက်မှုပညာရှင်များ) သည် ပွတ်တိုက်မှုနှင့် ဖိအားများကြောင့် အသားမာကို ဖြစ်ပေါ်စေသည်။
ရောဂါလက္ခဏာများ

အသားမာများ၏ ပုံသဏ္ဌာန်နှင့် လက္ခဏာများသည် ၎င်းတို့၏ အမျိုးအစားပေါ် မူတည်၍ ကွဲပြားသည်။

  • အသားမာ (Callus)
    ၎င်းသည် အရွယ်အစား ပိုကြီးပြီး ပို၍ ထူသော၊ မာသော အရေပြားအကွက်တစ်ခုအနေဖြင့် တွေ့ရသည်။ ခြေဖနောင့်၊ ခြေဖဝါး၊ လက်ဖဝါးနှင့် ဒူးခေါင်းတို့တွင် အတွေ့များပြီး ပုံမှန်အားဖြင့် နာကျင်မှု မရှိပေ။
  • အလုံးမာ (Corn)
    ၎င်းသည် သေးငယ်၍ အဝိုင်းသဏ္ဌာန်ရှိပြီး မြင့်တက်နေသည့် မာကျောသောအရေပြားအဖုဖြစ်သည် ဖိကြည့်ပါက နာကျင်ခြင်း၊ ကသိကအောင့်ဖြစ်ခြင်းကို ခံစားရတတ်သည်။
  • အခြားလက္ခဏာများ
    • ထူထပ်ကြမ်းတမ်းသော အရေပြား
    • မာသောအဖုအထစ်များ
    • အရေပြားနာကျင်ခြင်း (အလုံးမာတွင် ပိုအဖြစ်များ)
    • အရည်ကြည်ဖုဖြစ်ခြင်း သို့မဟုတ် ခြောက်သွေ့သောအ‌ရေပြား ဖြစ်ခြင်း
Corns and calluses image
နောက်ဆက်တွဲပြဿနာများ

အသားမာများသည် နာကျင်မှုနှင့်အတူ ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ ဆီးချိုရောဂါရှိသူများ၊ အာရုံကြောထိခိုက်မှုရှိသူများနှင့် သွေးလည်ပတ်မှု အားနည်းသူများတွင် အသားမာများသည် ပြည်တည်နာ သို့မဟုတ် အနာများ ဖြစ်ပေါ်စေနိုင်သောကြောင့် ပိုမိုသတိထားရမည်။ ထိုသို့ဖြစ်လာပါက ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသရန် သို့မဟုတ် ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်၊ အလုပ်အကိုင်၊ လမ်းလျှောက်၍ဖြစ်စေ၊ မတ်တတ်ရပ်၍ဖြစ်စေ အလုပ်လုပ်ရသော ကြာချိန်များကိုမေးမြန်းခြင်းနှင့် အရေပြားအားစမ်းသပ်စစ်ဆေးခြင်း၊ လမ်းလျှောက်သည့်ပုံစံနှင့် ခြေဖဝါးပုံစံတို့ကို ကြည့်ရှုစစ်ဆေးခြင်းဖြင့် ရောဂါသတ်မှတ်နိုင်သည်။ ယေဘုယျအားဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းများ မလိုအပ်ပါ။

ကုသခြင်း

ကုသမှုသည် ရောဂါလက္ခဏာပေါ် မူတည်သည်။ ၎င်းတို့မှာ_

  • အသားမာရှိသောနေရာကို ပျော့‌ပျောင်းလာစေရန် ရေ‌နွေးစိမ်ခြင်း (၅ – ၁၀ မိနစ်ခန့်)
  • သန့်ရှင်းသောတံစဥ်းကို အဆင်သင့်ထားရှိပြီး ပျော့ပျောင်းနေသော အသားမာကို ညင်သာစွာ တိုက်ပေးခြင်း (အရေပြားပေါ် ရှိဆဲလ်သေများ ကုန်သည်အထိ တိုက်‌ပေးရန်၊ သွေးထွက်နိုင်သည်ကို သတိထားရန်)
  • အသားမာရှိသောနေရာကို ပျော့ပျောင်းစေရန် အစိုဓာတ်ပါသောခရင်မ် သို့မဟုတ် ယူရီးယား၊ အမိုးနီယမ်လက်တိပ် ပါဝင်သော ခရင်မ်များ လိမ်းခြင်း
  • အသားမာကပ်ခွာများကို အသုံးပြုခြင်း
  • သင့်လျော်‌သော အရွယ်အစား၊ ပုံသဏ္ဌာန်ရှိသည့် ဖိနပ် ဝတ်ဆင်ခြင်း
  • ခြေသည်းများကို စနစ်တကျ ညှပ်ပေးခြင်း
  • အသားမာသည် နာကျင်ရောင်ရမ်းခြင်း ဖြစ်‌ပေါ်ပါက ရေခဲကပ်ခြင်း [(၁၀-၂၀) မိနစ်ထက် မပိုရ]
  • ဆီးချိုရောဂါရှိပါက အသားမာများကို ဆရာဝန်နှင့် ပြသခြင်း
  • အသားမာများကို ချွန်ထက်သောကိရိယာများဖြင့် ဖယ်ရှားမှုကို ရှောင်ကြဥ်ခြင်း
  • အထက်ပါနည်းလမ်းများဖြင့် ပျောက်ကင်းမှု၊ သက်သာမှုမရှိခြင်း၊ ခြေဖဝါးနှင့် ခြေချောင်းများ တည်ဆောက်ပုံမမှန်ခြင်း၊ အသားမာ နာကျင်ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်းနှင့် လမ်းလျှောက်ရန် ခက်ခဲခြင်းတို့ကြောင့် ခွဲစိတ်ကုသရခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း
  • မိမိနှင့်သင့်လျော်‌သောအရွယ်အစား၊ ပုံသဏ္ဌာန်ရှိသည့် ဖိနပ် ဝတ်ဆင်ခြင်း
  • ဖိနပ်စီးပါက ခြေအိတ်အသုံးပြုခြင်း
  • ဖိနပ်စီးရာတွင် ဖိနပ်အတွင်းခံဖော့ ခံ၍စီးခြင်း (padded insole)
  • လက်အိတ်ဝတ်ဆင်၍ အလုပ်လုပ်ခြင်း၊ အားကစားလုပ်ခြင်း
  • ခြေထောက်များကို နေ့စဥ်သန့်ရှင်းရန် ဂရုစိုက်ခြင်း
  • ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများကိုသာ အသုံးပြုခြင်း စသည့်အချက်များဖြင့် ကာကွယ်နိုင်သည်။
ပြောင်းလဲတိုးတက်မှုများ

အသားမာများအတွက် ရိုးရာကုထုံးများအပြင် ခေတ်မီနည်းပညာများကိုလည်း အသုံးပြုလာသည်။

  • Microwave (မိုက်ခရိုဝေ့ဖ်) နည်းပညာဖြင့် ကုသခြင်း
    လက်ကိုင် မိုက်ခရိုဝေ့ဖ် ကိရိယာများဖြင့် အသားမာရှိသောနေရာကို အပူပေးကုသခြင်းသည် နာကျင်မှုများကို လျှော့ချပေးပြီး ထိရောက်မှုရှိသည်ဟု သုတေသနအချို့က ဖော်ပြသည်။
  • Podiatry (ခြေထောက်ဆိုင်ရာ အထူးစောင့်ရှောက်မှု)
    ခြေထောက်နှင့်ဆိုင်သော ရောဂါများအတွက် အထူးကုသပေးသည့် ပညာရပ်ဖြစ်သည်။ အသားမာများကို ပိုမိုတိကျသော ကိရိယာများဖြင့် ခွဲစိတ်ဖယ်ရှားခြင်းနှင့် ခြေထောက်၏ အနေအထားကို ပြန်လည်ချိန်ညှိပေးသည့် ကုသမှုများ ပါဝင်သည်။
  • ခွဲစိတ်ကုသမှု
    ခြေဖဝါး သို့မဟုတ် ခြေချောင်းများ၏ အရိုးတည်ဆောက်ပုံ မမှန်ခြင်းကြောင့် အသားမာများ ထပ်ခါတလဲလဲ ဖြစ်ပေါ်ပါက ထိုအရိုးကို ပြန်လည်ပြုပြင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းစသည့် ခွဲစိတ်ကုသမှုများကို ပြုလုပ်နိုင်သည်။

References:

  1. Mayo Clinic. (n.d.). Corns and calluses: Symptoms & causes. Retrieved October 4, 2025, from https://www.mayoclinic.org/diseases-conditions/corns-and-calluses/symptoms-causes/syc-20355946
  2. NHS. (2022). Corns and calluses. Retrieved October 4, 2025, from https://www.nhs.uk/conditions/corns-and-calluses/
  3. Cleveland Clinic. (2023). Corns and calluses. Retrieved October 4, 2025, from https://my.clevelandclinic.org/health/diseases/16896-corns-and-calluses
  4. DermNet New Zealand. (n.d.). Corn and callus. Retrieved October 4, 2025, from https://dermnetnz.org/topics/corn-callus
  5. American Orthopaedic Foot & Ankle Society. (2021). Corns and calluses. https://www.footcaremd.org/conditions-treatments/toes/corns-and-calluses
  6. Podiatry Today. (2020). Successful treatment of hard corns in two patients using microwave energy. Podiatry Today. https://www.ncbi.nlm.nih.gov/pmc/articles/PMC7747050/

Published: 30 August 2024

Last updated: 22 October 2025

Share

4 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.