ခြေသည်း၊ လက်သည်း မှိုစွဲခြင်းဆိုသည်မှာ ခြေသည်း၊ လက်သည်းများအတွင်း မှိုပိုးများ ဝင်ရောက်ပေါက်ဖွားခြင်းကြောင့် ဖြစ်ပေါ်လာသော မှိုစွဲခြင်းရောဂါဖြစ်သည်။ မှိုစွဲခြင်းသည် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း လက်သည်းခြေသည်းများတွင် အဖြစ်များလေ့ရှိသည်။ မှိုပိုးများသည် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော သေးငယ်သည့်ပိုးမွှားများဖြစ်ကြပြီး ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်နေကြသည်။ လူတို့၏အရေပြားပေါ်တွင် မှိုပိုးများ ရှိနေတတ်သော်လည်း တစ်နေရာတည်းတွင် စုပုံ၍ အလွန်အကျွံပေါက်ဖွားလာပါက မှိုစွဲခြင်းကို ဖြစ်ပေါ်စေသည်။ ထိုသို့မှိုစွဲသောအခါ ခြေသည်းလက်သည်းများ ထူလာပြီး အရောင်ပြောင်းလာကာ ကြွပ်ဆတ် ကျိုးပဲ့လွယ်လာခြင်းဖြစ်သည်။ ခြေသည်း၊ လက်သည်းမှိုစွဲခြင်းကို ဆေးပညာအခေါ်အဝေါ်အရ Onychomycosis ဟုခေါ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မှိုပိုးအမျိုးအစားများစွာသည် ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို ဖြစ်ပေါ်စေသည်။ မှိုများသည် ပူနွေးစိုစွတ်သော ပတ်ဝန်းကျင်တွင် ပေါက်ပွါးကြပြီး ထိုမှိုများ ပေါက်ပွားရှင်သန်သည့်နေရာများနှင့် ထိတွေ့ခြင်းကြောင့် ကူးစက်နိုင်သည်။ သာဓကအားဖြင့် စိုစွတ်နေသော သစ်သားလျှာထိုး အထပ်သားအဟောင်းများပေါ်တွင် ဖိနပ်မပါဘဲ လျှောက်သွားခြင်း၊ စိုစွတ်နေသည့် ရှူးဖိနပ်များကို အချိန်ကြာမြင့်စွာဝတ်ခြင်း စသည်တို့မှတစ်ဆင့် ကူးစက်နိုင်သည်။ မိမိခန္ဓာကိုယ်တွင် မှိုရောဂါရှိခြင်းမှတစ်ဆင့်လည်း ခြေသည်း၊ လက်သည်းများတွင် မှိုစွဲခြင်းကို ဖြစ်စေနိုင်သည်။
ခြေသည်း၊ လက်သည်းမှိုစွဲခြင်း အဓိကအမျိုးအစား (၄) မျိုးရှိသည်။
- ခြေသည်း၊ လက်သည်း၏ အဖျားနှင့် ဘေးပိုင်း မှိုစွဲခြင်း (Distal or lateral subungual onychomycosis)
- ခြေသည်း၊ လက်သည်း၏ အပေါ်ယံလွှာ မှိုစွဲခြင်း (White superficial onychomycosis)
- ခြေသည်း၊ လက်သည်း၏ အရင်းပိုင်း မှိုစွဲခြင်း (Proximal subungual onychomycosis)
- ခြေသည်း၊ လက်သည်းတွင် ကန်ဒီဒါပိုး မှိုစွဲခြင်း (Candidal onychomycosis)
ခြေသည်းလက်သည်း မှိုစွဲခြင်း ဖြစ်ပေါ်နိုင်ခြေ မြင့်မားသော အကြောင်းရင်းများမှာ_
- အသက်အရွယ်ကြီးခြင်း (အသက် ၆၅ နှစ်နှင့်အထက်)
- စိုစွတ်ထိုင်းမှိုင်းသော နေရာများ (ဥပမာ _ ရေကူးကန်) တွင် ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း
- ခြေထောက် ချွေးထွက်ခြင်းဖြစ်ပေါ်နိုင်သော အလုံပိတ်ဖိနပ်များ (ဥပမာ _ အားကစားဖိနပ်၊ ဘွတ်ဖိနပ်) စီးခြင်း
- ခြေသည်း၊ လက်သည်းအတုများ တပ်ဆင်ခြင်း
- ခြေချောင်း၊ လက်ချောင်းများ ရေနှင့် ကြာရှည်စွာထိတွေ့၍ စိုစွတ်နေခြင်း
- အရေပြား (သို့မဟုတ်) လက်သည်းခြေသည်းများတွင် ဒဏ်ရာရခြင်း
- ဆိုရီယားစစ်ရောဂါရှိခြင်း
- မိသားစုမျိုးရိုးတွင် မှိုပိုးရောဂါရှိခြင်း
- ဆီးချိုရောဂါရှိခြင်း၊ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများ သို့မဟုတ် ခုခံအားစနစ် အားနည်းနေခြင်းတို့ ဖြစ်ကြသည်၊ ခြေသည်း၊ လက်သည်းမှိုစွဲခြင်းသည် အမျိုးသားများတွင် အမျိုးသမီးများထက် ပိုမိုအဖြစ်များလေ့ရှိပြီး၊ ကလေးများထက် လူကြီးများတွင် ပို၍တွေ့ရှိရတတ်သည်
ရောဂါလက္ခဏာများ
မှိုစွဲခြင်း အမျိုးအစားများအပေါ် မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။ စစချင်းတွင် သာမန်မျှသာဖြစ်ပြီး တဖြည်းဖြည်းပို၍ ဆိုးရွားလာနိုင်သည်။ ပထမဦးစွာ လက်သည်းခြေသည်းအောက်တွင် အဖြူရောင် (သို့မဟုတ်) ညိုဝါရောင် အစက်ကလေးများကိုသာ မြင်တွေ့ရသည်။ အချိန်ကြာလာသောအခါ လက်သည်း၊ ခြေသည်းတစ်ခုလုံးကို ပျံ့နှံ့သွားပြီး အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင် (သို့မဟုတ်) အမည်းရောင်သို့ ပြောင်းလဲသွားနိုင်သည်။
ထို့နောက်ခြေသည်း၊ လက်သည်းများ
- ထူလာခြင်း
- ကြွပ်ဆတ်ခြင်း၊ ပွန်းပဲ့လွယ်ခြင်း၊ မညီညာခြင်း
- ပုံသဏ္ဍန်ပျက်ယွင်းခြင်း
- အရင်းမှ ကွာခြင်း
- အနံ့ထွက်ခြင်းစသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
မှိုစွဲခြင်းကို သေချာကုသမှုမခံယူဘဲ ပိုဆိုးလာလျှင် ခြေသည်း၊ လက်သည်းများ လုံးဝပျက်စီးဆုံးရှုံးပြီး နာကျင်ကိုက်ခဲခြင်းတို့ ခံစားရနိုင်သည်။ မိမိတွင် ကိုယ်ခံအားကျဆင်းသည့် အခြေအနေများ (ဥပမာ _ ဆီးချိုရောဂါရှိခြင်း၊ ကိုယ်ခံအားနှိမ့်ချသော ဆေးများ သောက်သုံးနေရခြင်း) ကြောင့် မှိုပိုးများသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နိုင်ပြီး ပြင်းထန်ဆိုးရွားသည့် အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အထက်ပါ ရောဂါလက္ခဏာများသည် မိမိဘာသာ တစ်ကိုယ်ရေ သန့်ရှင်းရေးကောင်းမွန်အောင် ဂရုစိုက်ကုသ၍ မပျောက်ကင်းဘဲ ပိုမိုဆိုးဝါးလာလျှင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ ထို့အပြင် ဆီးချိုရောဂါရှိခြင်း၊ ခြေသည်း၊ လက်သည်းများမှ သွေးထွက်ခြင်း၊ ခြေသည်း၊ လက်သည်းများ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ခြေသည်းမှိုစွဲခြင်းကြောင့် လမ်းလျှောက်ရခက်ခဲခြင်း အစရှိသော အခြေအနေများရှိပါက မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်လျှင် အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာ၀န်သည် လူနာ၏ ရောဂါလက္ခဏာများအကြောင်း မေးမြန်းခြင်း၊ နေထိုင်မှုပုံစံ၊ ရောဂါအခံရှိမရှိ မေးမြန်းခြင်းနှင့် လူနာ၏ လက်သည်း၊ ခြေသည်းများကို စမ်းသပ်ခြင်းများ ပြုလုပ်ခြင်းဖြင့် မှိုစွဲခြင်းကို လွယ်ကူစွာ သိရှိနိုင်သည်။ လိုအပ်ပါက ခြေသည်း၊ လက်သည်းအစများကို ဓာတ်ခွဲခန်းပို့စစ်ဆေးပြီး မှိုပိုးများရှာဖွေခြင်း ပြုလုပ်နိုင်သည်။
ကုသခြင်း
တချို့သော ခြေသည်း၊ လက်သည်း မှိုစွဲခြင်းသည် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပြီး သေချာ သန့်ရှင်းရေးလုပ်လျှင် မှိုစွဲခြင်း ပျောက်ကင်းနိုင်သည်။ ထိုသို့သေချာသန့်ရှင်းလုပ်၍ မပျောက်ကင်းလျှင် ဆရာဝန်နှင့် သေချာကုသမှု ခံယူရမည်။ မိမိ၏ မှိုစွဲခြင်းအမျိုးအစားနှင့် ပြင်းထန်ခြင်းပေါ် မူတည်၍ ကုသမှုပေးရန် လိုအပ်ပြီး ပျောက်ကင်းနိုင်ရန်အချိန် လပေါင်းများစွာ ကြာမြင့်နိုင်သည်။
ခြေသည်းလက်သည်း အခြေအနေများ တိုးတက်ကောင်းမွန်လာသည့်တိုင်အောင် မှိုပိုးစွဲခြင်း နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားနိုင်ခြေ အလွန်များသည်။
- ဆေးဝါးများနှင့်ကုသခြင်း
- မှိုသတ်ဆေးများ သောက်သုံးခြင်း (Oral Antifungal drugs – Itraconazole, fluconazole, terbinafine, griseofulvin)
မှိုပိုးသတ်ဆေးများကို (၆)ပတ် မှ (၁၂)ပတ်အထိ နေ့စဥ်ပုံမှန်သောက်သုံးရန် လိုအပ်သည်။ ထိုဆေးများသည် ရောဂါပိုးရှိသော အစိတ်အပိုင်းနေရာတွင် ရောဂါပိုးကင်းစင်သော ခြေသည်း၊ လက်သည်းအသစ်များ အစားထိုးထွက်လာစေရန် ကူညီပေးသည်။ မှိုပိုးလုံးဝကင်းစင်ပပျောက်စေရန် အချိန် လေးလ သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်နိုင်သည်။ အသက် (၆၅) နှစ်အထက် လူကြီးများတွင် ဤဆေးဝါးများဖြင့် ကုသမှု အောင်မြင်နိုင်မှု ပိုမိုနည်းပါးသည်ကို တွေ့ရှိရသည်။ မှိုသတ်ဆေးများသည် အသည်းထိခိုက်ခြင်းနှင့် အဖုအပိမ့်၊ အနီပြင်များ ဖြစ်ပေါ်နိုင်သောကြောင့် ဆရာဝန် ညွှန်ကြားချက်ပါမှသာ သောက်သုံးရမည်။ အသည်းနှင့် နှလုံးရောဂါအခံရှိသူများတွင် မှိုသတ်ဆေးကို မသောက်သုံးသင့်ပါ။ - မှိုပိုးသတ်ဆေးလိမ်းဆေး (Antifungal cream)
မှိုပိုးသတ်ဆေးလိမ်းဆေးများ (Efinaconazole/ Tavaborole) ကို မှိုပိုးဝင်နေသော ခြေသည်း၊ လက်သည်းထဲသိုထဲသို့ ပွတ်၍လိမ်းပေးခြင်းဖြင့် ကုသနိုင်သည်။ - ခြေသည်း၊ လက်သည်း အရောင်တင်မှိုသတ်ဆေး (Antifungal nail polish)
ခြေသည်း၊ လက်သည်း အရောင်တင် မှိုသတ်ဆေး (Ciclopirox) ကို မှိုစွဲနေသည့် ခြေသည်း၊ လက်သည်းနှင့် အနီးနားဝန်းကျင်ရှိ အရေပြားပေါ်တွင် သုတ်လိမ်းပေးရမည်။ (၇) ရက်ပြည့်ပြီးသောအခါ လိမ်းထားသောအလွှာများကို အရက်ပြန်နှင့် သန့်စင်ပြီးနောက် နောက်တစ်ကြိမ် အသစ်ထပ်လိမ်းပါ။ ထိုအရောင်တင် မှိုသတ်ဆေးကို တစ်နှစ်နီးပါးခန့် နေ့စဥ်လိမ်းပေးရန် လိုအပ်နိုင်သည်။
- မှိုသတ်ဆေးများ သောက်သုံးခြင်း (Oral Antifungal drugs – Itraconazole, fluconazole, terbinafine, griseofulvin)
- ခွဲစိတ်ကုသခြင်း
- လိုအပ်ပါက ခြေသည်း၊ လက်သည်း ယာယီဖယ်ရှားထုတ်ပြီး မှိုသတ်ဆေးလိမ်းဆေးကို တိုက်ရိုက် မှိုစွဲသောနေရာကို လိမ်းခြင်းဖြင့်လည်း ကုသနိုင်သည်
- လက်သည်း၊ ခြေသည်းများကို အမြစ်မှ အပြီးအပိုင် ဖယ်ရှားသည့် ခွဲစိတ်ကုသမှုသည် အထိရောက်ဆုံး နည်းလမ်းဖြစ်သော်လည်း အသုံးပြုမှု အလွန်နည်းသည်
ကာကွယ်ခြင်း
အောက်ဖော်ပြပါ အလေ့အထများကို လိုက်နာခြင်းဖြင့် ခြေသည်း၊ လက်သည်းမှိုစွဲခြင်းကို ကာကွယ်နိုင်သည်။
- ခြေသည်း၊ လက်သည်းများကို သန့်ရှင်း၍ ခြောက်သွေ့အောင်ထားပါ၊ ခြေလက်များကို ပုံမှန်ဆေးကြောပါ၊ မှိုစွဲနေသော လက်သည်းခြေသည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆေးကြောပါ
- ခြေသည်း၊ လက်သည်းများကို အရှည်မထားဘဲ ပုံမှန်ညှပ်ပေးပါ၊ လက်သည်းညှပ်ကို မသုံးခင်နှင့် သုံးပြီးတိုင်း ပိုးသတ်ပါ
- ချွေးစုပ်သည့် ခြေအိတ်များကိုသာ ဝတ်ဆင်ပါ၊ ခြေအိတ်များ ပြောင်းလဲအသုံးပြုပါ
- ခြေထောက် လေဝင်လေထွက်ကောင်းသည့် ဖိနပ်များ ဝတ်ဆင်ပါ
- အများသုံး ရေကူးကန်နေရာများနှင့် အဝတ်လဲခန်းများတွင် ဖိနပ်စီးပါ
- သန့်ရှင်းပြီး ပိုးသတ်ထားသော ပစ္စည်းများသုံးသည့် ခြေသည်း၊ လက်သည်းအလှပြင်ဆိုင်များကို ရွေးချယ်ပါ
- မျက်နှာသုတ်ပဝါများကို မှိုရောဂါရှိသူများနှင့် မျှဝေသုံးစွဲခြင်းကို ရှောင်ကြဥ်ပါ
- ခြေသည်း၊ လက်သည်းအတုများ တပ်ဆင်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ
References:
- Mayo Clinic. (2024). Nail fungus – Symptoms & causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/nail-fungus/symptoms-causes/syc-20353294
- WebMD. (2025). Fungal nail infections. Retrieved July 26, 2025, from https://www.webmd.com/skin-problems-and-treatments/fungal-nail-infections
- Healthline. (2024). Fungal nail infection: Overview, causes & treatments. Retrieved July 26, 2025, from https://www.healthline.com/health/fungal-nail-infection#causes
Published: 30 August 2024
Last updated: 18 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.