Penile cancer (လိင်တံကင်ဆာ)

Penile cancer (လိင်တံကင်ဆာ)

လိင်တံကင်ဆာသည် လိင်တံထိပ်အရေပြား မဖြတ်ထားသော အမျိုးသားများတွင် အဖြစ်များသည်။ မိမိလိင်တံတွင် မသင်္ကာစရာ အနာ၊ အကျိတ်နှင့် အရောင်ပြောင်းလဲမှုများ ရှိပါက မိသားစုဆရာဝန်နှင့် ပြသစစ်ဆေးသင့်သည်။ လိင်တံကင်ဆာသည် ရောဂါအမြစ်မတွယ်မီ အစောပိုင်းအဆင့်တွင်သိရှိပါက ထိရောက်စွာ ကုသနိုင်သည်။ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ကင်ဆာပျံ့နှံ့သွားပါက ကုသရန် အလွန်ခက်ခဲသည်။ လိင်တံတွင် ထိပ်ဖူးပိုင်းနှင့် ကိုယ်ထည်ပိုင်းဟူ၍ အပိုင်း (၂) ပိုင်း ပါဝင်သည်။ ထိပ်ဖူးပိုင်းကို အရေပြားဖြင့် ငုံထားသည်။ လိင်တံထိပ်အရေပြား ဖြတ်ထားပါက လိင်တံထိပ်ဖူးသည် ပေါ်နေမည်ဖြစ်သည်။

လိင်တံကင်ဆာသည် လိင်တံထိပ်ဖူးပိုင်း (သို့မဟုတ်) ထိပ်ဖူးအရေပြားတွင် အဖြစ်များသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လိင်တံကင်ဆာဖြစ်ပွါးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရှိသေးသော်လည်း လိင်တံကင်ဆာ ပိုမိုဖြစ်ပွါးစေသည့် အချက်များကို လေ့လာတွေ့ရှိပြီးဖြစ်သည်။ ယင်းအချက်များမှာ_

  • အသက်အရွယ်ကြီးခြင်း _ လိင်တံကင်ဆာသည် အသက် (၅၅) နှစ်အထက် အမျိုးသားများတွင် အဖြစ်များသည်
  • လိင်တံထိပ်အရေပြား မဖြတ်ခြင်း _ လိင်တံထိပ်အရေပြား မဖြတ်ထားသူများတွင် ပိုမိုအဖြစ်များသည်
  • လိင်တံထိပ်အရေပြား ငုံခြင်း (Phimosis) – လိင်တံထိပ်ဖူးပေါ်သည်အထိ လိင်တံထိပ်အရေပြား နောက်သို့ လှန်မရခြင်း ဖြစ်သည်၊ ငယ်စဥ်ကလေးဘဝမှစ၍ အရွယ်ရောက်သည်အထိ ယင်းသို့ ဖြစ်နေပါက လိင်တံထိပ်ဖူးနှင့် အရေပြားကြားထဲတွင် ဆီးချိုးကျန်ခြင်း၊ ဆီးလောင်ခြင်း၊ ပိုးဝင်ခြင်းတို့ကြောင့် မကြာခဏ ရောင်ရမ်းမှုမှတစ်ဆင့် လိင်တံကင်ဆာ ပိုမိုဖြစ်ပွါးနိုင်သည်
  • ကြွက်နို့ ဗိုင်းရပ်စ်ပိုး (Human Papilloma Virus) – သားအိမ်ခေါင်းကင်ဆာဖြစ်စေသော ကြွက်နို့ဗိုင်းရပ်စ်ပိုးကို လိင်တံကင်ဆာဖြစ်သူ (၅၀%)တွင် တွေ့ရှိရသည်
  • ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်း _ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ ရှူခြင်း၊ ဝါးခြင်းတို့သည် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေသည့်အပြင် ပုံမှန်ဆဲလ်များကို ထိခိုက်စေသောကြောင့် ကင်ဆာဖြစ်ပွါးခြင်းကို အားပေးသည်
  • တစ်ကိုယ်‌‌ရေသန့်ရှင်းမှု အားနည်းခြင်း _ လိင်တံထိပ်အရေပြား မဖြတ်ထားပါက လိင်တံထိပ်ဖူးနှင့် အရေပြားကြား သန့်ရှင်းစွာ မဆေးကြောပါက အနံ့ဆိုးသော အဖြူဖတ်၊ ဆီးချိုးများ အရေပြားအောက်တွင် ဖြစ်ပေါ်စေပြီး ကင်ဆာပိုဖြစ်စေသည်
လိင်တံကင်ဆာ အမျိုးအစားများ
  • SCC (Squamous cell carcinoma) အမျိုးအစားကို လိင်တံကင်ဆာဖြစ်သူများ၏ (၉၅%)တွင် တွေ့ရပြီး အဖြစ်အများဆုံးဖြစ်သည်၊ လိင်တံအရေပြား၏ အပေါ်ဆုံးအလွှာမှ ကင်ဆာအကျိတ် စတင်ဖြစ်ပွါးသည်
  • BCC (Basal cell carcinoma) အမျိုးအစား လိင်တံကင်ဆာသည် အရေပြား၏ အောက်ဆုံးအလွှာမှ ကင်ဆာအကျိတ် စတင်ဖြစ်ပွါးပြီး ကြီးထွားနှုန်းနှေးလေ့ရှိသည်
  • မှဲ့ ကင်ဆာ (Melanoma) အမျိုးအစားသည် ဆိုးရွားပြင်းထန်သည့်ကင်ဆာဖြစ်သည်
  • Sarcoma အမျိုးအစား လိင်တံကင်ဆာသည် ကြွက်သားတွင် ဖြစ်ပွါးပြီး အလွန်ရှားပါးသည့် အမျိုးအစားဖြစ်သည်
ရောဂါလက္ခဏာများ

လိင်တံတွင် နာကျင်မှုမရှိသော အနာ၊ အကျိတ် (သို့မဟုတ်) ကြွက်နို့ကဲ့သို့ အကျိတ်တည်ခြင်းသည် အဖြစ်များဆုံး သတိပြုမိတတ်သည့် လက္ခဏာဖြစ်သည်။

တွဲဖြစ်တတ်သော လက္ခဏာများမှာ_

  • အကျိတ် (သို့မဟုတ်) အနာမှ သွေးထွက်ခြင်း
  • လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း
  • လိင်တံထိပ်အရေပြား ထူလာခြင်း သို့မဟုတ် အရောင်ပြောင်းခြင်း
  • လိင်တံအရေပြားအောက်မှ အနံ့ဆိုးသော အရည်များထွက်ခြင်း စသည်တို့ဖြစ်သည်။

ရောဂါရင့်လာလျှင်

  • အကျိတ်မှာ မှိုပွင့်သဏ္ဌာန်ဖြစ်လာပြီး အလယ်တွင် အနာဖြစ်ခြင်း
  • ပေါင်ခြံအကျိတ်များ ကြီးလာခြင်းတို့ တွေ့ရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက သင်၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း
  • စမ်းသပ်စစ်ဆေးမှု
    ရောဂါရှာဖွေရန် လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် လိင်တံ၊ ပေါင်ခြံ စသည့် နေရာများကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။
  • အသားစယူစစ်ဆေးမှု (Biopsy)
    ကင်ဆာအကျိတ်မှ အသားစယူစစ်ဆေးခြင်းသည် ကင်ဆာရောဂါကို အတိကျဆုံး အဖြေထုတ်ပေးနိုင်သည်။
  • ဓာတ်မှန်ရိုက်စစ်ဆေးမှုများ
    ဓာတ်မှန် (X ray) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ဖြင့် ကင်ဆာပျံ့နှံ့မှုကို သိရှိနိုင်သည်။ အဆုတ်သို့ပျံ့နှံ့မှုကို သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန် (CXR) နှင့် ရင်ဘတ်ကွန်ပြူတာဓာတ်မှန် (CT Chest) တို့ကို ရိုက်နိုင်သည်။ ဝမ်းဗိုက်အတွင်း ပြန်ရည်ကြောအကျိတ်များတွင် ကင်ဆာပျံ့နှံ့မှုကို ဝမ်းဗိုက်ကွန်ပျူတာဓာတ်မှန် (CT Abdomen) ရိုက်ပြီး ရှာဖွေဖော်ထုတ်နိုင်သည်။ ဦးနှောက်နှင့် အာရုံကြောမကြီးများသို့ ကင်ဆာပျံ့နှံ့သည်ဟု သံသယရှိပါက သံလိုက်ဓာတ်မှန် (MRI Brain) ရိုက်မည်ဖြစ်သည်။ ပီအီးတီစကင်န် (PET scan) ရိုက်၍စစ်ဆေးခြင်းဖြင့် ကင်ဆာပျံ့နှံ့ခြင်းအခြေအနေနှင့် ကုထုံးများထိရောက်မှုကို အဖြေထုတ်နိုင်သည်။
လိင်တံကင်ဆာအဆင့် သတ်မှတ်ခြင်း

သင့်တော်သောကုထုံးကို ရွေးချယ်နိုင်ရန် ကင်ဆာ အရွယ်အစား၊ ကင်ဆာပျံ့နှံ့မှု စသည့်အချက်များ အပေါ်မူတည်၍ ကင်ဆာအဆင့်ကို စစ်ဆေးသတ်မှတ်သည်။

လိင်တံကင်ဆာတွင် အောက်ဖော်ပြပါ TNM ကင်ဆာအဆင့် သတ်မှတ်ခြင်းစနစ် အသုံးပြုသည်။

  1. “T” သည် ကင်ဆာအကျိတ် (Tumour) ကို ဖော်ပြပြီး အကျိတ် အရွယ်အစား၊ လိင်တံအတွင်း အမြစ်တွယ်သည့် ပမာဏနှင့် လိင်တံအနီးရှိ ကပ်ပယ်အိတ်၊ ဆီးကျိတ်၊ ဆီးခုံရိုးများသို့ လှိုက်စားမှုတို့ အပေါ် မူတည်သတ်မှတ်သည်။
  2. “N” သည် ပြန်ရည်ကြောအကျိတ် (Node) ကို ဖော်ပြပြီး ကင်ဆာဆဲလ်များ ရောက်ရှိနေသော ပြန်ရည်ကြောအကျိတ် ပမာဏနှင့် တည်နေရာတို့အပေါ် မူတည်သတ်မှတ်သည်။
  3. “M” သည် အခြားကိုယ်အင်္ဂါများသို့ ကင်ဆာဆဲလ် ပျံ့နှံ့မှု (Metastasis) ကို ဖော်ပြသည်။

ထို့နောက် ကင်ဆာအဆင့် (၁) မှ (၄) အထိ ခွဲခြားနိုင်သည်။ အဆင့် (၁) သည် ကင်ဆာပျံ့နှံ့မှု အနည်းဆုံးဖြစ်ပြီး အဆင့် (၄) သည် ကင်ဆာပျံ့နှံ့မှု အများဆုံးဖြစ်သည်။ ကင်ဆာအဆင့်နိမ့်လျှင် ကုသမှုရလဒ် ကောင်းနိုင်သည်။

ကုသခြင်း

လူနာ၏ ကျန်းမာရေးအခြေအနေ၊ ကင်ဆာအဆင့်၊ ကင်ဆာအမျိုးအစားတို့အား ဆေးပညာ နယ်ပယ်စုံမှ ကျွမ်းကျင်သော ဆရာဝန်များ (ဥပမာ _ ခွဲစိတ်အထူးကု၊ သမားတော်၊ မေ့ဆေးဆရာဝန်၊ ကင်ဆာဓာတ်ရောင်ခြည်အထူးကု၊ ကင်ဆာဆေးသွင်းအထူးကု၊ သူနာပြု အစရှိသည်ဖြင့်) ပါဝင်သော ကင်ဆာကုသရေးအဖွဲ့တွင် ဆွေးနွေးပြီး အကောင်းဆုံးကုထုံးများကို လူနာအားရှင်းပြကာ လူနာရွေးချယ်မှုအတိုင်း ကုသမှုပေးသည်။

ကင်ဆာအဆင့်နိမ့်သည့်အချိန်တွင် လိင်တံကင်ဆာကျိတ်ကို စောစီးစွာ ဖော်ထုတ်နိုင်လျှင် အောက်ပါနည်းများဖြင့်ကုသနိုင်သည်။

  • ဆေးလိမ်းခြင်း (Medicated creams)
    ကင်ဆာအကြိုအဆင့် (သို့မဟုတ်) သေးငယ်သော ကင်ဆာအကျိတ်များတွင် အသုံးပြုနိုင်သည်။
  • လိင်တံထိပ်အရေပြားဖြတ်ခြင်း (Circumcision)
    လိင်တံထိပ်အရေပြားတွင်သာ တည်ရှိသော ကင်ဆာအကျိတ်တွင် အသုံးပြုသည်။
  • လေဆာဖြင့်ကုသခြင်း (Laser ablation)
    လေဆာမှထွက်သော အပူကို အသုံးပြု၍ ကင်ဆာအကျိတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။
  • အအေးဓာတ်ကိုအသုံးပြု၍ ကုသခြင်း (Cryotherapy)
    အလွန်ပြင်းထန်သော အအေးဓာတ်ကို အသုံးပြု၍ ကင်ဆာအကျိတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။
  • Mohs နည်းဖြင့် ခွဲစိတ်ခြင်း (Mohs surgery)
    ကင်ဆာအကျိတ် ကုန်စင်သည်အထိ တစ်လွှာချင်း ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။

ကင်ဆာအဆင့် မြင့်သည့်အခြေအနေတွင် အထိရောက်ဆုံး ကုသနည်းများမှာ_

  • လိင်တံရှိ ကင်ဆာအကျိတ်ရှိသော အပိုင်းကိုသာ ခွဲစိတ်ဖြတ်ထုတ်ခြင်း (Partial amputation of Penis)
    ကင်ဆာအစောပိုင်းအဆင့်များတွင် ကင်ဆာအကျိတ်တည်သော လိင်တံထိပ်ပိုင်းကိုသာ ခွဲစိတ်ဖြတ်ထုတ်နိုင်သည်။
  • ကင်ဆာအကျိတ်နှင့်အတူ လိင်တံတစ်ခုလုံး ခွဲစိတ်ဖြတ်ထုတ်ခြင်း (Total amputation of Penis)
    ကင်ဆာအဆင့်မြင့်သော၊ ရောဂါရင့်သော လိင်တံကင်ဆာများတွင် ကင်ဆာအကျိတ်နှင့်အတူ လိင်တံတစ်ခုလုံး ခွဲစိတ်ဖြတ်ထုတ်မှသာ ကင်ဆာကုန်စင်နိုင်မည်ဖြစ်သည်။
  • ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiotherapy)
    လိင်တံထိပ်ဖူးတွင်သာ ဖြစ်သော ကင်ဆာအစောပိုင်းအဆင့်များတွင် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသနိုင်သည်။
  • ကင်ဆာဆဲလ် စတင်ရောက်ရှိနေနိုင်သော ပြန်ရည်ကြောအကျိတ်ကို ရှာဖွေ၍ အသားစယူခြင်း (Sentinel lymph node biopsy)
    ကင်ဆာပျံ့နှံ့သည့် ပြန်ရည်ကျိတ်ကို ဆရာဝန်မှ စမ်းသပ်စစ်ဆေးစဥ် မတွေ့ပါက အသုံးပြုသည်။
  • ပြန်ရည်ကြောအကျိတ်များ အကုန်အစင်ခွဲစိတ်ထုတ်ခြင်း (Lymphadenectomy)
    ပေါင်ခြံ (သို့မဟုတ်) ဝမ်းဗိုက်အတွင်းရှိ ပြန်ရည်ကြောအကျိတ်များတွင် ကင်ဆာဆဲလ်ရောက်ရှိနေပါက ခွဲစိတ်ထုတ်ရန် လိုအပ်နိုင်သည်။
  • ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
    ကင်ဆာသည် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများ (ဥပမာ _ အဆုတ်၊ ဦးနှောက်)သို့ ပျံ့နှံ့နေပါက ကင်ဆာဆေးသွင်းခြင်းကို အခြားကုသနည်းထက် ဦးစားပေးရသည်။
ကာကွယ်ခြင်း

လိင်တံကင်ဆာမဖြစ်ပွါးစေရန် အောက်ပါအချက်များကို လိုက်နာပါ။

  • လိင်တံထိပ်အရေပြားဖြတ်ခြင်းသည် လိင်တံကင်ဆာဖြစ်ပွါးနှုန်းကို လျှော့ချပေးနိုင်သောကြောင့် ဖြတ်ရန် သင့်မသင့် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
  • လိင်တံထိပ် အရေပြားဝကျဥ်းကာ ထိပ်ဖူးပေါ်အောင် နောက်ဆွဲချ၍မရပါက အမြန်ဆုံး ခွဲစိတ်ကုသပါ
  • ကြွက်နို့ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးထိုးပါ
  • အန္တရာယ်ကင်း စိတ်ချရသောနည်းများဖြင့် လိင်ဆက်ဆံပါ၊ လိင်ဆက်ဆံဖော် အရေအတွက်နည်းလျှင် ကြွက်နို့ဗိုင်းရပ်စ်ကူးစက်ခြင်း နည်းမည်ဖြစ်သည်
  • ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ မသုံးစွဲပါနှင့်
  • တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ

References:

  1. Cleveland Clinic. (2025). Penile cancer. Retrieved June 12, 2025, from https://my.clevelandclinic.org/health/diseases/6181-penile-cancer
  2. MedlinePlus. (n.d.). Penile cancer: Medical encyclopedia. Retrieved June 12, 2025, from https://medlineplus.gov/ency/article/001276.htm
  3. Noel, J. (2022). Carcinoma of the penis. In Oxford handbook of clinical surgery (5th ed., pp. 480–483). Oxford University Press.

Published: 30 August 2024

Last updated: 21 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.