ရင်သားတွင် အလုံးအကျိတ်စမ်းမိလျှင် ရင်သားကင်ဆာဖြစ်နေပြီဟု စိုးရိမ်ပူပန်တတ်ကြသည်။ သို့သော်လည်း အကျိတ်ရှိသူအများစုသည် ရှက်ရွံ့မှုကြောင့် ဆေးရုံဆေးခန်းသို့ ပြသတိုင်ပင်မှု နှောင့်နှေးတတ်ကြသဖြင့် စမ်းသပ်စစ်ဆေးမှုများ နောက်ကျကာ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများကို ရင်ဆိုင်ရတတ်သည်။ အချို့တွင် ဆရာဝန်မှ အခြားရောဂါအတွက် စမ်းသပ်စဉ်တွင်သော်လည်းကောင်း၊ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရာတွင်လည်းကောင်း အမှတ်မထင် ရင်သားအလုံးအကျိတ်များကို တွေ့ရှိတတ်သည်။ ရင်သားအကျိတ်အများစုသည် သာမန်အကျိတ်များဖြစ်သော်လည်း ကင်ဆာဖြစ်နိုင်ခြေရှိသောကြောင့် စနစ်တကျ စစ်ဆေးကုသမှုခံယူရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ရင်သားအရည်အိတ်တည်ခြင်း (Breast Cyst)
ရင်သားအရည်အိတ်များသည် အလွန်သေးငယ်သည့်အရွယ်မှ လိမ္မော်သီးအရွယ်အထိ အရွယ်အစား အမျိုးမျိုးရှိနိုင်သည်။ အရည်အိတ်ကို ရင်သားအတွင်း၌ ပြောင်ချောသောအလုံးများအဖြစ် စမ်းမိနိုင်သည်။ အချို့ရင်သားအရည်အိတ်များသည် ရာသီသွေးပေါ်ချိန်နှင့် ဆက်စပ်မှုရှိပြီး နာကျင်တတ်သည်။ ၎င်းတို့သည် ရာသီသွေးမပေါ်မီ အရွယ်အစား ကြီးလာတတ်ပြီး ရာသီသွေးပေါ်ပြီးလျှင် ပြန်သေးသွားတတ်သည်။ - ရင်သားတစ်ရှူး ပြောင်းလဲမှု (Fibrocystic Breast Changes)
အဆိုပါ ရင်သားပြောင်းလဲမှုသည် ရာသီသွေးစက်ဝန်းအလိုက် ဖြစ်ပေါ်တတ်သည်။ ရာသီသွေးမပေါ်မီ ရင်သားတင်းခြင်း၊ အလုံးကဲ့သို့ စမ်းမိခြင်း၊ အမျှင်ချောင်းကဲ့သို့ စမ်းမိခြင်း စသည်တို့ဖြစ်ပြီး တစ်ခါတစ်ရံ နာကျင်တတ်သည်။ ရာသီသွေးပေါ်ပြီးပါက အထက်ပါလက္ခဏာများ သက်သာသွားတတ်သည်။ - ရိုးရိုးရင်သားအကျိတ် (Fibroadenoma)
ရိုးရိုးရင်သားအကျိတ်ကို မာတင်းသည့်အလုံးအဖြစ် စမ်းမိနိုင်သည်။ အကျိတ်ကိုဖမ်းဆုပ်ရန် ကြိုးစားလျှင် ရွေ့လျားနေတတ်သည်။ ရိုးရိုးရင်သားအကျိတ်သည် ကိုယ်ဝန်ဆောင်ချိန်၊ ကိုယ်ဝန်တားဆေးများ အသုံးပြုနေချိန်နှင့် ရာသီသွေးပေါ်ချိန်များတွင် အရွယ်အစားကြီးလာတတ်သည်။ အချို့တွင် အလိုအလျောက် သေးငယ်သွားပြီး ပျောက်ကွယ်သွားနိုင်သည်။ - ထိခိုက်ဒဏ်ရာကြောင့် ဖြစ်လာသော ရင်သားအကျိတ် (Traumatic fat necrosis)
ရင်သားကို ပြင်းထန်စွာထိခိုက်မိခြင်းကြောင့် ရင်သားအဆီများ ပျက်စီးကာ အလုံးအကျိတ်တည်ခြင်း ဖြစ်သည်။ - နို့ပြွန်ချောင်းအကျိတ် (Intraductal papilloma)
ရင်သားတွင်းရှိ နို့ရည်ပြွန်ချောင်းများတွင် အကျိတ်တည်ခြင်းဖြစ်သည်။ သာမာန်အားဖြင့် နာကျင်ခြင်း မရှိတတ်ပေ။ နို့သီးခေါင်းမှ အရည်ကြည် (သို့မဟုတ်) သွေးရောင် အရည်များထွက်တတ်သည်။ - ရင်သားတွင်း ပြည်တည်ခြင်း (Breast Abscess)
ရင်သားတွင် ပြည်တည်ပါက အလုံးအကျိတ်အဖြစ် စမ်းမိတတ်သည်။ ရင်သား နာကျင်ခြင်း၊ ရောင်ရမ်းခြင်း စသည်တို့ပါ ရှိတတ်သည်။ မိခင်နို့တိုက်ကျွေးနေသော အမျိုးသမီးများတွင် အဖြစ်များသည်။ - ရင်သားအဆီကျိတ် (Lipoma)
အကျိတ်ပျော့များအဖြစ် စမ်းမိတတ်သည်။ အများအားဖြင့် ရင်သားနေရာ အရေပြားအောက်ရှိ အဆီလွှာမှ အကျိတ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အန္တရာယ်မရှိပေ။ - ရင်သားကင်ဆာ (Breast Cancer)
ရင်သားတွင် အလုံးအကျိတ်ပေါ်ပါက ကင်ဆာ ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးမှု ခံယူရန် အရေးကြီးသည်။
ကင်ဆာအကျိတ်၏ ရောဂါလက္ခဏာများ
အောက်ဖော်ပြပါ လက္ခဏာများသည် ကင်ဆာအကျိတ်၏ သွင်ပြင်လက္ခဏာများ ဖြစ်နိုင်သည်။
- နာကျင်ခြင်းမရှိ၊ မာမာခဲခဲ မညီမညာ အလုံးများအဖြစ် စမ်းမိတတ်သည်
- ၄င်းအလုံးပေါ်ရှိ အရေပြားတွင် တွင်းငယ်လေးများကဲ့သို့ အချိုင့်လေးများဖြစ်ခြင်း၊ အရောင်ပြောင်းခြင်း၊ အရေပြားထူလာခြင်း စသည်တို့ တွေ့ရတတ်သည်
- မှန်ထဲတွင် မိမိရင်သား (၂) ဖက်ကို ကြည့်ပါက အရွယ်အစား မတူခြင်း၊ ပုံသဏ္ဌန် မတူခြင်းများ သတိပြုမိတတ်သည်
- နို့သီးခေါင်း ချိုင့်ဝင်သွားခြင်း၊ နို့သီးခေါင်းမှ အရည်များထွက်ခြင်း၊ နို့သီးခေါင်း အနာဖြစ်ပြီး ပဲ့စားခြင်း စသည့်လက္ခဏာများနှင့် တွဲ၍တွေ့ရတတ်သည်
- ချိုင်းထဲတွင်လည်း အလုံးအကျိတ်များ စမ်းမိတတ်သည်
ရင်သားကို မိမိဘာသာ စမ်းသပ်ကြည့်ပါက ရင်သားတစ်ရှူးများသည် ပုံမှန်အခြေအနေတွင် အလုံးများ၊ အစေ့လေးများ စမ်းမိသကဲ့သို့ ဖြစ်နေတတ်သည်။ ရာသီသွေးပေါ်ချိန်တွင် တစ်ခါတစ်ရံ နာကျင်တတ်သည်။
မသင်္ကာစရာ ရင်သားပြောင်းလဲမှုများမှာ_
- လုံးဝန်းသော ခပ်မာမာအကျိတ် စမ်းမိခြင်း
- ရင်သားအရေပြားအောက်တွင် ပြေးနေ၊ ရွေ့နေသော အလုံးအကျိတ်များ စမ်းမိခြင်း
- မာမာခဲခဲ ပြင်လိုက်ရှိနေသောအကျိတ် စမ်းမိခြင်း
- ရင်သားအရေပြားပေါ် အရောင်ပြောင်းနေသည့် အကွက်များဖြစ်ခြင်း
- ရင်သားအရေပြား လိမ္မော်သီးခွံကဲ့သို့ ဖြစ်ခြင်း
- နို့သီးခေါင်းမှ နို့ရောင်၊ အစိမ်းရောင် (သို့မဟုတ်) သွေးရောင်ရှိသည့် အရည်ထွက်ခြင်း
- ရင်သားအရွယ်အစား၊ ပုံသဏ္ဌာန် ပြောင်းလဲသွားခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
- ရင်သားတွင် မသင်္ကာစရာ အလုံးအကျိတ်များ ပေါ်ခြင်း (အထူးသဖြင့် ရင်သားကင်ဆာ အလုံးအကျိတ်၏ သွင်ပြင်လက္ခဏာများရှိခြင်း)
- နို့သီးခေါင်းနှင့် ပတ်လည်တွင် အကြေးခွံကွာသကဲ့သို့ဖြစ်ခြင်း
- နို့သီးခေါင်း အထဲချိုင့်ဝင်သွားခြင်း
- နို့သီးခေါင်းမှ သွေးရည်ကြည်ထွက်ခြင်း
- ရင်သားအရေပြားပေါ်တွင် အနီရောင်အကွက်များဖြစ်ခြင်း
ရင်သားတွင် ဖြစ်ပေါ်သော မည်သည့်အလုံးအကျိတ်များကိုမဆို စနစ်တကျ စမ်းသပ်စစ်ဆေးမှု ခံယူရမည်။ အထူးသဖြင့် အထက်ဖော်ပြပါ ရင်သားကင်ဆာအကျိတ်၏ လက္ခဏာများရှိလျှင် သို့မဟုတ် သံသယရှိလျှင် ဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးရမည်။
ရောဂါ ရှာဖွေခြင်း
ရင်သားတွင် အလုံးအကျိတ်ပေါ်ပါက ဆရာဝန်မှ အဆင့် (၃) ဆင့်ကို ပြုလုပ်မည်။
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Breast examination)
- ရင်သားဓာတ်မှန် (သို့မဟုတ်) ရင်သားအာထရာဆောင်းရိုက် စစ်ဆေးခြင်း (Breast imaging)
- အသားစယူ စစ်ဆေးခြင်း (Biopsy) တို့ဖြစ်သည်။
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
ရိုးရိုးအကျိတ် (သို့မဟုတ်) ကင်ဆာအကျိတ် ဖြစ်သည်ကို ကွဲပြားစွာ သိရှိနိုင်ရန် ဆရာဝန်မှ စမ်းသပ်မည်။ ရင်သား (၂) ဖက်၊ ချိုင်း၊ ရင်ဘတ်နှင့် လည်ပင်းများကို စမ်းသပ်မည်ဖြစ်သည်။ - ရင်သားဓာတ်မှန် (သို့မဟုတ်) အာထရာဆောင်းရိုက်ခြင်း
ရင်သားပြောင်းလဲမှုများကို ပိုမို သိရှိနိုင်ရန် ရင်သားဓာတ်မှန် (မန်မိုဂရမ် – Mammogram)) ဖြစ်စေ၊ ရင်သားအာထရာဆောင်း (USG) ဖြစ်စေ၊ (၂) မျိုးလုံးဖြစ်စေ ရိုက်ရန်လိုအပ်သည်။ ကင်ဆာအကျိတ်လက္ခဏာများ ရှိမရှိ ရှာဖွေခြင်း ဖြစ်သည်။ လိုအပ်ပါက သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း ပြုလုပ်ရတတ်သည်။
အထက်ဖော်ပြပါ စစ်ဆေးခြင်းများ ပြုလုပ်ပြီး သာမန်အကျိတ်ဟု အဖြေထွက်ပါက အသားစ ယူစစ်ဆေးရန် မလိုအပ်ပေ။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပုံမှန် ပြန်လည်ပြသရန် လိုအပ်သည်။ - အသားစယူ စစ်ဆေးခြင်း (Biopsy)
ကင်ဆာဟု သံသယရှိလျှင် အသားစယူစစ်ဆေးခြင်း (Biopsy)ကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။ အသားစယူ စစ်ဆေးနည်း အမျိုးမျိုး ရှိသည်။- ဆေးထိုးအပ်ဖြင့် အသားစယူခြင်း
- အထူးပြုလုပ်ထားသော အပ်ဖြင့် အသားစယူခြင်း
- အလုံးတစ်ခုလုံး ခွဲစိတ်ထုတ်ယူစစ်ဆေးခြင်းတို့ဖြစ်သည်။
ဆရာဝန်မှ သင့်တော်သောနည်းဖြင့် အသားစယူမည်။ ရရှိလာသော အသားစကို ဓာတ်ခွဲခန်းသို့ ပို့၍ ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးမည်ဖြစ်သည်။ လိုအပ်လျှင် ခွဲစိတ်နေချိန်အတွင်း အသားစစစ်ဆေး၍ ချက်ချင်းအဖြေထုတ်ခြင်း (အေးခဲအသားစနမူနာစစ်ဆေးခြင်း – Frozen Section Biopsy) ပြုလုပ်နိုင်သည်။
ကုသခြင်း
ကင်ဆာမဟုတ်သော အချို့ရင်သားအကျိတ်များသည် မည်သည့်ကုသမှုမျှ မလိုအပ်ဘဲ ပျောက်ကင်းနိုင်သည်။ ရင်သားနာကျင်မှုရှိပါက ဆရာဝန်မှ အနာပျောက်ဆေးများ သောက်ရန် ညွှန်ကြားမည်ဖြစ်သည်။ သာမာန်အကျိတ်၊ ကင်ဆာအကျိတ်၊ အရည်အိတ်၊ ပြည်တည်နာ စသည့် ရောဂါအမျိုးအစားပေါ် မူတည်၍ ကုထုံးအမျိုးမျိုးရှိသည်။
- သာမာန်အကျိတ်များဖြစ်သော Fibroadenoma အကျိတ်၊ အဆီကျိတ် Lipoma၊ Intraductal papilloma စသည်တို့ကို ခွဲစိတ်ထုတ်နိုင်သည်
- အရည်အိတ်များကို အပ်ဖြင့် စုပ်ထုတ်၍ ကုသနိုင်ပြီး၊ မကြာခဏ ထပ်ခါထပ်ခါ ဖြစ်ပွါးပါက ခွဲစိတ်ကုသခြင်း ပြုလုပ်နိုင်သည်
- ရင်သားပြည်တည်နာ ဖြစ်ပါက ခွဲစိတ်ရမည်။ ပိုးသတ်ဆေးများ သုံးစွဲကုသရမည်
- ရင်သားကင်ဆာ ဖြစ်ပွါးပါက ကင်ဆာကုထုံးများဖြစ်သည့် ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ဟော်မုန်းဆေးများဖြင့် ကုသခြင်း စသည်တို့ ပြုလုပ်ရန် လိုအပ်သည်
ရင်သားကို မိမိဘာသာ စမ်းသပ်ခြင်း (Breast self examination)
မိမိရင်သားတွင် ပြောင်းလဲမှုများ၊ အလုံးအကျိတ်များကို ဆောလျင်စွာ သတိပြုမိရန် မိမိရင်သားကို ပုံမှန် စမ်းသပ်ခြင်းကို ပြုလုပ်သင့်သည်။ မိမိဘာသာ နည်းလမ်းမှန်စွာ ရင်သားစမ်းသပ်တတ်စေရန် မိသားစုဆရာဝန်နှင့် ပြသကာ စနစ်တကျ စမ်းသပ်နည်းကို သင်ယူရမည်။ ရာသီသွေးစက်ဝန်းပေါ် မူတည်၍ ဟော်မုန်းအပြောင်းအလဲရှိသောကြောင့် ရင်သားတင်းနေသည့်အချိန်၊ နာကျင်နေသည့်အချိန်တွင် စမ်းသပ်ခြင်း မပြုသင့်ပါ။ မိမိဘာသာ ရင်သား စမ်းသပ်ရန် အကောင်းဆုံးအချိန်မှာ ရာသီသွေးပေါ်ပြီး တစ်ပတ်အကြာတွင်ဖြစ်သည်။
စမ်းသပ်ပုံ
- ကိုယ်ခန္ဓာအထက်ပိုင်းတွင် မည်သည့်အဝတ်မှ မဝတ်ဘဲ လက် (၂) ဖက် ဘေးချလျက် ကြည့်မှန်ရှေ့တွင် ထိုင်ပါ သို့မဟုတ် မတ်တပ်ရပ်ပါ
- ရင်သားများတွင် ချိုင့်နေခြင်း၊ တွန့်နေခြင်း၊ အရေးအကြောင်းပေါ်ခြင်းများ ရှိမရှိ ကနဦးကြည့်ရှုစစ်ဆေးပါ
- ရင်သား အရွယ်အစား၊ ပုံသဏ္ဍာန်၊ ရင်သား (၂) ဖက်ညီညာမှု ရှိမရှိ ကြည့်ရှုစစ်ဆေးပါ
- ထို့နောက် လက် (၂) ဖက်ကို ခါးထောက်သည့်ပုံစံ ပြောင်း၍ ခါးပေါ် ဖိချကာ အထက်ပါအချက်များကို ပြန်စစ်ဆေးပါ
- ထို့နောက် လက်မောင်း (၂) ဖက်ကို ခေါင်းပေါ်ရောက်သည်အထိ မြှောက်၍ အထက်ပါအချက်များကို ထပ်မံကြည့်ရှုစစ်ဆေးပါ
- ထို့နောက် ညာဘက်ရင်သားကို ဘယ်လက်၊ ဘယ်ဘက်ရင်သားကို ညာလက်ဖြင့် ဖိစမ်းရမည်
- ယင်းသို့ စမ်းသပ်ခြင်းကို ထိုင်လျက် သို့မဟုတ် လှဲလျက် သို့မဟုတ် မတ်တတ်ရပ်လျက် စမ်းသပ်နိုင်သည်
- ယင်းသို့ စမ်းသပ်ရာတွင် လက်ဖဝါးဖြန့်လျက်ထားကာ လက်ချောင်းထိပ်နားရှိ ပျော့ပျောင်းသော လက်ချောင်းနေရာများဖြင့် အဓိကစမ်းသပ်ရမည်
- စမ်းသပ်ရာတွင် ခပ်ဖွဖွ ဖိစမ်းခြင်း၊ အသင့်အတင့်ဖိကာ စမ်းခြင်း၊ နံရိုးများထိအောင် ဖိစမ်းခြင်းတို့ ပြုလုပ်ရမည်၊ သို့မှသာ ရင်သားတစ်ရှူးအတွင်းပိုင်းကို ကောင်းစွာ စမ်းသပ်နိုင်မည်ဖြစ်သည် *။
- ရင်သားစမ်းသပ်ရာတွင် အလျင်အမြန် မပြုလုပ်ဘဲ အချိန်တစ်ခုယူ၍ စမ်းသပ်ပါ
- ပုံတွင် ဖော်ပြထားသည့် မျဥ်းများအတိုင်း စမ်းသပ်ပါ၊ ရင်သား အပြင်မှ အတွင်းဘက် နို့သီးခေါင်းနေရာသို့ စမ်းသပ်ရမည်ဖြစ်သည်
ယင်းသို့ မိမိဘာသာ ရင်သား စမ်းသပ်ရာတွင်
- အလုံးအကျိတ်စမ်းမိခြင်း
- အခြား ရင်သားတစ်ရှူးများနှင့် နှိုင်းယှဥ်ပါက တစ်နေရာတွင် ထူနေသည်ဟု ခံစားရခြင်း၊ ပိုမိုပြည့်နေသည်ဟု ထင်မြင်ခြင်း
- ရင်သား အရေပြားပေါ်တွင် ချိုင့်ခြင်း၊ တွန့်ခြင်း၊ ဖောင်းခြင်း၊ အရေးအကြောင်းပေါ်ခြင်း
- နို့သီးခေါင်း အထဲသို့ ချိုင့်ဝင်သွားခြင်း
- နာကျင်ခြင်း၊ အရေပြား နီခြင်း၊ ပူခြင်း
- ယားယံခြင်း၊ အနာဖြစ်ခြင်း၊ အင်ပြင်ထခြင်း
- နို့သီးခေါင်းတစ်ဝိုက် ဘောက်ဖတ်ကွာသလို ကွာခြင်း
- နို့သီးခေါင်းမှ သွေးထွက်ခြင်း စသည့် လက္ခဏာများ သတိပြုမိပါက မိသားစုဆရာဝန်နှင့် ဆောလျင်စွာပြသပါ
ကာကွယ်ခြင်း
အကြောင်းရင်းခံများစွာကြောင့် ရင်သားအကျိတ် တည်တတ်သောကြောင့် ကြိုတင်ကာကွယ်၍ မရနိုင်ပါ။ အမျိုးသမီးများတွင် အဖြစ်များပြီး အများစုသည် ကင်ဆာအကျိတ်များ မဟုတ်ကြပေ။ သို့သော် ရင်သားတွင် အကျိတ်ပေါ်ခြင်း၊ ရင်သား မသင်္ကာစရာပြောင်းလဲခြင်းများ ဖြစ်ပါက ဆရာဝန်နှင့် စမ်းသပ်စစ်ဆေး ပြသတိုင်ပင်ပြီး အထက်ပါအချက်များကို ဆောလျင်စွာ ပြုလုပ်ရန် အရေးကြီးသည်။ သို့မှသာ ကင်ဆာအကျိတ်ဖြစ်ခဲ့ပါက စောစီးစွာ ကုသနိုင်လျှင် ပျောက်ကင်းနိုင်မည်ဖြစ်သည်။
References:
- Mayo Clinic. (n.d.). Suspicious breast lumps – Symptoms and causes. Retrieved June 8, 2025, from https://www.mayoclinic.org/diseases-conditions/suspicious-breast-lumps/symptoms-causes/syc-20352786
- Cleveland Clinic. (2025). Breast lumps. Retrieved June 8, 2025, from https://my.clevelandclinic.org/health/symptoms/6906-breast-lumps
- Satherley, L., & Sweetland, H. (2022). Breast surgery. In Oxford handbook of clinical surgery (5th ed., pp. 312–325). Oxford University Press.
Published: 30 August 2024
Last updated: 21 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.