ပန်ကရိယရောင်ရောဂါတွင် ဗိုက်အောင့်၊ ဗိုက်နာခြင်းသည် အဖြစ်အများဆုံး လက္ခဏာဖြစ်ပြီး၊ အရက်သောက်ခြင်းနှင့် သည်းခြေကျောက်တည်ခြင်းတို့သည် ပန်ကရိယရောင်ရမ်းရသည့် အဓိကအကြောင်းရင်းများဖြစ်သည်။ လတ်တလော ရောင်ရမ်းခြင်းနှင့် နာတာရှည် ရောင်ရမ်းခြင်း (Chronic Pancreatitis) ဟူ၍ (၂) မျိုးရှိသည်။
ပန်ကရိယ (Pancreas) ဆိုသည်မှာ သစ်ရွက်ပုံ ရှည်မြောမြောဂလင်းတစ်ခုဖြစ်ပြီး အစာအိမ်၏အောက်ဖက်၊ အူသိမ်ဦးပိုင်းနှင့်ကပ်လျက် တည်ရှိသည်။ အစာခြေရည်များနှင့် အင်ဆူလင် ဟော်မုန်း (insulin)၊ ဂလူကာဂွန် ဟော်မုန်း (glucagon) တို့ကို ထုတ်လုပ်သည်။ အစာခြေရည်များကို ပန်ကရိယပြွန်မှတစ်ဆင့် အူသိမ်အတွင်းသို့ ပို့လွှတ်သည်။ အင်ဆူလင်နှင့် ဂလူကာဂွန် ဟော်မုန်းတို့ကိုမူ သွေးကြောတွင်းသို့ပို့ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လတ်တလော ပန်ကရိယရောင်ရမ်းခြင်း (Acute pancreatitis) ဖြစ်စေသော အကြောင်းရင်းများ
- သည်းခြေကျောက်တည်ခြင်း (၅၀%)
- ပန်ကရိယပြွန်အဝတွင် သည်းခြေကျောက်ပိတ်ဆို့သည်အခါ အစာခြေရည်များ စီးဆင်းမှု ပိတ်သွားသဖြင့် ပန်ကရိယအတွင်း ဖိအားတက်လာပြီး ပန်ကရိယရောင်နိုင်သည်။
- အရက်အလွန်အကျွံသောက်သုံးခြင်း (၂၅%)
- သွေးတွင်း အဆီဓာတ်များခြင်း
- သွေးတွင်း ကယ်လ်ဆီယမ်ဓာတ်များခြင်း
- အချို့ ဆေးဝါးများ (ဥပမာ_အမျိုးသမီးဟော်မုန်းဆေး၊ ဆီးဆေး)
- အချို့ ဗိုင်းရပ်စ်ပိုးများ
- ပန်ကရိယထိခိုက်ဒဏ်ရာရခြင်း၊ သည်းခြေပြွန် မှန်ပြောင်းဓာတ်မှန်ရိုက်ခြင်း (ERCP)၊ အစာအိမ်တစ်ဝိုက် ခွဲစိတ်မှုပြုလုပ်ခြင်း စသည်တို့ဖြစ်သည်။
ပန်ကရိယ ရောင်ရမ်းခြင်း အဖြစ်များသည့် အခြေအနေများမှာ_
- အရက်အလွန်အကျွံသောက်သုံးခြင်း
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း
- ဆီးချိုရောဂါ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
လတ်တလော ပန်ကရိယရောင်ရမ်းသည့်အခါ လက္ခဏာပြင်းထန်စွာ ခံစားရနိုင်သည်။ သို့သော် ရောင်ရမ်းမှု အလွန်မပြင်းထန်ပါက သာမန်ဗိုက်အောင့်၊ ဗိုက်နာခြင်းမျိုး ဖြစ်ပေါ်တတ်သည်။
လက္ခဏာများမှာ_
- ပြင်းထန်စွာ ဗိုက်အောင့်ဗိုက်နာခြင်း
- ပန်ကရိယရောင်လျှင် ဝမ်းဗိုက်အထက်ပိုင်း (ရင်ညွှန့်) နေရာတွင် အထိမခံနိုင်လောက်အောင် နာကျင်တတ်သည်
- နာကျင်မှုသည် ကျောဘက်သို့ ပျံ့နှံ့ပြီး လက်ပြင်ရိုးနှစ်ခုကြားညှပ်၍ အောင့်သည်၊ ပက်လက်လှဲခြင်း၊ ချောင်းဆိုးခြင်း၊ လှုပ်ရှားခြင်း၊ အစာစားခြင်းတို့တွင် ပိုဆိုးတတ်သည်
- မတ်တပ်ရပ်ခြင်း၊ ရှေ့သို့ကုန်း၍ ထိုင်ခြင်း၊ ခွေခေါက်၍ လှဲနေခြင်းတွင် နာကျင်မှု သက်သာသည်
- ဤအချက်သည် ပန်ကရိယရောင်ခြင်းကို သံသယရှိစေသည့် အဓိကအချက်ဖြစ်သည်
- ပျို့ခြင်း၊ အန်ခြင်း
- ဖျားခြင်း (ရောဂါပိုးကြောင့် ပန်ကရိယရောင်ခြင်း)
- ရင်တုန်ခြင်း
- သွေးပေါင်ချိန်ကျခြင်း၊ ဆီးအထွက်နည်းခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
လတ်တလော ပန်ကရိယရောင်သော လူနာ (၅) ယောက်တွင် တစ်ယောက်သည် အပြင်းအထန် ခံစားရပြီး အသက်အန္တရာယ်ရှိတတ်သည်။ လတ်တလော ပန်ကရိယရောင်ရမ်းခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- ပန်ကရိယဂလင်း ပြင်းထန်စွာရောင်လျှင် ဂလင်းကိုယ်တိုင် ပျက်စီးသွားနိုင်သည်၊ ပျက်စီးသည့်ဂလင်းကို ရောဂါပိုးများ ကူးစက်ပွါးများလာကာ သွေးဆိပ်တက်ခြင်း ဖြစ်လာသည်၊ ပိုးဆိပ်ပျံ့နှံ့မှုကြောင့် သွေးလန့်ခြင်း (Shock) ဖြစ်ပြီး သေဆုံးနိုင်သည်
- ပန်ကရိယအနီး အရည်အိတ်တည်ခြင်း (Pseudocyst of pancreas)
- ပြင်းထန်စွာရောင်ခြင်းကြောင့် ဂလင်းအတွင်းရှိ အစာခြေရည်များ ဘေးသို့စိမ့်ထွက်ပြီး ပန်ကရိယဂလင်း၏ ပတ်လည်တွင် အရည်အိတ်တည်နိုင်သည်
- ပြင်းထန်စွာရောင်ပြီး ပျက်စီးနေသော ဂလင်းတွင် ပိုးဝင်ပြီး ပြည်အိမ်တည်ခြင်း (Pancreatic abscess)
- ပန်ကရိယမှတစ်ဆင့် ဝမ်းခေါင်းအတွင်း သွေးထွက်ခြင်း (Internal bleeding)
- ပန်ကရိယဂလင်းပျက်စီးမှုကြောင့် သွေးကြောများပါ ထိခိုက်လျှင် ဝမ်းခေါင်းအတွင်း သွေးယိုစိမ့်နိုင်သည်
- ရောဂါအခံများရှိပါက ရောဂါအခံ ပိုဆိုးလာခြင်း
- အာဟာရချို့တဲ့ခြင်း (Malnutrition)
- အစာခြေလုပ်ငန်းများ ထိခိုက်ခြင်းကြောင့် အာဟာရ ချို့တဲ့နိုင်သည်
- ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း (Kidney failure)
- သွေးလန့်ခြင်း၏ အကျိုးဆက်ကြောင့်လည်းကောင်း၊ သွေးထဲရှိ အညစ်အကြေးများကို မစွန့်ထုတ်နိုင်သောကြောင့်လည်းကောင်း ကျောက်ကပ် ထိခိုက်နိုင်သည်
- ကိုယ်တွင်းအင်္ဂါလုပ်ငန်းများ ပျက်စီးခြင်း (Multiorgan failure)
သွေးလန့်ခြင်း၏ အကျိုးဆက်ကြောင့်လည်းကောင်း၊ ပြင်းထန်စွာ ရောင်ရမ်းမှု အကျိုးဆက်ကြောင့်လည်းကောင်း အဆုတ်၊ နှလုံး၊ အသည်းစသည့် အင်္ဂါများ ဆက်တိုက်ပျက်စီးခြင်းသည် အသက်အန္တရာယ်ရှိသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ပန်ကရိယရောင်ရမ်းခြင်းသည် အသက်အန္တရာယ်ရှိနိုင်သောကြောင့် ရောဂါလက္ခဏာများ ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရန် (သို့မဟုတ်) လိုအပ်ပါက ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ရန် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
- ဆရာဝန်၏ စမ်းသပ်စစ်ဆေးမှု
ကနဦးတွင် ဆရာဝန်သည် ရောဂါလက္ခဏာများ၊ ရောဂါရာဇဝင်များကို မေးမြန်းပြီး ဝမ်းဗိုက်နှင့် ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။ သည်းခြေကျောက်ရှိသူများ၊ အရက်သောက်သုံးသူများ၊ သောက်သုံးနေသော ဆေးဝါးများစသည့် ပန်ကရိယရောင်ရမ်းခြင်းနှင့် ဆက်စပ်သည့် ရောဂါရာဇဝင်များကို မေးမြန်းမည်။ - သွေးစစ်ဆေးခြင်း
ခန္ဓာကိုယ်ခုခံအားစနစ်၊ သွေးတွင်းအရေးကြီးဓာတ်များ၊ ပန်ကရိယ၊ သည်းခြေ၊ အသည်းလုပ်ငန်းများစသည်တို့ သိရှိနိုင်သည်။ ပန်ကရိယမှထုတ်သည့် ဓာတ်တစ်မျိုးဖြစ်သော Serum Amylase ဓာတ်သည် ပုံမှန်ထက် (၃) ဆများလျှင် ပန်ကရိယရောင်သည်ဟု သတ်မှတ်နိုင်သော်လည်း တစ်ခါတစ်ရံ ယင်းဓာတ်သည် ပုံမှန်ပမာဏတွင်လည်း ရှိနေတတ်သည်။ - အာထရာဆောင်း (USG) ရိုက်ခြင်း
သည်းခြေအိတ်အတွင်း သည်းခြေကျောက်များ၊ သည်းခြေလမ်းကြောင်း အခြေအနေများနှင့် ပန်ကရိယရောင်ရမ်းသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးနိုင်သည်။ - ဝမ်းဗိုက်ဓာတ်မှန် (Abdominal X-ray) ရိုက်ခြင်း
အစာအိမ်ပေါက်ခြင်း၊ အူပေါက်ခြင်း စသည့်အခြေအနေများ သိရှိနိုင်သည်။ - ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
ပန်ကရိယရောင်ရမ်းခြင်းဖြစ်ကြောင်း အတိအကျသိရှိနိုင်ပြီး နောက်ဆက်တွဲပြဿနာများကိုပါ ဖော်ထုတ်နိုင်သည်။ - ဝမ်းစစ်ဆေးခြင်း
ဝမ်းတွင် အဆီပါဝင်မှုကို စစ်ဆေးခြင်းဖြစ်သည်။
ကုသခြင်း
ရောဂါအခြေအနေ ပြင်းထန်မှုအပေါ် မူတည်၍ သင့်တော်သည့် ကုသမှုများ ပေးရသည်။ ပန်ကရိယရောင်လျှင် ရောဂါလက္ခဏာများ သက်သာစေရန်နှင့် နောက်ဆက်တွဲပြဿနာများကို ထိန်းချုပ်ရန် ဆေးရုံတက်ရောက် ကုသရလေ့ရှိသည်။ အဓိကကုသမှုများအနေဖြင့်_
- ရေဓာတ်ပြည့်ဝစေရန် သွေးကြောအတွင်းသို့ ဆေးရည်များသွင်းခြင်း
- အနာသက်သာစေရန် အနာပျောက်ဆေးများပေးခြင်း
- အာဟာရပြည့်ဝစေရန် လူနာမအန်တော့သည်နှင့် အစာပြန်စားစေခြင်း၊ လိုအပ်ပါက အစာပိုက်များ နှာခေါင်းမှ ထည့်သွင်းကာ အာဟာရရည်များ တိုက်ကျွေးခြင်းစသည့် ကုသမှုများပေးမည်ဖြစ်သည်။
ရောဂါအခြေအနေပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မှုကို အနီးကပ်စောင့်ကြပ်ကုသမှုများ ပြုလုပ်မည်ဖြစ်သည်။ လိုအပ်ပါက သည်းခြေနှင့် ပန်ကရိယပြွန်လမ်းကြောင်း မှန်ပြောင်းဓာတ်မှန်ရိုက်ပြီး သည်းခြေလမ်းကြောင်းပွင့်ရန် ပြုလုပ်မည်ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများဖြစ်သည့် ပန်ကရိယ ပြည်တည်ခြင်း၊ ဝမ်းခေါင်းအတွင်း သွေးထွက်ခြင်းများရှိပါက အရေးပေါ် ခွဲစိတ်ရန် လိုအပ်သည်။ ယင်းအခြေအနေတွင် ပဋိဇီဝပိုးသတ်ဆေးများထိုးခြင်း၊ ဝမ်းခေါင်းတွင်းရှိ မကောင်းသောအရည်များ၊ ပြည်များကို ဖယ်ထုတ်ခြင်းနှင့် အထူးကြပ်မတ်ကုသမှုများ လိုအပ်သည်။
သည်းခြေအိတ် ခွဲစိတ်ထုတ်ခြင်း (Gallbladder removal surgery – Cholecystectomy)
သည်းခြေကျောက်ကြောင့် ပန်ကရိယရောင်ရမ်းပါက နောက်တစ်ကြိမ် ပြန်မဖြစ်စေရန် သည်းခြေအိတ်ကို ခွဲစိတ်ထုတ်ရန် လိုအပ်သည်။
ကာကွယ်ခြင်း
ပန်ကရိယရောင်ရမ်းခြင်း မဖြစ်စေရန်
- အရက်လျှော့သောက်ပါ
- ပန်ကရိယရောင်ဖူးလျှင် အရက်ဖြတ်ပါ
- ဆေးလိပ်ဖြတ်ပါ
- သည်းခြေကျောက်တည်ခြင်း မဖြစ်စေရန် အဆီလျှော့စားပါ
- သည်းခြေကျောက် (Gallstone disease) ကြောင့် ပန်ကရိယရောင်ဖူးပါက သည်းခြေအိတ်ခွဲစိတ်ထုတ်ခြင်း (Cholecystectomy) ပြုလုပ်ရမည်။
လူနာအများစုသည် လတ်တလော ပန်ကရိယရောင်ရမ်းပါက (၅)ရက် မှ (၁၀)ရက်အတွင်း ပြန်လည် သက်သာသွားလေ့ရှိသည်။ အကယ်၍ ရောဂါပြင်းထန်လျှင် သို့မဟုတ် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးလျှင် ရက်သတ္တပတ်ပေါင်းများစွာ ဆေးရုံတက်ရနိုင်သည်။ ကျောက်ကပ်ထိခိုက်ခြင်း၊ အဆုတ်ထိခိုက်ခြင်း စသည့် ကိုယ်တွင်းအင်္ဂါလုပ်ငန်းများ ပျက်စီးခြင်း ရှိပါက အသက်ဆုံးရှုံးနိုင်ခြေ (၂၀) ရာခိုင်နှုန်းရှိသည်။ ထို့ကြောင့် ပန်ကရိယရောင်ရမ်းပါက မပေါ့ဆသင့်ပါ။
References:
- Adair, R. (2022). Acute pancreatitis. In Oxford handbook of clinical surgery (5th ed., pp. 416–417). Oxford University Press.
- Bhattacharya, S. (2023). The pancreas. In Bailey & Love’s short practice of surgery (28th ed., pp. 1260–1287). CRC Press.
- Cleveland Clinic. (2025). Pancreatitis. Retrieved June 8, 2025, from https://my.clevelandclinic.org/health/diseases/8103-pancreatitis
- Mayo Clinic. (n.d.). Pancreatitis – Symptoms and causes. Retrieved June 8, 2025, from https://www.mayoclinic.org/diseases-conditions/pancreatitis/symptoms-causes/syc-20360227
Published: 30 August 2024
Last updated: 2 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.