Nephrotic syndrome in children (ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါ)(ကလေး)

Nephrotic syndrome in children (ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါ)(ကလေး)

ကျောက်ကပ်ရောင်ခြင်းကြောင့် ကျောက်ကပ်မှ အသားဓာတ် (Albumin) စွန့်ထုတ်မှု များပြားသဖြင့် ဆီးထဲတွင် အသားဓာတ်ပမာဏများစွာ ပါဝင်​လာသည့်အ​ခြေအ​နေကို ဆီးတွင်းအသားဓာတ်ပါ​ ကျောက်ကပ်​ရောင်ရောဂါ (Nephrotic syndrome) ဟု​ခေါ်သည်။ ဤရောဂါသည် အသက်အရွယ်မ​​ရွေးဖြစ်ပွါးနိုင်ပြီး ကလေးများတွင်အဖြစ်များသော ကျောက်ကပ်‌ရောင်ရောဂါဖြစ်သည်။ အများအားဖြင့် အသက် (၁)နှစ် မှ (၆)နှစ်အတွင်း စတင်​တွေ့ရ​လေ့ရှိသည်။ ယောက်ျားလေးများတွင် ပိုမိုဖြစ်ပွါးနိုင်သည်။

ဖြစ်​​ပေါ်ရသောအ​ကြောင်းရင်းများ

ကျောက်ကပ်ရောင်ခြင်းကြောင့် ကျောက်ကပ်အတွင်းရှိ အညစ်အကြေးစစ် စကာပေါက်လေးများ (Glomerulus) ကျယ်လာပြီး အသားဓာတ်ဆုံးရှုံးမှုများလာခြင်းဖြစ်သည်။ ‌ကျောက်ကပ်ရောင်ရောဂါဖြစ်ပွါးစေနိုင်သော အကြောင်းအရင်းများစွာရှိသော်လည်း ဤရောဂါဖြစ်သောကလေးအများစုတွင် ရောဂါဖြစ်ပေါ်ရသောအကြောင်းရင်း အတိအကျရှာတွေ့ခြင်းမရှိပါ။ ကျောက်ကပ်ရောင်စေနိုင်သော အခြားအကြောင်းရင်းများမှာ _ အသည်းရောင်အသားဝါပိုးကဲ့သို့သော ရောဂါပိုးများ၊ ကင်ဆာရောဂါ၊ ဓာတ်မတည့်ခြင်း၊ ကျောက်ကပ်ရောင်စေသောဆေးဝါးများ မကြာခဏသုံးစွဲခြင်း၊ ကိုယ်ခံအားစနစ် တုံ့ပြန်မှုမူမမှန်ခြင်း တို့ဖြစ်သည်။
တချို့ကလေးများတွင် ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါသည် မွေးကတည်းက စတင်ဖြစ်ပွါးနိုင်သည်။ ဤအမျိုးအစားကို မွေးရာပါကျောက်ကပ်ရောင်ရောဂါ (Congenital Nephrotic Syndrome) ဟု ခေါ်သည်။ အထူးသဖြင့် Finnish type ဟုခေါ်သော မျိုးဗီဇဆိုင်ရာရောဂါဖြစ်ပြီး အသက် (၃) လအောက်တွင် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်တတ်သည်။

​ရောဂါလက္ခဏာများ

ကလေးအများစုတွင် ရောဂါလက္ခဏာပြင်းထန်ချိန်နှင့် ရောဂါလက္ခဏာသက်သာချိန် အလှည့်ကျဖြစ်ပေါ်လေ့ရှိသည်။ အသက်ကြီးလာသည်နှင့်အမျှ ရောဂါလက္ခဏာများ သက်သာလာပြီး အများစုသည် ဆယ်ကျော်သက်အရွယ်‌ရောက်လျှင် ရောဂါလက္ခဏာများ လုံးဝပျောက်ကင်းသွားနိုင်သည်။

အဓိကရောဂါလက္ခဏာများမှာ_

  • ဖောရောင်ခြင်း
    သွေး​တွင်းရှိ အသားဓာတ်များ ​လျော့နည်းသွားသဖြင့် ခန္ဓာကိုယ်ရှိရေများကို သွေးကြောများအတွင်း မထိန်းသိမ်းနိုင်တော့ဘဲ သွေးကြောများအပြင် စိမ့်ထွက်လာသဖြင့် တစ်ကိုယ်လုံး ​ဖော​​ရောင်လာတတ်သည်။ ထိုသို့ဖောခြင်းသည် မျက်ခွံနှင့်မျက်စိပတ်လည်မှ စ၍ဖြစ်ပြီး မျက်နှာ၊ ခြေထောက်၊ ဝမ်းဗိုက်စသော နေရာများ တဖြည်းဖြည်း ပါဝင်လာတတ်သည်။ မိန်းမကိုယ် (သို့မဟုတ်) ကပ်ပယ်အိတ် ဖောရောင်ခြင်းအထိ ဖြစ်နိုင်သည်။ ကလေးများတွင် ဖြစ်ပွါးတတ်သော ကျောက်ကပ်ရောင်ရောဂါများအနက် ဖောရောင်ခြင်း အများဆုံး၊ အဆိုးဆုံးရောဂါဖြစ်သည်။ ဖောရောင်နေသောနေရာများတွင် လက်ချောင်းနှင့်ဖိပြီး စမ်းကြည့်ပါက ချိုင့်ဝင်သွားသည်ကို တွေ့ရမည်။
  • ဆီးနည်းသွားခြင်း
  • ‌ဆီးထဲတွင် အသားဓာတ်အများအပြား ဆုံးရှုံး​သောကြောင့် ဆီးတွင် အမြှုပ်များ ပိုမိုပါရှိလာခြင်း
  • သွေးတွင်းအဆီဓာတ်များခြင်း
  • သွေးခဲလွယ်ခြင်း
    (သွေးမခဲစေသည့် အသားဓာတ်များသည်လည်း ဆီးထဲတွင်ပါသွားခြင်းကြောင့်ဖြစ်သည်)
  • မောပန်းလွယ်ခြင်း၊ အစာစားချင်စိတ်နည်းလာခြင်း
နောက်ဆက်တွဲပြဿနာများ

ပြင်းထန်သော ကျောက်ကပ်ရောင်ရောဂါများနှင့် စောစီးစွာ ကုသနိုင်ခြင်းမရှိသော အခြေအနေများတွင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဆက်လက်ဖြစ်ပေါ်နိုင်သည်။

  • နှလုံးအ​မော​ဖောက်ခြင်း
  • သွေးလန့်ခြင်း (Shock) ကြောင့် သွေးပေါင်ကျခြင်း၊ မူးလာခြင်း၊ ဗိုက်အောင့်ခြင်း၊ ခြေလက်များ အေးစက်လာခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ ဆီးမထွက်ခြင်း
  • ရောဂါပိုး၀င်လွယ်ခြင်း
    (ရောဂါကိုပြန်လည်တိုက်ရာတွင် ပါဝင်သည့် ကိုယ်ခံအားဆိုင်ရာ အသားဓာတ်များ နည်းလာ​သောကြောင့် ပိုးဝင်ရန် ပိုမိုလွယ်ကူလာသည်)
  • သွေးခဲများပိတ်ခြင်း
    (အဖြစ်များသောနေရာများမှာ ကျောက်ကပ်သွေးပြန်ကြောများ၊ ပေါင်သွေးပြန်ကြောများ၊ ခြေသလုံးရှိ သွေးပြန်ကြောများ၊ ဦးခေါင်းအတွင်းရှိ သွေးပြန်ကြောများတွင် တွေ့ရလေ့ရှိသည်၊ ကျောက်ကပ် သွေးပြန်ကြောများပိတ်ခြင်းကြောင့် ဆီးမထွက်ခြင်း၊ ဆီးထဲတွင်သွေးပါခြင်း ၊ ခါးနာလာခြင်း၊ ဦးခေါင်းအတွင်းရှိ သွေးပြန်ကြောများပိတ်ခြင်းကြောင့် တက်ခြင်း၊ အန်ခြင်း၊ သတိလစ်ခြင်း အစရှိသည်တို့ ဖြစ်နိုင်သည်)
  • အချို့ကလေးများတွင် သွေးပေါင်တက်ခြင်း
  • နာတာရှည် ကျောက်ကပ်ရောဂါအဆင့်သို့ ကူးပြောင်းသွားနိုင်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ​ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဆီး၊ သွေး စစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင် ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ ပြင်းထန်သော ကျောက်ကပ်ရောင် ရောဂါလက္ခဏာများဖြစ်ပါက အသက်အန္တရာယ် ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာ​ဖွေခြင်း

ကလေးများတွင် အဓိကအားဖြင့် အောက်ပါအချက် (၄) ချက်ကိုအခြေခံ၍ ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါကို ရောဂါသတ်မှတ်လေ့ရှိသည်။

  • ဆီးတွင်း အသားဓာတ်များခြင်း
  • သွေးတွင်း အသားဓာတ်နည်းခြင်း
  • ဖောခြင်း
  • သွေးတွင်းအဆီဓာတ်များခြင်း

က​လေး၏ ​ရောဂါလက္ခဏာ၊ ​ရောဂါရာဇဝင်​ပေါ်မူတည်၍ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ တချို့က​လေးများတွင် လိုအပ်လျှင် ​ကျောက်ကပ်အသားစကိုယူ၍ စစ်​ဆေးရနိုင်သည်။

​ကုသခြင်း

ဆီးတွင်းအသားဓာတ်ပါ ​​ကျောက်ကပ်​ရောင်​ရောဂါသည် ကိုယ်ခံအားစနစ်တုံ့ပြန်မှု မူမမှန်ခြင်းနှင့် ဆက်စပ်​နေတတ်သောကြောင့် ရောဂါကုသရာတွင် အဓိက​အသုံးပြုသည့်​ဆေးမှာ စတီးရွိုက် (Steroid)​ ဆေးဖြစ်သည်။ ပရက်နီစလုံး (Prednisolone) ကို အများဆုံးအသုံးပြုသည်။ ကျောက်ကပ်ရောင်ခြင်းကို လျှော့ချပေးခြင်းဖြင့် ဆီးတွင်းအသားဓာတ်ဆုံးရှုံးမှုကို ထိန်းချုပ်​ပေးသည်။
ပရက်နီစလုံး (Prednisolone) ကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သတ်မှတ်ပမာဏနှင့် သတ်မှတ် ကာလပြည့်သည်အထိ သောက်သုံးရမည်။ ရက်ခြား​သောက်ရန် လိုအပ်သည့်အချိန်များတွင် ​သေချာစွာမှတ်သား၍ ​သောက်ရန်လိုသည်။ သက်သာသည်ဟုယူဆ၍ မိမိသ​ဘောဖြင့် ရပ်လိုက်လျှင် ​ရောဂါလက္ခဏာများပြန်​ပေါ်လာခြင်း၊ ကုသရန်ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်။
ဆေး၏​ အဖြစ်များသော ဘေးထွက်ဆိုးကျိုးအ​နေဖြင့် အစားအလွန်စားခြင်း၊ ကိုယ်အ​လေးချိန်တက်လာခြင်း၊ အရေပြားပါးလာခြင်း၊ မျက်နှာဖောင်းခြင်း၊ ဗိုက်အောင့်ဗိုက်နာတတ်ခြင်း၊ ကိုယ်ခံအားလျော့နည်းခြင်း၊ ပိုးဝင်လွယ်ခြင်း စသည်တို့ ခံစားရနိုင်သည်။ ​ကူးစက်ရောဂါရှိသူများ (ဥပမာ_ ရေ​ကျောက်၊ ဝက်သက်​ပေါက်​နေသူများ) နှင့် အနီးကပ်မနေသင့်ပါ။

ခံစားနေရသော လက္ခဏာများ​ပေါ်မူတည်၍ အခြားကုသမှုများ (ဥပမာ_လိုအပ်လျှင် အသားဓာတ် (Albumin) ​ဆေးရည်သွင်းခြင်း၊ ဆီး​ဆေးများ​ပေးခြင်း၊ ပိုးသတ်​ဆေးများ​ပေးခြင်း) ပြုလုပ်ရနိုင်သည်။
အစားအ​သောက်ပုံစံနှင့်ပတ်သက်၍ က​လေး​ဖော​နေချိန်တွင် အငန်ဓာတ်​လျှော့စားခြင်း၊ အချိုမှုန့်​ ရှောင်ခြင်း၊ အဆီ​လျှော့စားခြင်း၊ ​ရေ၊ အရည်တို့ကို​ နေ့စဉ်သတ်မှတ်ပမာဏအတိုင်းသာ ​သောက်ခြင်းတို့ ပြုလုပ်ရနိုင်သည်။

ဆီးတွင်အသားဓာတ်ပါ ​​ကျောက်ကပ်​ရောင်​ရောဂါဖြစ်ပွါးသူ ကလေးအများစုသည် prednisolone ဖြင့် ကုသမှုကို ကောင်းစွာတုံ့ပြန်မှုရှိပြီး လက္ခဏာများ သက်သာပျောက်ကင်းနိုင်သည်။ အကယ်၍ prednisolone ဆေးဖြင့် တုံ့ပြန်မှုမရှိပါက အခြား​ ကိုယ်ခံအားထိန်းညှိ​ဆေးများကို အသုံးပြုရနိုင်သည်။

ရောဂါသဘာဝအရ အချို့ကလေးများတွင် ‌ရောဂါလက္ခဏာများ ပြန်လည်ဖြစ်ပွါးနိုင်သည်။ ထိုအခါ ကုသမှု ပြန်လည်ခံယူရန် လိုအပ်သည်။ ရောဂါအခြေအနေ တိုးတက်မှုကို သိနိုင်ရန် နေအိမ်တွင် နေ့စဉ် (သို့မဟုတ်) ရက်ခြား ဆီးစစ်ရန်၊ ဆီးချက်ရန် လိုအပ်သည်။ နေ့စဉ် ဆီးပမာဏ၊ ဆီးတွင်း အသားဓာတ်ပမာဏ၊ သောက်သုံးသည့် ဆေးပမာဏ စသည်တို့ကို မှတ်တမ်းတင်ထားရန် လိုအပ်သည်။

ကာကွယ်ခြင်း

ဆီးတွင်းအသားဓာတ်ပါ ​​ကျောက်ကပ်​ရောင်​ရောဂါကို ကာကွယ်နိုင်သည့် နည်းလမ်းအတိအကျ မရှိသော်လည်း ရောဂါလက္ခဏာများကို စောစီးစွာ သတိထားမိပါက ဆေးရုံ၊ ဆေးခန်းသို့ စောစီးစွာ ပြသနိုင်၍ နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်မည်ဖြစ်သည်။
ရောဂါဖြစ်ပွါးသူက​လေးများသည် ရောဂါပိုးကူးစက်လွယ်သောကြောင့် ကာကွယ်ဆေးများ (ဥပမာ_ ​အဆုတ်​ရောင်ကာကွယ်​ဆေး၊ တုပ်ကွေးကာကွယ်​ဆေးများ)ကို သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ ထိုးထားသင့်သည်။ သို့​​သော် ​ရောဂါလက္ခဏာ မထိန်းချုပ်နိုင်စဥ်ကာလ၊ ဆေးများ သောက်သုံးနေစဉ်ကာလတွင် ဝက်သက်၊ ​ရေ​ကျောက်၊ တီဘီကာကွယ်​ဆေးများ မထိုးသင့်ပါ။

References:

  1. NHS. (2024). Nephrotic syndrome in children. NHS.uk. Retrieved June 16, 2025, from https://www.nhs.uk/conditions/nephrotic-syndrome/
  2. National Institute of Diabetes and Digestive and Kidney Diseases. (2025). Nephrotic syndrome in children. Retrieved June 16, 2025, from https://www.niddk.nih.gov/health-information/kidney-disease/children/nephrotic-syndrome-children
  3. National Kidney Foundation. (n.d.). Childhood nephrotic syndrome. Retrieved June 16, 2025, from https://www.kidney.org/kidney-topics/childhood-nephrotic-syndrome
  4. Royal Children’s Hospital. (n.d.). Clinical practice guidelines: Nephrotic syndrome. Retrieved June 16, 2025, from https://www.rch.org.au/clinicalguide/guideline_index/nephrotic_syndrome/

Published: 30 August 2024

Last updated: 15 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.