Oliguria (ဆီးသွားနည်းခြင်း)

Oliguria (ဆီးသွားနည်းခြင်း)

လူကြီးတစ်ယောက်၏ တစ်ရက်တာ ပုံမှန်ဆီးပမာဏမှာ (၈၀၀ -၂၀၀၀) မီလီလီတာရှိသည်။ တစ်နေ့လုံးသွားသော ဆီးစုစုပေါင်းပမာဏသည် (၄၀၀) မီလီလီတာအောက်နည်းလျှင် သို့မဟုတ် တစ်နာရီလျှင် ဆီး (၂၀) မီလီလီတာအောက်နည်းလျှင် ဆီးသွားနည်းခြင်း (oliguria) ဟုခေါ်သည်။ ကလေးများနှင့် အသက် (၁)နှစ်အောက် ကလေးငယ်များတွင် ကိုယ်အလေးချိန်အတိုင်းအတာပေါ်မူတည်သည်။ (၁)နှစ်အောက် ကလေးငယ်များတွင် ဆီးသွားသည့်ပမာဏသည် (1ml/kg/hour) အောက်နည်းလျှင်၊ ကလေးကြီးများတွင် (0.5ml/kg/hour) အောက်နည်းလျှင် ဆီးသွားနည်းသည်ဟုခေါ်သည်။ အလွယ်ပြောရသော် (၁၀) ကီလိုဂရမ် အလေးချိန်ရှိသော (၁) နှစ်အောက် ကလေးငယ်သည် (၁) နာရီအတွင်း ဆီးသွားသည့် ပမာဏ (၁၀) မီလီလီတာအောက်နည်းလျှင် ဆီးသွားနည်းသည်ဟုခေါ်သည်။ အဓိကအကြောင်းရင်းမှာ ကျောက်ကပ်မှ ဆီးစွန့်ထုတ်နိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကျောက်ကပ်သည် ဆီးကိုစွန့်ထုတ်ပေးသော ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်သည်။ ကျောက်ကပ်သည် ၎င်းအတွင်းသို့ စီးဝင်သော သွေးထဲမှ အညစ်အကြေးများကိုဖယ်ရှားပြီး ခန္ဓာကိုယ်အတွက် လိုအပ်သည်များကို ပြန်လည်စုပ်ယူခြင်းလုပ်ငန်းကို လုပ်ဆောင်ကာ အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ်သည်။

အောက်ပါအကြောင်းရင်းများသည် ဆီးသွားနည်းခြင်းကို ဖြစ်စေသည်။

  1. ကျောက်ကပ်သို့ သွေးရောက်နည်းစေသော အကြောင်းရင်းများ (Pre-renal)
    ဥပမာ_
    • သာမန်ရေသောက်နည်းခြင်း၊ ချွေးထွက်များခြင်း
    • သွေးတွင်း အရည်ဓာတ်ဆုံးရှုံးခြင်း (ဥပမာ – ဝမ်းလျှောခြင်း၊ အလွန်အမင်းအန်ခြင်း၊ သွေးထွက်လွန်ခြင်း၊ မီးလောင်ခြင်း)
    • နှလုံးညှစ်အားနည်းခြင်း
    • သွေးဆိပ်တက်ခြင်း (sepsis)
  2. ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်ပြီး ဆီးပြုလုပ်သည့် လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေသော အကြောင်းရင်းများ (Renal)
    ဥပမာ_
    • ကျောက်ကပ်ရောင်ခြင်း (Glomerulonephritis)
    • ကျောက်ကပ်အတွင်းရှိပြွန်များ ထိခိုက်ပျက်စီးခြင်း (Acute tubular necrosis)
    • ဆေးဝါးများ (ဥပမာ – ဂျင်တာမိုင်ဆင် (Gentamicin) ထိုးဆေး၊ အကိုက်အခဲပျောက်ဆေး၊ ကင်ဆာဆေးများ၊ အချို့ သစ်မြစ်သစ်ဥမှ ထုတ်ဖော်သည့် ဆေးမြီးတိုများ)
    • အဆိပ်များ (ဥပမာ – ဒညင်းသီး၊ မြွေပွေးဆိပ်သင့်ခြင်း၊ ကိုကင်းသုံးခြင်း၊ မသန့်စင်သည့် အရက်များ)
  3. ကျောက်ကပ်တွင် ဆီးဖြစ်ပြီးနောက်ပိုင်း ဆီးပို့ပြွန်၊ ဆီးအိမ်၊ ဆီးထွက်ပေါက်ထိ ဆီးသွားရာ လမ်းကြောင်းတလျှောက် ပိတ်ဆို့မှု (Post-renal)
    • ဆီးပြွန်တွင် ကျောက်တည်ခြင်း
    • ဆီးအိမ်အထွက်တွင် ပိတ်ခြင်း (ဥပမာ – ဆီးကျိတ်ရောင်ခြင်း၊ ဆီးကျိတ်ကင်ဆာ၊ ဆီးကျောက်ပိတ်ခြင်း)

ဖြစ်နိုင်ခြေများသူများ

အသက်အရွယ်မရွေးတွင် ဖြစ်နိုင်သော ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ အထူးသဖြင့် ကျောက်ကပ်ရောဂါအခံရှိသူများတွင် ပိုဖြစ်နိုင်သည်။ ဆေးရုံတက်နေသူများ၊ ကျောက်ကပ်ဆေးသူများ၊ အသက်ကြီးသူများတွင်လည်း ပိုဖြစ်နိုင်သည်။

ယှဉ်တွဲလာတတ်သော လက္ခဏာများ

ဆီးသွားနည်းခြင်းသည် ဆီးအိမ်အထွက်တွင် ပိတ်နေခြင်းကြောင့် ဖြစ်ပါက လူနာသည် ဆီးအိမ်တင်းခြင်း၊ ဆီးစပ်အောင့်ခြင်း၊ ဆီးသွားချင်စိတ်ဖြစ်ပေါ်ခြင်း ရှိနေနိုင်သည်။

ထိုသို့မဟုတ်ပါက ဆီးသွားနည်းခြင်းသည် ကျောက်ကပ်တွင် ဆီးမဖြစ်ပေါ်ခြင်းကြောင့် ဖြစ်သည်။ ထိုအခါ အောက်ပါလက္ခဏာများနှင့် တွဲ၍တွေ့ရနိုင်သည်။

  • သွေးပေါင်ကျခြင်းရှိလျှင် ခန္ဓာကိုယ်တွင်း အရည်ဆုံးရှုံးနေခြင်း ဖြစ်နိုင်သည်။
  • ဖျားနေလျှင် သွေးပိုးဝင်ခြင်း ဖြစ်နိုင်သည်။
  • မောနေလျှင် နှလုံးညှစ်အားနည်းခြင်း ဖြစ်နိုင်သည်။
  • ရေဖျဉ်းရှိလျှင် အသည်းရောဂါကြောင့် ဖြစ်နိုင်သည်။
  • ဆီးထဲ သွေးပါလျှင်၊ အမြှုပ်ပါလျှင် ကျောက်ကပ်ရောင်ခြင်း ဖြစ်နိုင်သည်။
  • ခါးနာလျှင် ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်နိုင်သည်။
  • ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ နုံးချည့်နေခြင်းတို့သည် ဆိုဒီယမ် ဆားဓာတ်နည်းသော လက္ခဏာများ ဖြစ်နိုင်သည်။
  • ရင်တုန်ခြင်း၊ အားမရှိခြင်းတို့သည် ပိုတက်ဆီယမ်ဓာတ် များနေခြင်းကြောင့် ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ဆီးနည်းခြင်းနှင့် အထက်ပါရောဂါလက္ခဏာများဖြစ်ပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါရာဇ၀င်ကို သေချာစွာ မေးမြန်းခြင်း၊ စမ်းသပ် စစ်ဆေးခြင်းများ ပြုလုပ်ရမည်။ ထို့နောက် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ကျောက်ကပ် (သို့မဟုတ်) ဆီးအိမ်ကို ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းတို့ကို လိုအပ်သလို လုပ်ဆောင်လိမ့်မည်။

ကုသခြင်း
  • သာမန်ရေဓာတ်နည်းခြင်းကြောင့် ဆီးနည်းပါက ရေဓာတ်ပြန်လည် ဖြည့်တင်းပေးလျှင် သက်သာနိုင်သည်။
  • ဆီးအိမ်ထွက်ပေါက် ပိတ်နေပါက ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်နှင့် ပြသ၍ ဆီးပိုက်ထည့်ခြင်း၊ ဆီးလမ်းကြောင်းလွှဲခြင်းတို့ကို ပြုလုပ်ရနိုင်သည်။
  • ကျောက်ကပ်မှ ဆီးဖြစ်ပေါ်ခြင်းနည်းပါက ဖြစ်စေသောအကြောင်းရင်းပေါ် မူတည်၍ ကုသမှုပေးခြင်း (ဥပမာ – ရောဂါပိုးရှိလျှင် ပဋိဇီဝပိုးသတ်ဆေးပေးခြင်း၊ ကျောက်ကပ်ထိစေသော ဆေးများ သောက်သုံးနေလျှင် ရပ်ခြင်း၊ ဆီးလမ်းကြောင်းတွင် ပိတ်ဆို့မှုဖြစ်လျှင် ဖယ်ရှားခြင်း)များ ပြုလုပ်နိုင်သည်။
  • အချို့ကျောက်ကပ်ပျက်စီးသူများတွင် ကျောက်ကပ်ဆေးခြင်း လိုအပ်နိုင်သည်။
  • လိုအပ်ပါက တစ်နေ့တာအတွက် စားသုံးရမည့် အသားဓာတ်နှင့် ကယ်လိုရီပမာဏကို ဆရာဝန်မှ တွက်ချက်၍ စားသုံးစေမည်။
ကာကွယ်ခြင်း
  • ဝမ်းလျှောခြင်း၊ အန်ခြင်းဖြစ်လျှင် အရည်ကို တတ်နိုင်သလောက်ဝင်အောင် သောက်သုံးပါ။ ဆီးနည်း သွားခြင်း ရှိမရှိ ဂရုပြုစောင့်ကြည့်ပါ။
  • ကျောက်ကပ်၊ နှလုံးရောဂါအခံရှိလျှင် ကုသမှုခံယူနေသောဆရာဝန်၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပါ။

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.